မှတ်စုမှတ်တမ်း

ဝင်းအောင်ကြီး – ၁၉၂၀၊ ၁၉၃၆ နှင့်ယခု ကျောင်းသားသပိတ်

ဝင်းအောင်ကြီး – ၁၉၂၀၊ ၁၉၃၆ နှင့်ယခု ကျောင်းသားသပိတ်

(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄

မြန်မာပြည်မှာ အင်္ဂလိပ်အစိုးရ၏ ပညာရေးစနစ်ကို မကျေနပ်၍ ၁၉၂၀ ပြည့်နှစ်တွင် ပထမ ကောလိပ်သပိတ်ပေါ်ခဲ့၏။ ကိုဘဦးနှင့် ကျောင်းသား ၁၀ ယောက်က ခေါင်းဆောင်ကာ ရန်ကုန်ယူနီဗာစတီ၊ ဂျပ်ဆင်ကောလိပ် ကျောင်းသားများ သပိတ်မှောက်ကြခြင်းဖြစ်သည်။ ပေါ်လာမည့် ရန်ကုန်တက္ကသိုလ်တွင် တောင်းဆိုချက်များကို ထည့်သွင်းပေးရသည်။ သပိတ်မှောက်ကျောင်းသားတွေထဲက သခင်မြ၊ ဦးထွန်းဖေ စသူတို့ ပေါ်ထွက်လာ၏။

ဆရာကြီး ဦးလွန်း (သခင်ကိုယ်တော်မှိုင်း)၊ ဒီးဒုတ်ဦးဘချို တို့ဦးဆောင်သည့် အမျိုးသားကော်လိပ် ဖွင့်ဖို့ပြင်ဆင်ကြသည်။ အမျိုးသားကျောင်းများပေါ်လာပြီး၊ ကျောင်းအုပ်ကြီးများကိုယ်တိုင် လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လာသည်။ ဥပမာ ဦးရာဇတ် (မန္တလေး) ဦးဘ၀င်း (ရေနံချောင်း)။ ခေတ်အဆက်ဆက် ရပ်တည်လာခဲ့နိုင်သော်လည်း စစ်အစိုးရလက်ထက် ပြည်သူပိုင်သိမ်းလိုက်တော့မှ အမျိုးသားကျောင်းများ ပျောက်ကွယ်သွားရ၏။

၁၉၃၆ ခု၊ တကသ အိုးဝေမဂ္ဂဇင်းမှ Hell Hound at large ဆောင်းပါးရှင် ဘယ်သူလဲဆိုတာ ထုတ်မပြောလို့ အယ်ဒီတာ ကိုအောင်ဆန်းကို အရေးယူရာကနေ ဒုတိယ ကောလိပ်သပိတ်ပေါ်ခဲ့၏။ သပိတ်မှောက်ကျောင်းသားတွေထဲက ကိုအောင်ဆန်း (အမျိုးသားခေါင်းဆောင်ကြီး)၊ကိုနု (မြန်မာပြည်၏ ပထမဆုံး ၀န်ကြီးချုပ်)၊ ကိုလှဖေ (လက်ျာ ဖရီးမင်း စာချုပ်လက်မှတ်ရေးထိုသူ)၊ ကိုသိန်းဖေ (ဗြိတိသျှကိုလိုနီမှ ပထမဆုံး ကွန်မြူနစ်ဝန်ကြီး)၊ ကိုသာလှ (ပါမောက္ခချုပ်)၊ ကိုတီကလစ် (လေတပ် ဗိုလ်မှူးချုပ်)၊မအမာ (လူထု) စသဖြင့် နောင်အထင်ကရ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာခဲ့သည်။

သပိတ် ကျယ်ဝန်းသွား၍ နိုင်ငံအနှံ့ ပေါ်ထွက်လာသော ကျောင်းသားသမဂ္ဂများ ညီလာခံကျင်းပကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းသောအခါ၊ ကိုရာရှစ်က ဥက္ကဌဖြစ်လာ၏။မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအတွက် အရေးကြီးအခန်းကပါဝင်ခဲ့ အထောက်အကူပြုခဲ့၏။

ဤဆောင်းပါးတိုလေးတွင် နေရာမပေးနိုင်၍ အချက်အလက်များစွာ ချန်ထားခဲ့ရသည်။ ပိုပြီးသိချင်လျှင် ရှာဖတ်ကြပါလို့ တိုက်တွန်းပါရစေ။

လက်ရှိပညာရေး အပေါ်မကျေနပ်၍ မှောက်နေသော လက်ရှိသပိတ်အခြေအနေကိုတော့ စာဖတ်သူတို့ လောက်သာသိလို့ အချက်အလက်များ ရေးဖို့မလိုပါ။ မြန်မာ့သမိုင်းတွင် ကျောင်းသားသပိတ်သည် အမျိုးသားရေးကိုပါ ဂယက်ရိုက်စေမြဲမို့ ယနေ့မြန်မာပြည်က လူတွေနှင့်ဆက်စပ်တွေးကြည့်ကြရအောင်။

ဘယ်ကိုလျှောက်လို့ ဘယ်ကိုရောက်မှန်းမသိနှင့် လမ်းပျောက်နေသူများ၊ မှိုင်းမိနေ၍ ခိုင်းသမျှလုပ်နေကြသူများ၊ ရည်မှန်းချက်မရှိ၍ ဝေလေလေနှင့် အချိန်ကုန်နေသူများ၊ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းနေကြသူများ စသဖြင့် အိပ်မှုန်စုံမွှား မြန်မာပြည်သူမျာ နိုးထလာရေး ခွတ်ဒေါင်းနီတို့၏ စဉ်အလာနှင့်အညီ ယခုကျောင်းသပိတ်က တပ်လှန့်ပေးနိုင်လျှင် ကောင်းလေစွဟု မျှော်လင့်မိကြောင်းပါခင်ဗျာ။

ကျနော် ၀င်းအောင်ကြီးပါ၊

၂၀၁၄ ခု၊ နိုဝင်ဘာလ ၁၆ ရက် (အမျိုးသားနေ့)။

ဓာတ်ပုံ – Irrawaddy News Online – htttp://irrawaddy.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts