သာထက်အောင် – လေးစားသင့်သော ဟောပြောပွဲယဉ်ကျေးမှု

December 16, 2014

သာထက်အောင် – လေးစားသင့်သော ဟောပြောပွဲယဉ်ကျေးမှု
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄

တလောက NLD ပြန်ကြားရေးတာဝန်ခံ စာရေးဆရာဆိုသူတယောက်ရဲ့ ဟောပြောပွဲဂယက်က အွန်လိုင်းမှာ တော်တော်လေး ပူညံပူညံအသံ ကြားရပါတယ်။

စာပေဟောပြောပွဲတွေ ဘယ်အချိန်ကစလို့ ဘယ်သူက အစပျိုး ဦးဆောင်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် ကာလအားဖြင့် အတော်ကြာပြီလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ရဟန်း သံဃာတော်တွေရဲ့ တရားပွဲတွေ၊ တချိန်က ကျေးလက်တွေမှာ ထွန်းကားခဲ့တဲ့ စာဟောကွက်စိပ်ပွဲတွေ ဒါတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မြန်မာလူထုအဖို့ စာရေးဆရာတွေရဲ့ ဟောပြောပွဲတွေ နားထောင်ဖို့ သိပ်ခဲယဉ်းတဲ့ အလုပ်မဟုတ်ပါဘူး။

ဒီလိုရေခံမြေခံမှာ နှစ်ပေါင်း ၅၀ ကျော် စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရပြီး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ဘ၀နဲ့ လေသံတောင် မသလပ်ရဲတဲ့အချိန်မှာ စာရေးဆရာတွေက စင်ပေါ်ကနေ စစ်အစိုးရကို ဝေဖန်လှောင်ပြောင်သံကြားရရင် တယ်လည်း အရသာရှိသကိုး။ အာသာပြေသကိုး။

ဒီလိုနဲ့ စာပေဟောပြောပွဲတွေ ထွန်းကားလာလိုက်တာ ခုဆို သွားရေးလာရေး ခက်ခဲလှတဲ့ ကျေးလက်တွေကအစ စာပေဟောပြောပွဲဆိုတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပါပြီ။ စာရေးဆရာတွေလည်း ရေးတာကနည်းနည်း၊ ဟောတာက များများ၊ စာရေးဆရာမဟုတ်တော့ဘဲ စာဟောဆရာလို့ ခေါ်ရမယ့် “စာပေကြာနီကန်” တွေလည်း ဟောတယောက်၊ ဟောတယောက် ပေါ်လာပါတယ်။ ခုဆို မြန်မာပြည်နံတလျားသာမက ပြည်ပခရီးတွေတောင် တဒီးဒီးထွက် ဟောနေကြတာ သြစတြေးလျက ဆစ်ဒနီမှာတောင် ဒုတိယအကြိမ်မြောက် ၀ှဲချီး ကျင်းပပြီးပါပြီ။

စာရေးဆရာဆိုတာကလည်း မတထောင်ဘွားထဲက လာတာမို့ တော်သူရှိသလို ညံ့သူလည်း ရှိမှာပါပဲ။ သီချင်းဆိုကောင်းတဲ့ စာရေးဆရာ၊ ဟာသအပြောကောင်းတဲ့စာရေးဆရာ၊ စစ်အစိုးရကို များမျာကလော်တုတ်နိုင်မှ လက်ခုပ်သံရမယ်ထင်လို့ ကလော်တုတ်တဲ့ စာရေးဆရာ၊ မသိမသာကိုယ်ရည်သွေးနေတဲ့ စာရေးဆရာ … ထားပါတော့လေ။ အမျိုးမျိုးပေါ့။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာအောင်သင်းတို့၊ ဆရာမောင်သော်ကတို့၊ ဦးကိုယု (ခေါ်) ဆရာမောင်သစ်တို့၊ ဆရာကွေးတို့ဆိုတာ ဟောပြောပွဲ ချန်ပီယံတွေ ဖြစ်ခဲ့ဖူးပါတယ်။ အခုဒီဘက်ခေတ်မှာဆိုရင် ဆရာချစ်ဦးညို၊ နေ၀င်းမြင့်၊ မောင်သာချို၊ အော်ပီကျယ် စသူတို့ ထင်ရှားလာပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လည်း သူတို့အတိုင်းအတာနဲ့ နိုင်သလောက် အကျိုးပြုနေတာမို့ မုဒိတာမပွားနိုင်စရာ အကြောင်းမရှိပါဘူး။

အဲသလို ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမားကြီး ထွန်းကားလာတဲ့ ဟောပြောပွဲတွေမှာ ပြောစရာအချို့ ရှိလာပါပြီ။ ဒါကတော့ “ဟောပြောပွဲယဉ်ကျေးမှု” ပါပဲ။

ဟောပြောပွဲယဉ်ကျေးမှုကို ဟောသူရော နာသူပါ လေးစားလိုက်နာရပါမယ်။ ဟောပြောပွဲတခု ကျစ်ကျစ်လစ်လစ် အဆင်ပြေပြေ၊ ချောချောမောမော အောင်မြင်ဖို့ဆိုတာ ဟောသူမှာတင်မဟုတ်ပါဘူး၊ စင်အောက်က နာသူမှာလည်း တာဝန်ရှိပါတယ်။

မူးမူးရူးရူးနဲ့ စင်ပေါ်တက်လာ၊ သမီးအရွယ် တူမအရွယ်များ ကြားရန်မသင့်တဲ့ ချက်အောက်ပြက်လုံးတွေ ထုတ်လိုထုတ်၊ ဒီစာရေးနေတုန်း သတိရတာလေးတခု ရေးပြချင်ပါတယ်။ ကြာတော့ ကြာပါပြီ။ ၈လေးလုံးမတိုင်ခင်ကပါ။ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာတယောက်က စင်ပေါ်တက်ပြီး (မူးကလည်း မူးနေ) ကျနော်က ရုပ်ရှင်မင်းသားဆိုပေမယ့် ဒါဝါသနာမပါဘူးဗျ၊ (လက်ညိုးနဲ့ လက်မထိပ် ထိပြပြီး) ၀ါသနာမပါတော့ မစားရဘူးပေါ့ပေါ့။ ဘာညာနဲ့ အမူအယာနဲ့ပါ ညစ်ညမ်းပြနေတော့ အဲဒီဟောပြောပွဲမှာ အတူဟောပြောနေတဲ့ ဆရာမောင်သော်က တော်တော် ဒေါသဖြစ်ပြီး မဂ္ဂဇင်းတစောင်ကနေ အဲဒီအဆိုတော် စာရေးဆရာကို ပက်ပက်စက်စက်ရေးပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီခေတ်တုန်းက ရှိခဲ့တဲ့ စာပေလုပ်သားအဖွဲ့ (စည်းကမ်းထိန်းသိမ်းရေးကော်မီတီက) ဆရာမောင်သော်ကကို ခေါ်ယူသတိပေးခဲ့တာ ခုထိမှတ်မိပါသေးတယ်။ ခုတော့ သူတို့လည်း ကွယ်လွန်ကုန်ပါပြီ။

စင်ပေါ်တက်လာတဲ့ စာရေးဆရာတယောက်အဖို့ အမြဲနှလုံးသွင်းထားရမှာက စင်အောက်မှာ နားထောင်နေတဲ့သူတွေဟာ ကိုယ့်အဖေအရွယ်၊ အဖိုးအရွယ်၊ အမေအရွယ်တွေပါနိုင်တယ်။ ရဟန်းပညာရှိ- လူပညာရှိတွေ ပါနိုင်တယ်၊ ကိုယ့်ထက် စာပေအရာ ဘဝအတွေ့အကြုံအရာ- ဗဟုသုတအရာ အများကြီးသာတဲ့သူတွေ ပါနိုင်တယ်၊ ထို့အတူ ခေါင်းရွက်ဗြပ်ထိုးဈေးသယ်- လက်လုပ်လက်စား-ဆိုက်ကားသမား-ပါနိုင်တယ်၊ သေချာတာက အားလုံးဟာ လူတွေဖြစ်တယ်၊ လေးစားရမယ်၊ အဂါရဝ ပုံစံဝင်နေတဲ့ အပြောအဆိုအသုံးအနှုန်း- အမူအယာ- လေယူလေသိမ်းလုံးဝမဖြစ်စေရဘူး၊

အထက်ကပြောခဲ့တဲ့ ဂယက်ထတယ် ဆိုတဲ့ NLD က စာရေးဆရာရဲ့ ဟောပြောပွဲကို နားထောင်ကြည့်တော့-“မှတ်ထား-ခင်များတို့ဘုရားက ဗမာမဟုတ်ဘူး၊ ကချင်မဟုတ်ဘူး၊ ရခိုင်မဟုတ်ဘူး-……သာကီဝင်ဆိုတာ ကိုယ့်နှမကိုယ်ပြန်ယူတာ၊ ကိုယ့်မောင်ကိုယ်ပြန်ယူတာ၊ ဒင်းတို့ ကိုယ့်နှမကိုယ်ပြန်ယူမလါး…..” ပြောတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ဘာမှမဆွေးနွေးလိုပါဘူး။ ကျွန်တော်ထက် ပိုသိပိုတတ်တဲ့ ရဟန်းပညာရှိ လူပညာရှိတွေ ရှင်းပါလိမ့်မယ်၊

ပြောချင်တာက ဟောပြောပွဲ ယဉ်ကျေးမှုပါ၊ ဒီဆရာလေးခမြာ ဟောပြောပွဲယဉ်ကျေးမှုကို နားလည်ပုံမပေါ်ဘူး- ကျူရှင်ဆရာတယောက် သူ့အတန်းက ၉တန်း၊ ၁၀တန်းကျောင်းသားကို စာသင်သလိုမျိုး ဟောက်သလိုလို ငေါက်သလိုလိုပြောနေတာပါ၊ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအယာ- ဂါရဝတရား- သူနားလည်ပုံမပေါ်ဘူး၊ စင်အောက်က ငုတ်တုတ်ထိုင်နားထောင်တူတွေ အထဲမှာ သူ့အမေအရွယ်- အဖေအရွယ်တွေ အများကြီးဆိုတာ သူဆင်ခြင်မိပုံမပေါ်ဘူး၊ သူတင်လားဆိုတော့ မဟုတ်ပါဘူး၊ အဲသလိုစတိုင်မျိုးနဲ့ ဟောတတ်တဲ့ မြန်မာစာရေး ဆရာတွေရှိပါသေးတယ်။ နံမည်တွေနဲ့ထုတ်ပြောရရင် ပုဂ္ဂိုလ်ရေးတွေ ဖြစ်မှာစိုးလို့ မရေးတော့ပါဘူး၊၊

တလောက ရွှေပြည်ကြီးကိုလာသွားတဲ့ အမေရိကန်သမ္မတ အိုဘာမားက တက္ကသိုလ်ထဲက စိန်ရတုခန်းမမှာ လူငယ်တွေနဲ့တွေ့ဆုံ ဟောပြောခဲ့ပါတယ်၊ အိုဘားမားပြောာတွေ သဘောတူတာ၊ မတူတာကတပိုင်းပါ၊ မောက်မာတဲ့အမူအယာ၊ ရိုင်းစိုင်းတဲ့အမူအယာ၊ မထေမဲ့မြင်အမူအယာမျိုး လုံးဝမတွေ့ရဘူးဆိုတာကိုတော့ သတိထားဖို့လိုပါတယ်။ ကမ္ဘာထိပ်တန်းနိုင်ငံကြီးက သမ္မတက အပြောအဆို ရိုကျိုးသလောက် ရွှေပြည်ကြီးက မမြောက်မခြောက် စာရေးဆရာတွေက မိုက်ရိုင်းပြနေတာတွေဟာ တကယ်တော့ ရှက်ဖို့ကောင်းပါတယ်၊ အခုလို အများပြည်သူကို စင်ပေးကနေ ဟောပြောနေတာ မပြောနဲ့- ဆစ်ဒနီရောက်စက ဟိုတယ်ကြီးတခုရဲ့ FOOD COURT မှာ ဈေးရောင်းရင်း ပီကေဝါးနေလို့ မန်နေဂျာက ကျွန်တော့ကို တိုးတိုးခေါ်ပြီး ပီကေမဝါးဖို့ ဝင်ပြောပါတယ်၊ ပီကေဝါးရင်းဈေးရောင်းတာဟာ Customer ကိုမလေးစားရာရောက်ပါသတဲ့။

ဟောပြောပွဲယဉ်ကျေားမှုကို လေးစားဖို့ဆိုတာ ဟောသူမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး၊ နာသူမှာလည်း တာဝန်ရှိပါတယ်။ ဆစ်ဒနီမှာလုပ်တဲ့ ပွဲတချို့( အတော်များများမှာ) ပရိသတ်ရဲ့ အားနည်းချို့ယွင်းချက်တွေ မကြာမကြာတွေ့ရပါတယ်။ မြန်မာပွဲတချို့တွေမှာ နိုင်ငံရေးပါတီက အမတ်များ လာစကားပြောတာတွေရှိသလို- တချိုက ကောင်ဆယ်လာကိုယ်တိုင်လာချီးမြှင့် စကားပြောတွေလည်းရှိပါတယ်။ သူ့ဖာသာ ဘာကြီးပြောပြော ဒို့ကတော့ ပြောချင်ရာပြောမှ ပဲဆိုတဲ့ အတွေးအခေါ်နဲ့ အချင်းချင်းတွတ်ထိုးလိုက်၊  ဟီလာတိုက်လုပ်လုပ်နေတာတွေ ရွှေမြန်မာများမှာ တွေ့ရပါတယ်။ စင်ပေါ်ကဟောသူကို လေးစားသောအားဖြင့် နားထောင်ပေးဖို့ စင်အောက်ကလူမှာတာဝန်ရှိပါတယ်။ စင်ပေါ်ကဟောသူရဲ့ အယူအဆကို လက်မခံနိင်လို့ ဟောသူရဲ့ ကိုယ်ရည်သွေးတီးလုံးတွေ နားမထောင်ချင်လို့(ကုန်ကုန်ပြောရရင်) သောက်မြင်ကပ်လို့ နားမထောင်ချင်ရင် ထွက်သွားလို့ရပါတယ်၊ ဒါပေမယ့်… ခန်းမထဲထိုင်ပြီး အနှောင့်အယှက်ဖြစ်လောက်အောင် နေထိုင်ပြုမူရင်ဖြင့်- ဒီလူဟာ မယဉ်ကျေးသူတယောက်လို့ ပြောရမှာပါပဲ။

သာမန်လူတယောက်လောက်တောင် ဗဟုသုတမရှိ၊ သာမန်လူတယောက်လောက်တောင် ယဉ်ကျေးဖွယ်ရာမှုမရှိတဲ့လူက စင်ပေါ်တတ်ပြီး ငါ့စကာားနွားရ ပြောနေတာတွေ ကြားရဖန်များတော့- ကြာရင်….ဟောပြောပွဲဆိုတာတွေကို လူတွေအယုံအကြည်ကင်းလာမှာ စိုးရပါတယ်။ ခုချိန်ထိတော့….ဗွက်ပေါက်နေတဲ့ မြန်မာနိုင်ငံရေး၊ ထင်ရာစိုင်းနေတဲ့ အုပ်ချုပ်မှုအောက်မှာ ပြောစရာ၊ ဝေဖန်စရာတွေကများနေကျတော့- စင်ပေါ်တတ်ပြီး ပြောရဲ ဟောရဲ ဖော်ထုတ်ရဲရင် ပရိသတ်ရဲ့ လက်ခုပ်သံကတော့ ရနေမှာပါပဲ။ အဲသလိုဟောရင်း ပြောရင်း က ဖော်ထုတ်ရင်းနဲ့ ဟောပြောပွဲယဉ်ကျေးမှုဆိုတာ ဘာလဲဆိုတာလေး နှလုံးသွင်းပြီး ဟောကြရင် ပိုအဆင်ပြေလိမ့်မယ်ထင်ပါတယ်။

၂၆၊ နိုဝင်ဘာ၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

6 Responses to သာထက်အောင် – လေးစားသင့်သော ဟောပြောပွဲယဉ်ကျေးမှု

  1. Ashin Osadha on December 16, 2014 at 12:52 pm

    Yes. I really agree with you. Mutual respect is very important.

  2. ko zaw on December 16, 2014 at 7:11 pm

    That is really guide for me to change my talk style. Respect others even they are enemies.

  3. San Hla Gyi on December 16, 2014 at 9:19 pm

    ဟုတ်ပါတယ်ဗျာ။ ပုံစံခွက်ထဲကနေ ဖောက်ထွက်တဲ့ ဒီဆောင်းပါးကလည်း သိသင့်တာလေးတွေကို ရေးထားတာပါပဲ။ တချို့ကလည်း အစိုးရက ကလော်တုတ်ရင် လူကြိုက်တယ် ဆိုပြီး ဒါပဲ လုပ်နေကြတယ်။ အဲဒါ စာရေးသူအတွက် သိပ်လက်ပျက်တယ် ခင်ဗျ။ ကျနော်ပြောတာ မဟုတ်ပါဘူး။ ဟိုတလောက ကွယ်လွန်သွားတဲ့ ဆရာ ဦးအောင်သင်းကိုယ်တိုင် ပြောခဲ့တာပါ။ အစိုးရ အပြစ်တွေက အများကြီးပဲ ဆိုတော့ ပြောရတာ လွယ်တယ်လေ။ သိပ်စဥ်းစားစရာ မလိုပဲ လွယ်လွယ်ရေးလို့ ရနိုင်ပါတယ်။ အခုလည်း အဲဒီ ပုံစံခွက်ထဲမှာ အများကြီးပဲ။ စာရေးဆရာတွေ ကိုယ်တိုင်ရော စဉ်းစားမိရဲ့လား မသိဘူး။
    သရော်စာတို့ ရသတို့ ရေးတဲ့ လူတွေကတော့ တိုက်ရိုက်ပြောတာ မဟုတ်တော့ သွယ်ဝိုက်ပြီး ပြောရတာ ခက်လည်းခက်တယ်။ လူတိုင်းလည်း နားမလည်ပြန်ဘူး။ အဲဒီလိုင်းလည်း ရေးမယ့်လူ ရှားလာတယ် ထင်တာပဲ။ ပညာသည်ချင်းတော့ ဒီလို အပိုင်းရေးရတဲ့ လူတွေ ဘယ်လောက် အားစိုက်ရတယ် ဆိုတာ သိကြမှာပါ။

    • ပါကြီးဖိုး on December 17, 2014 at 6:22 am

      ထင်ရာစိုင်းတဲ့ အုပ်ချုပ်သူတွေအတွက်တော့ ဘယ်စာအမျိုးအစားဖြစ်ဖြစ် ကျွဲပါးစောင်းတီးပဲ ဖြစ်နေမယ် ထင်ပါတယ်။
      လူထုကတော့ စစ်ဗိုလ်တွေ အာဏာပိုင်ဆိုသူတွေရဲ့ ပုံစံခွက်ထဲက အမှာစကားတွေ မိန့်ခွန်းတွေကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက် ဆယ်စုနှစ်ချီ နားထောင်ခဲ့ရပါတယ်။ နားထောင်နေရဆဲလည်း ဖြစ်ပါတယ်။
      လူထုဘက်ရပ်တည်တဲ့ စာရေးဆရာတွေကတော့ အန္တရာယ်ကြားမှ အခွင့်ရသလောက် အရဲစွန့်ကာ ထောင်နှုတ်ခမ်းပေါ်ကနေ တန်ပြန်ရေးသားဟောပြောနေကြတယ်လို့ မြင်ပါတယ်။
      စင်ပေါ်တက်ပြီး ဟောရဲ ပြောရဲကြသူတွေဟာ ပရိတ်သတ်လက်ခုပ်သံတခုတည်းကို မျှော်လင့်ကြသူတွေမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
      အကြောက်တရားအောက်မှာ ဆယ်စုနှစ်ချီ နေလာခဲ့ကြရသူ၊ ပညာကို ကောင်းစွာသင်ခွင့် မရခဲ့ကြသူ၊ တဝမ်းတခါးအတွက် နေဝင်မိုးချုပ် ရုန်းကန်နေကြရသူ လူထုကြီးအတွက်တော့ ထိထိမိမိ ရှင်းရှင်းလင်းလင်း မသွယ်မဝိုက် ဟောပြောရေးသားပေးကြတဲ့ စာရေးဆရာတွေကြောင့် အသိဥာဏ်တွေပွင့် အကြောက်တရားတွေကို အတိုင်းအတာတခုအထိ ဖယ်ရှားစေနိုင်ခဲ့တယ် ထင်ပါတယ်။ သူတို့အနေနဲ့ သရော်စာတွေ ရသစာပေတွေကိုလည်း အေးအေးလူလူ အချိန်ပေးဖတ်ရှုခံစားနိုင်မယ် မထင်မိပါ။
      သရော်စာတွေ ရသစာပေတွေကို ဖတ်ရှုခံစားနားလည်နိုင်ကြတဲ့ စာဖတ်ပရိတ်သတ်အတွက်လည်း ထိုစာပေမျိုး လိုအပ်ပါတယ်။

      • San Hla Gyi on December 17, 2014 at 9:19 pm

        မတူတဲ့ အမြင်တွေ ဆိုတာတော့ ရှိစမြဲပါပဲ။ တကယ်တော့ မြန်မာပြည်မှာ အတိုင်းအတာ တခုအထိ လွတ်လပ်စွာ ရေးသားခွင့် ဟောပြောခွင့် ရလာတာ မကြာသေးပါဘူး။ လူထုကြီးအနေနဲ့ စာရေးသူတွေက အစိုးရကို ထိထိမိမိ မသွယ်မဝိုက် ခဏခဏ ကလော်တုပ်ပေးမှ ဝေဖန်ပေးမှ အသိဥာဏ်တွေပွင့် အကြောက်တရားတွေ ဖယ်ရှားနိုင်မယ် ဆိုရင် ၁၉၈၈အရေးတော်ပုံတို့ ရွှေဝါရောင် အရေးအခင်းတို့မှာ လူထုကြီးက အင်တိုက်အားတိုက် ပါဝင်စရာကို အကြောင်းမရှိပါဘူး။ အဲဒီရှေ့က မဆလခေတ်က အရေးတော်ပုံတွေဆို ပိုဆိုးပါတယ်။ အဲဒီတုန်းက ဘယ်သူမှ ဗြောင်ကလော်တုပ်ခွင့် မရပါဘူး။ နောက်ပြီး စာကို စကားကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြတ်သားစွာ ပြောတာနဲ့ ဗြောင်ကလော်တုပ်တာ တော်တော် ကွာတယ်လို့ ထင်ပါတယ်။ အစိုးရကို မဝေဖန်ရဘူးလို့ မဆိုလိုပါဘူး။ တကယ် ပညာပါရင် သရော်စာ တပုဒ်တည်းနဲ့ သက်ဆိုင်သူတွေ ဆွေ့ဆွေ့ခုန် စိတ်ဆိုးတာကို မြင်ဖူးပါတယ်။ နောက်ပြီး စာရေးသူ ဆိုတာ စာဖတ်သူ သိသင့်တယ် ထင်တဲ့ အကြောင်းအရာကို သူစိတ်ဝင်စားလာအောင် နည်းလမ်းမျိုးစုံ သုံးပြီး ရေးလို့ရတယ်လို့ မြင်လို့ပါ။ အဲဒီနေရာမှာ ယဉ်ကျေးတဲ့ နည်းလမ်းဆိုရင် ပိုကောင်းပါတယ်။ စာရေးသူ ဆိုတာ စာဖတ်များတဲ့ အတွက် ဥာဏ်ကြီးပြီးသားပဲ မဟုတ်လား။

        • ပါကြီးဖိုး on December 18, 2014 at 6:47 am

          သာမာန်လူတွေ လက်လှမ်းမမှီနိုင်တဲ့ အကြောင်းအရာတွေကို ပြည်တွင်းပြည်ပစာနယ်ဇင်းတွေရဲ့ ဖွင့်ချရေးသားမှုတွေကြောင့် အများပြည်သူ သိခွင့်ရကြတယ်။ အာဏာရှင်စနစ်ရဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တာဟာ လူထုအသိဥာဏ်ပွင့်မှာကို ကြောက်လို့ပဲ မဟုတ်လား။ ယခုသတင်းလွတ်လပ်ပါတယ်ဆိုတာက အစပဲ ရှိပါသေးတယ်။ စာနယ်ဇင်းပေါ်ကို မရောက်လာနိုင်တဲ့ အကြောင်းအရာတွေလည်း များစွာ ရှိပါသေးတယ်။ တဖက်ကလည်း တန်ပြန်ရေးနေကြတယ်။ အဲဒီတော့ သရော်စာတမျိုးတည်း လုံလောက်မယ် မထင်ပါဘူး။ သွယ်ဝိုက်ချည်း ရေးနေလို့ ထိရောက်မယ် မထင်ပါဘူး။ သိသင့်သိစရာတွေ များလာပါပြီ။ လူထုဖက်က ကျယ်ကျယ်ပြန့်ပြန်သိလေ အသိပညာမြင့်လေ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလေပဲ မဟုတ်လား။ ၈၈ လို ရွှေဝါရောင်လို အရေးအခင်းတခုခု ပေါ်ပေါက်လာဖို့ အဲဒီလိုရည်ရွယ်ချက် တခုတည်းအတွက် ဟောပြောရေးသားနေကြတယ်လို့ မမြင်ပါဘူး။

Archives