ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော – အညတြစစ်သည်များ ဗိမာန်

လှကျော်ဇော – အညတြစစ်သည်များ ဗိမာန်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၄

photo source: framework.latimes.com

ရွှေတိဂုံမြောက်ဖက်စောင်းတန်းနားမှာရှိတဲ့ “အညတြစစ်သည်များဗိမာန်” (ယခု “သူရဲကောင်းစစ်သည်များဗိမာန်”လို့အမည်ပြောင်းထား) ကို ဘယ်တုန်းကမှ ဘယ်သူမှ အရေးတယူလုပ်တာမရှိပါဘူး။ ကျွန်မတို့ငယ်ငယ်ရောက်ဖူးစဉ် (၁၉၆၀ ခုနှစ်များ) ကတော့ ချုံနွယ်ပိတ်ပေါင်း လွှမ်းခြုံပြီး ကျောက်တိုင်ငုတ်တိုလေးနဲ့ ငြိုးငယ်စွာ မှုံမှုံမွှားမွှားလေးပါ။ အညတြဆိုတဲ့-မျက်နှာမွဲနာမည်နဲ့လည်း ကိုက်ညီလှပါတယ်။

အဲဒီမှာ ယခု-ဒီဇင်ဘာ (၇) ရက်နေ့ကမှ အထိမ်းအမှတ်ပွဲလုပ်တာ ကြားရပါတယ်။ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုလည်း နားထောင်ကြည့်ပါအုံး။
“ကျဆုံးစစ်သည်များကို ဂုဏ်ပြုအခန်းအနား” လို့ အမည်တပ်ထားတဲ့ပွဲကို စီစဉ် သူဗိုလ်ကြီးဟောင်းဆိုသူက နိုဝင်ဘာလတုန်းက ကေအိုင်အေသင်တန်းကျောင်းမှာ အစိုးရလက်နက်ကြီးကြောင့် ကျဆုံးရတဲ့လူမျိုးစု ဗိုလ်လောင်း (၂၀) ကျော်အတွက် နိုင်ငံရေးအဖွဲ့အစည်း တွေက ၀မ်းနည်းကြောင်းသ၀ဏ်လွှာတွေ ထုတ်ပြန်ကြတယ်။ တပ်မတော်ဖက်ကလည်း အရာရှိစစ်သည် (၁၀၀) ကျော် ကေအိုင်အေနဲ့ တိုက်ပွဲများအတွင်း ကျခဲ့ပြီးပါပြီ။ ဒါကြောင့် ဒါကို အထိမ်းအမှတ်ပြုဖို့တန်ပြန်တဲ့အနေနဲ့ ဒီပွဲကိုစီစဉ်ဖို့ စိတ်ကူးရတာပါတဲ့။

ဒီနေရာမှာ ပြောစရာတွေရှိလာပါတယ်။

ဒီသင်တန်းသားဗိုလ်လောင်း (၂၀) ကျော်ကျဆုံးရတာဟာ သူသေ ကိုယ်သေ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်မြေပြင်မှာ မဟုတ်ပါ ဘူး။ တပ်မတော်ကလက် နက်ကြီးနဲ့ထုပြီး သွေးအေးအေးနဲ့ အသတ်ခံရတာပါ။ ဒါကြောင့်ပဲ တပြည်လုံးက ၀ိုင်းပြီးစာနာ ဂရုဏာ သက်ကြ တာပါ။ အဖိနှိပ်ခံရသူများအချင်းချင်းအကြား အပြန်အလှန်အားပေးကြခြင်း ဖြစ်ဟန်ရှိပါတယ်။ ဒါမျိုးက အဖိနှိပ်ခံရဘူးမှ နားလည်နိုင်တာပါ။

ဒါဖြင့်ရင် တပ်မတော်ဖက်က ဒီလိုမျိုးတိုက်ပွဲ (ပြည်တွင်းစစ်အတွင်း) တွေမှာကျဆုံးသွားရတဲ့ အရာရှိစစ်သည်များ အပေါ်ရော ဘယ်လို သဘောထားကြမလဲ။

ကျွန်မ ဖေဖေ ပြောခဲ့တဲ့မိန့်ခွန်းတခုထဲက အချက်အချို့ကို ကိုးကားပါရစေ။ ၁၉၇၆ ခု၊ ဇူလိုင်လမှာ ကျွန်မတို့မိသားစု ဗိုလ်နေ၀င်းစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့ တောခိုခဲ့ကြပါတယ်။ ဖေဖေက သူဘာလို့ ဒီလမ်းရွေးခဲ့ရတယ်ဆိုတာကို ရှင်းပြဖို့အတွက် သြဂုတ်လ (၁၀) ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ “ပြည်သူ့အသံ” က“တိုင်းပြည်သို့တင်ပြချက်”ဆိုတာကို အသံလွှင့်ခဲ့ပါတယ်။ အဲဒီထဲက နောက်ဆုံး အပိုဒ်ပါ။

နေ၀င်းလက်နက်ကိုင်စစ်တပ်တွင်းရှိကြတဲ့ အရာရှိ အရာခံ အကြပ်တပ်သားများနဲ့ အခြားလက်နက်ကိုင်များခင်ဗျား။  ကျွန်တော်ပြည် သူ့လက်နက်ကိုင်တော်လှန်ရေးထဲ ပါရတဲ့နောက်တကြောင်းဟာ ခင်ဗျားတို့အတွက်လည်း ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နေ၀င်းအောက်က လက်ရှိစစ်တပ်ကြီးကို စတင်တည်ထောင်တဲ့ပုဂ္ဂိုလ်တွေထဲမှာ ကျွန်တော်ဟာ အဓိက ပုဂွိုလ်များအခန်းက ပါခဲ့သူဖြစ်တယ်။ အထူးသဖြင့် အရေးပါဆုံးဖြစ်တဲ့ ဂျပန်တော်လှန်ရေးနဲ့ စစ်ပြီးခေတ် စစ်တပ်သမိုင်းဟာ ကျွန်တော် ပုဂ္ဂိုလ်ရေးနဲ့ တဆက်တည်းဖြစ်တယ်။ ဒီတုန်းက ကျွန်တော်သာ နေ၀င်းလို ပဒေသရာဇ်မင်းသားတပါးလို အလေလိုက်နေမယ်ဆိုယင် သည်စစ်တပ်နဲ့ တိုင်းပြည်အခြေအနေဟာ ဘယ်လိုဖြစ်လာနိုင်မယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ကျွန်တော်တို့ မျိုးချစ် ပြည်ချစ်တွေ ဒီတပ်ကြီးကို လွန်ခဲ့တဲ့အနှစ် (၃၅) နှစ်က စတင်တည်ထောင်ခဲ့တာဟာ ဘာကြောင့်လဲ။
ကျွန်တော်တို့တိုင်းပြည် မလွတ်လပ်သေးဘူး။
ကျွန်တော်တို့ပြည်သူ မလွတ်မြောက်သေးဘူး။
ကျွန်တော်တို့ပြည်သူတွေ နယ်ချဲ့ပဒေသရာဇ်မြေရှင်နဲ့ ဗျူရိုကရက်အရင်းရှင်တွေအောက်မှာ ဆင်းရဲနေတယ်။

ဒါကြောင့် ပြည်သူတွေ အမျိုးသားတွေ ကျွန်ဘ၀ကလွတ်မြောက်ဖို့ ဆင်းရဲခြင်းက လွတ်မြောက်ဖို့ တန်းတူ ရည်တူ လူချင်းတူတူ သူချင်းမျှမျှ သိက္ခာရှိရှိ ပျော်ရွှင်ချမ်းမြေ့စွာနေနိုင်ကြဖို့ ဖြစ်ပါတယ်။

ကဲ …. ယခုကြည့်ကြစမ်းပါ။ ကျွန်တော်တို့ချစ်လှတဲ့တိုင်းပြည်ကြီး နေ၀င်းဆိုတဲ့နယ်ချဲ့လက်ပါးစေ အာဏာရူး မင်းဆိုးမင်းညစ်အောက်မှာဘယ်ဘ၀ရောက်နေပြီလဲ။ လွတ်လပ်ရေးဆိုတာ ဘယ်မှာလဲ။ ဒီလွတ်လပ်ရေးဟာ ဘယ်သူ့လွတ်လပ်ရေးလဲ။ ပြည်သူတွေရဲ့ဘ၀နဲ့ နေ၀င်း တို့ဘ၀ မိုးနဲ့မြေလို ကွာတယ်မဟုတ်လား။ ပြည်သူတွေတ နေ့တခြား လူရုပ်မပေါ်အောင် ငတ်ငတ်ပြတ်ပြတ် ချွတ်ခြုံကျသလောက် နေ၀င်းတို့နဲ့ အပေါင်းပါတို့ရဲ့ မိသားစုနဲ့နောက်လိုက်တွေမှာတော့ ရွှေတွေ စိန်ကျောက်ရတနာတွေ ကားတွေ အိမ်တွေ တိုက်တွေ မြေတွေ ခြံတွေ နိုင်ငံခြား ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာတမျိုး ပြည်တွင်းမှာတဖုံ ပြောင်တမျိုး လျှို့ဝှက်တဖုံ ဖြန့်ထားတယ်။ တချို့က တိုက်တလုံးက နှစ်လုံး သုံးလုံး မယားတယောက်က နှစ်ယောက် သုံးယောက် အိမ်တဆောင်စီ ထားနိုင်ကြတယ်။

သူတို့က ခင်ဗျားတို့ဂုတ်ပေါ်ခွစီးပြီး ပြောတယ်။ မင်းတို့တတွေ ဒီလွတ်လပ်ရေးကြီးကို မင်းတို့အသက်နဲ့လဲပြီး ကာကွယ်ရမယ်တဲ့။ ကဲ …. ခင်ဗျားတို့ ဘယ်သူ့လွတ်လပ်ရေးကို ဘယ်သူတွေအကျိုးအတွက် အသက်ပေးကာကွယ်ရမလဲ။

အခုခင်ဗျားတို့ ဘယ်ဘ၀ရောက်နေပြီလဲ။ ခင်ဗျားတို့ စစ်တပ်ကြီး ပြန်ကြည့်စမ်းပါ။ စက်ဆုပ်ဖွယ် ကြေးစားတပ်ကြီးဖြစ်နေရပြီ။ လွတ်လပ်ရေး ကိုကာကွယ်ပါဆိုပြီး ခင်ဗျားတို့ကို ပြည်သူတွေရဲ့သားသမီးတွေဖြစ်တဲ့ ကျောင်းသူ ကျောင်းသားတွေ လူငယ်တွေ ထမင်းမ၀လို့ ဆန်ပေးပါ လို့တောင်းတဲ့ အလုပ်သမားတွေ လယ်သမားတွေ မြို့နေဆင်းရဲသားတွေကို အကြိမ်ကြိမ်ပစ်သတ်ခိုင်းတယ်။ သွေးချောင်းစီးနေပြီ။

ခင်ဗျားတို့ဘ၀ဟာ အာဏာရူးနေ၀င်း မင်းဆိုးမင်းညစ်ရဲ့ပါးကွက်သား လက်မရွံ့လူသတ်သမားတွေ ဖြစ်နေရပြီ။ နောက်ပြီး ခင်ဗျားတို့ နေထိုင်ရေးဘ၀ဟာလည်း ကျွန်တော်အထက်ကပြောခဲ့သလို ပြည်သူတွေဘ၀အတိုင်း ၀မ်းမ၀ ခါးမလှနဲ့ ဘာမှပြောရေးဆိုခွင့်ရှိတဲ့ ဘ၀ မဟုတ်ဘူး။ အဖိနှိပ်ခံဘ၀ပဲ မဟုတ်လား။

ခင်ဗျားတို့တွေထဲက သူ့စိတ်ကြိုက် ပြည်သူတွေကိုသတ်နိုင်မယ်ထင်တဲ့ လူတချို့ကို ရာထူးကြီးတွေနဲ့ လာဘ်ထိုးခဲ့တယ်။ ဒီလိုနဲ့တပ်ကြပ် ကြီးကနေ ဗိုလ်မှူးကြီးတွေအထိ နှစ်အနည်းငယ်အတွင်း တိုးပေးဖို့ဝန်မလေးဘူး။ ဒါပေမယ့် နောက်ထပ်သတ်ဖို့ နောက်လူကိုတင်ပေးဖို့ ရှေ့လူကိုကန်ထုတ်ဖို့လည်း ၀န်မလေးဘူ။ သူ့စိတ်ကြိုက် ပြည်သူတွေကိုသတ်ဖို့ လက်ရွံ့တဲ့ မျိုးချစ်တွေ အစဉ်အလာရှိခဲ့တဲ့ လေးစား ခြင်းခံရတဲ့ တပ်မှူးတပ်သားတွေကိုတော့ တဦးပြီး တဦး ကန်ထုတ်တယ်မဟုတ်လား။ ဒါတွေကြောင့် ရာထူးကြီးတဲ့လူတွေလည်း စိတ်တ ထင့်ထင့်နေရတဲ့ဘ၀ မဟုတ်လား။

တွေးကြည့်ရင် ခင်ဗျားတို့ဘ၀ဟာ ပိုဆိုးတယ်။ ပြည်သူတွေလို အဖိခံရ သွေးစုတ်ခံရလို့ တထိတ်ထိတ် တလန့်လန့် ငတ်ပြတ်ဆင်းရဲရ တဲ့ ဘ၀ရော၊ နောက်ပြည်သူတွေကို သတ်ဖြတ်ရတဲ့ဘ၀ရော ဖြစ်နေရတယ်။ ဒီလိုနှစ်ထပ်ကွမ်း ဆိုးဝါးလှတဲ့ဘ၀ဆိုးက ခင်ဗျားတို့ရုန်းထွက် ကြပါ ….တဲ့။

(ဒါတောင် ဖေဖေက မဆလခေတ် (၁၉၇၆) ကိုပဲ ရည်ညွန်းပြီးပြောထားတာ။ စီးပွားရေးမှာ ပိုသောင်းကြမ်းတဲ့၊ ပြည်သူတွေ အပေါ်ပိုရက်စက်တဲ့ န၀တ-နအဖတို့အကြောင်း မပါသေး။)

အဲဒီပွဲကိုဦးစီးတက်ခဲ့တဲ့ (ကုန်သွယ်ရေးဝန်ကြီးဟောင်း) ဗိုလ်ချုပ်ကြီးထွန်းကြည်ရေးသားထုတ်ဝေခဲ့တဲ့ “နှစ် (၅၀) ကျော် ကိုယ်တွေ့များ” ဆိုတဲ့စာအုပ်ထဲက အချက်အချို့ကို သတိရမိပါရဲ့။ (စာသားအတိအကျတော့ မမှတ်မိပါ။) သူတိုင်းမှူးဘ၀ (မဆလခေတ်) က ဦးနေ၀င်းက သူတို့တိုင်းမှူးအားလုံးကိုခေါ်ပြီး လေယာဉ်စင်းလုံးဌားနဲ့ ဆွစ်ဇလန်ခေါ်သွားပါတယ်။ ဟော်တယ်အကောင်းစားကြီးမှာ ဘာအလုပ်မှမရှိ ဘဲ (၁) လလောက် နေရတာပါ။ သူက လေယဉ်စရိတ်၊ ဟော်တယ်စရိတ်တွေ တွက်ပြထားပါတယ်။ ကျေးဇူးတင်ရပါတယ်။ သူတို့လို အတွင်း သိတွေရေးမှ ဒါတွေကိုကျွန်မတို့ သိနိုင်တာပါ။ သူ့အနေနဲ့ နာလိုခံခက်ဖြစ်ရတဲ့အကြောင်းအရာတခုလည်း (ဘရိတ်ပေါက်သွားလို့လား၊ သို့မဟုတ် အရာကျသွားပြီဖြစ်တဲ့ ဗိုလ်နေ၀င်းကိုတွယ်ပြီး နောက်လာတဲ့မောင်ပုလဲတွေကို မျက်နှာလုပ်ခြင်လို့လားမသိ) ပါလာပါတယ်။

ဒါကတော့  သူတို့တတွေ ဆွစ်ဇာလန်ကနေ အမေရိကားအသွား လန်ဒန်မှာ ခဏနားရပါတယ်။ သူတို့တိုင်းမှူးအုပ် လန်ဒန်ဟော်တယ်ကြီးက ဧည့်ခံဆောင်မှာ ငေါင်းစင်းစင်းနဲ့ ထိုင်နေတုံး ဦးနေ၀င်းမိသားစုနဲ့ပါလာတဲ့ ကလေးထိန်းတွေ အ၀တ်အစားသေတ္တာတွေဆွဲပြီး ဟော်တယ် အခန်းတွေပေါ်တက်သွားလိုက်တာများ ကိုယ့်အိမ်ကိုယ်ယာ ပြန်လာသလားအောက်မေ့ရတယ် …တဲ့။ ကဲ အခုလည်း အဲဒီပွဲမှာ သူပြော သွားတဲ့စကားပဲကြည့်ပါ။

“ငါတို့မျက်နှာကောင်း မရဘူး။ ဘယ်သူမှလည်း မချီးကျူးဘူး” တဲ့။ သနားစရာပါဘဲ။ ဒါတောင် သူက တသက်မပြောနဲ့ သားစဉ်မြေးဆက် ဆယ်သက်စားမကုန်အောင် ချမ်းသာနေတာ။ ဒါဖြင့်ရင် မသဒ္ဓါရေစာ ပင်စင်လေးတွေနဲ့ စားနေရတဲ့အောက်ခြေစစ်သားများဘ၀ ဘယ်နှယ်ရှိပါ့မလဲ။ တခြားယှဉ်မကြည့်ပါနဲ့။ ဗိုလ်ချုပ်ကြီးများ (လက်ရှိဖြစ်ဖြစ်၊ လက်မဲ့ဖြစ်ဖြစ်) ရဲ့ အသားအရည်နဲ့ ပင်စင်စားစစ်သည် ဟောင်းများ၊ ကျဆုံးစစ်သည်များရဲ့မိသားစုဝင်များရဲ့အသားအရည်ချင်းဘဲ ယှဉ်ကြည့်ပါ။

အနှစ် (၆၀) ကျော်တိုက်လာရတဲ့ ပြည်တွင်းစစ်အတွင်း ဘယ်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ရပြီး ဘယ်သူတွေကတော့ ချမ်းသာစည်းစိမ် တွေတိုးပြီးရင်း တိုးရင်းဖြစ်နေတယ်ဆို တာတွေ့နိုင်ပါတယ်။ ပြည်တွင်းစစ် ဘယ်သူတွေကြောင့် ရှည်ကြာနေရသလဲဆိုတာ အဲဒီပွဲမှာ ရှေ့တန်းကထိုင်နေသူများကိုကြည့်ရင် သိနိုင်ပါတယ်။

တကယ်တော့၊ အဲဒီအောက်ခြေ ကျဆုံးစစ်သည်များဟာလည်း ပြည်သူများနဲ့ ဘ၀တူပါဘဲ။ ဒါပေမယ့် ပြည်သူအများရဲ့စာနာမှု၊ သနားကြင် နာမှုရဖို့မပြောနဲ့ မုန်းတီးမှုတောင် ခံနေရတာပါ။ ဖေဖေပြောခဲ့တဲ့ “နှစ်ထပ်ကွမ်း ဆိုးဝါးလှတဲ့ဘ၀” ဆိုတဲ့ဘ၀မျိုးပါ။ ဒီလိုဘ၀မျိုးက လွတ် မြောက်ချင်ရင်တော့ ကျွန်မ အကြံပြုပါရစေ။ ဒါလည်း ဖေဖေနောက်ဆုံးကာလများမှာ တပ်မတော်သားအရာရှိများကို ကြုံရင် ကြုံ သလို မေတ္တာရပ်ခံ တိုက်တွန်းပြောကြားလေ့ရှိတဲ့ စကားရပ်ပါ။

တပ်မတော်သားများအနေနဲ့ကလည်း မိမိတို့ရဲ့ဘ၀လွတ်မြောက်ရေးနဲ့ချမ်းသာကြွယ်ဝရေးဟာ ပြည်သူတွေဘ၀လွတ်မြောက်ရေးနဲ့ တဆက်တစပ်ထဲဆိုတာ နားလည်သဘောပေါက်ကြပါ။ ဒါကြောင့် ပြည်သူလူထုနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုက ရေစီရရှိရေးတိုက်ပွဲများမှာ ပူးပေါင်းပါဝင်ကြပါ။ အရေးကိစ္စတွေပေါ်လာရင်လည်း ပြည်သူကို ရန်သူလိုသဘောမထားပါနဲ့။

ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတာကို အမြဲသတိရကြပါ ….တဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “လှကျော်ဇော – အညတြစစ်သည်များ ဗိမာန်
  1. လက်ရှိဗမာ့တပ်မတော်ဟာ သူ့အဖေနဲ့အတူ ဗိုလ်လက်ျာ၊ ဗိုလ်ကျောဇော စတဲ့စစ်ဗိုလ်ကောင်းတွေထောင်ခဲ့တဲ့တပ်မဟုတ်တော့ဘူးဆိုတာ ဒေါ်စုလည်းသိမှာပါ။ ၄၉ခုကစပြီး နေဝင်းတပ်ဖြစ်သွားရာက ၉၅ခုမှာ သန်းရွှေတပ်ဖြစ်ပြန်ရော။ အခုလက်ရှိမှာ သန်းရွှေတပ် ဟုတ်သေးရဲ့လား။ သန်းရွှေလည်း ဘယ်နေ့ ဝဋ်လည်ပြီး နေဝင်းလိုခံရမလဲမသိ။

  2. The retired captain who organized the event is former military Intelligent captain Yaung Ni Linn. He tortured my father in June 1996 in Mandalay MI Interrogation cell.

Comments are closed.