ရန်လိုကျွဲ – ဒုက္ခသီရိတွင် တိုင်ပတ်ခြင်း
ဒီဇင်ဘာ ၁၃၊ ၂၀၁၄
ဒုက္ခသီရိသည် ဒီမိုကရေစီ ထွန်းကားရန် ကြိုးပမ်းနေသော တိုင်းပြည်ဖြစ်သည်။
ယခင်က စစ်သူကြီးများ ဗိုလ်ကျ စိုးမိုးသည်။ ယခုလည်း ၎င်းတို့ပင်ဖက်ရှင်တမျိုးပြောင်းဝတ်ပြီး ဆက်လက် စိုးမိုးလေ၏။
၎င်းတို့ မီးကုန်ယမ်းကုန် သောင်းကျန်းစဉ် ကာလတွင် အနောက်ဘက် တိုင်းပြည်များက ဒုက္ခသီရိကို ဒဏ်ခတ် ပိတ်ဆို့ကြသည်။ တစ်ဦးချင်းစီကို ပစ်မှတ်ထားပိတ်ဆို့ကြသည်လည်း ရှိ၏။
ပိတ်ဆို့ခံရသူများက အထိနာဟန်ဆောင်ပြီး “အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်”၏။ ကိုယ်တိုင်လည်း နှိုက်၏။ သားတော် သမီးတော်များ၊ အိမ်တော်ပါများကလည်း ဝိုင်းနှိုက်၏။
ဒုက္ခသီရိကို စုတ်ပြတ်သွားသည်အထိ နှိုက်၏။ ယခင်ကလည်း နှိုက်။ ယခုလည်း ဆက်နှိုက်။
ဤသည်ကား ဒုက္ခသီရိ၏ ပကတိအခင်းအကျင်း တစိတ်တဒေသ စက္ကန့်နှစ်ဆယ်စာ ရှင်းပြချက်ဖြစ်လေသည်။
အထက်ပါအခြေအနေဆိုးကို သဘောပေါက်လျှင် ဒုက္ခသီရိတွင် ချမ်းသာသူတို့က ထားစရာမရှိအောင် ကြွယ်ဝကြ၊ ဆင်းရဲသူတို့က ငွေတွင်း သောက်ကျိုးနည်း နက်လှမည်ကို မိတ်ဆွေတို့ မျက်စိထဲ မြင်လာပေလိမ့်မည်။
ရန်လိုကျွဲ၏ အခြေအနေမှာ မည်သို့နည်း။
ရန်လိုကျွဲက အိမ်ခြံမြေဆိုင်ရာပွဲစားဖြစ်သောကြောင့် အခြေအနေမဆိုးပါဘူး ဟူသော လူတန်းစားထဲ ပါဝင်နေ၏။
ပွဲစားဟူသည် အိမ်၊ ခြံ၊ မြေတို့ကို မဖြစ်မနေ ဝယ်ထားစရာ မလို၊ လေကိုသာ စိုက်ရန် လိုအပ်သည်။ ပိုင်ရှင် နှင့် ၀ယ်/ငှားလိုသူတို့အကြား ပြောဆို စေ့စပ်ပေးရသောသူပင်။
အိမ်ငှားရမ်းမှုအတွက် ပွဲစားခက တစ်လစာ ဖြစ်သည်။ ဆိုလိုသည်မှာ.. တစ်လ ၁ သိန်းတန် အခန်း ငှားရမ်းရေး အဆင်ပြေသွားပြီ ဆိုပါက ငှားရမ်းသူက ပွဲစားကိုလည်း ၁ သိန်း ပေးရလေ၏။
ငှားရမ်းခ များလေ – ပွဲခ များလေတည်း။
ကျအောင်ပြော၊ လေပေါ၊ စကားပေါသော ရန်လိုကျွဲအတွက် ပွဲစားအလုပ်က ဟန်ကျလေစွ။
ယခုလောက်ဆို ပွဲစားသဘောကို အကြမ်း သိလောက်ပြီ။
ငွေသုံးကြမ်းသည့် နိုင်ငံတကာအဖွဲ့အစည်းများကို ထိတွေ့ထားသောကြောင့် ရန်လိုကျွဲလည်း တခါတရံ ငွေအဝင် ကြမ်း၏။
တစ်နေ့သားတွင် နိုင်ငံတကာ NGO တစ်ခုမှ နိုင်ငံခြားသားအရာရှိတချို့ ရန်လိုကျွဲထံ လူကိုယ်တိုင် ရောက်လာပြီး ဒုက္ခသီရိတွင် ရုံးခန်းရရေး လုံးပန်းပေးရန် လောဆော်ကြ၏။
ဌာနေကိုယ်စားလှယ်ကြီးက လက်နှစ်ဘက်ကို ဆန့်တန်းပြီး ပြောလာ၏။
“ဒုက္ခသီရိမှာ အိုင်တို့အဖွဲ့အတွက် ဧရာမရုံးခန်းကြီး ရချင်တယ်”
“ဘယ်ရပ်ကွက် ဘယ်မြို့နယ်မှာ လိုချင်သလဲ အာစရိ”
“ရေမပျက်၊ မီးမပျက်တဲ့ VIP ရပ်ကွက်မှာဆို ပိုကောင်းမယ်”
“အာစရိတို့က ရုံးခန်းငှားခ တစ်လ ဘယ်လောက် ဖြုန်းနိုင်သလဲ”
“ဒေါ်လာတစ်သိန်း ဝန်းကျင် ဖြုန်းနိုင်ပါတယ်”
“ဟာ… ပိုက်ဆံတွေ ကုန်တော့မှာပဲ”
“ကုန်စမ်းပါစေ … ကျုပ်ပိုက်ဆံမှ မဟုတ်တာ။ အဲလေ ဟုတ်ပေါင် … ဒီလို … ဒီလို… ပိုက်ဆံကုန်လည်း ဘယ်တတ်နိုင်မလဲ။
သားသားနားနားနေရာမှာ နေထိုင် လုပ်ကိုင်ပါမှ ပရောဂျက်တွေ အကောင်အထည် ဖော်ရ အဆင်ပြေတယ်လေ။ လိုအပ်ချက်အရ ငှားရတာကွဲ့၊ ပေါက်ဈေး ပေးရမှာပေါ့”
ဒုက္ခသီရိ ပေါက်ဈေးက နယူးယောက်ထက် သာ၏။ လိုရင်း ပြောရလျှင် လူကုံတန်ရပ်ကွက်ရှိ ခြံဝန်းအတန်အတင့်ကျယ်သော၊ မော်တော်ကားများစွာ ရပ်ထားနိုင်သော၊ ရေကူးကန်ကြီး ရှိသော၊ သစ်ပင်ပန်းပင်များဖြင့် လှပသော အိမ်ကြီးတစ်လုံးကို ၁ နှစ်စာ ငှားရမ်းခ ဒေါ်လာ ၁၂ သိန်း ပေးပြီး ငှားရမ်းနိုင်စေရန် ရှာဖွေ အကျိုးဆောင်ပေးလိုက်လေ၏။
ပွဲစားခ ဒေါ်လာ ၁ သိန်း ရ၏။ ကောင်းလေစွ။
လများ မကြာမီ အနှီအရာရှိတို့ ပေါက်ချလာပြန်သည်။
“မောင်မင်း…လူကလေး…အိုင်တို့ ရုံးခန်းနေရာပြောင်းမှ ဖြစ်မယ်။
ဆိတ်ငြိမ်ရပ်ကွက်မှာ အိမ်ကြီးကြီးတစ်လုံး ထပ်ရှာပေးကွာ”
“ဟာ … လက်ရှိနေရာမှာ အဆင်မပြေဘူးလား။ အလှူခံမဏ္ဍပ် ရှိလို့လား”
“ဒီလိုကွ… အိမ် အမည်ပေါက်က ဗိုလ်ပြုတ်တစ်ယောက်ရဲ့ ဒုတိယအိမ်ထောင်ရဲ့ နှစ်ဝမ်းကွဲတူမရဲ့ မွေးစားသမီးရဲ့ နာမည်နဲ့ ဖြစ်နေတယ်။
ဒီနှစ်အတွက် ဗိုလ်ပြုတ်မိသားစုကို အိမ်ငှားခ ဒေါ်လာတစ်သန်းကျော် ပေးမိတာ စာနယ်ဇင်းတွေက ဖွကြလို့ ငါတို့ကို အထက်က ထောင်းနေပြီ”
“သြော်… ပေါက်ဈေးပေးတာပဲဗျာ။ စာနယ်ဇင်းတွေနဲ့တော့ ခက်တော့တာပဲ”
“ပစ်မှတ်ထား ပိတ်ဆို့ခံရတဲ့ ဗိုလ်ပြုတ်တို့ကို လုပ်ကျွေးရကောင်းလား ဆိုပြီး ဝိုင်းပြောတာ ငါတို့ ခံနေရပြီ။ အဲဒီမှာ ဆက်နေရင် လာမယ့်နှစ် ဘတ်ဂျက် ဖြတ်ခံရပြီး ငါ လမ်းဘေးရောက်လိမ့်မယ်။
ကဲ….ကဲ…. အိမ်တစ်လုံး ခပ်ကြီးကြီး ထပ်ရှာပေးစမ်းကွာ။ ဒီတစ်ခါတော့ အိမ်ပိုင်ရှင်က ဗိုလ်ပြုတ်တို့ရဲ့ ဆွေမျိုးသားချင်းတွေ မဖြစ်စေနဲ့။
သူတို့က ပစ်မှတ်ထား ပိတ်ဆို့ခံထားရတာ။ ငါတို့ကို ပိုက်ဆံလှူတာကလည်း အဲဒီ ပိတ်ဆို့တဲ့တိုင်းပြည်တွေ ဖြစ်နေတော့ ငါတို့ ဆင်ခြင်မှ ဖြစ်မယ်”
“ဟုတ်ပါပြီလေ… ဘယ်တော့ လိုချင်သလဲ”
“ချက်ချင်းလိုချင်တယ်။ ဒီနေ့ ရရင် ဒီနေ့လိုချင်တယ်”
ရန်လိုကျွဲ စိတ်ရှုပ်ဟန်ဆောင်ပြီး ခေါင်းကုတ်လိုက်သည်။
စိတ်ထဲမှာတော့ သွား၃၂ ချောင်း ပေါ်အောင် ပြုံးလိုက်မိ၏။
ကောင်းလေစွ၊ ကောင်းလေစွ။ သူတို့ နေရာသစ်ထပ်ရှာတော့ ပွဲစားလည်း ပွဲခထပ်ရပြီပေါ့။ ရှာပြီ၊ ရှာပြီ၊ အိမ်ရှာပုံတော် ပျော်ပျော်ကြီး ထွက်ပြီ။
ဒီတစ်ခါ အိမ်ရှာရတာ အင်မတန် ခက်ခဲလွန်းလှသည်။ ၁၅ ရက်တိုင် အချိန်ယူပြီးသော်လည်း လူကြီးမင်းတို့ စည်းကမ်းချက်နှင့်ကိုက်ညီသည့်အိမ်နှင့်ခြံကို မတွေ့သေး။
ဒုက္ခသီရိတွင် အိမ်ကောင်းကောင်း ခြံကောင်းကောင်း အများအပြား ရှိရာဘဇာကြောင့် ရှာရခက်သနည်းဟု မိတ်ဆွေတို့ မေးကောင်း မေးမည်။
အဖြေရှိ၏။ အိမ်ကောင်းကောင်း ခြံကောင်းကောင်းတို့ကို ပိုင်ဆိုင်သူများမှာ ဗိုလ်ပြုတ်တို့ကိုယ်တိုင် သော်လည်းကောင်း၊ သားတော် သမီးတော်လည်းကောင်း၊
နီးစပ်သူသော်လည်းကောင်း ဖြစ်နေသည်ကို စုံစမ်းတွေ့ရှိလိုက်ရသောကြောင့်ပင်။
၁၅ ရက်အတွင်း အိမ်ကောင်းကောင်း အလုံးပေါင်း တစ်သောင်းငါးထောင်တိတိကိုကြည့်ခဲ့ရာ အထက်ပါအတိုင်း တွေ့ရှိခဲ့ရခြင်းပင်။ လက်ညှိုးညွှန်ရာ ငါတို့ဟာဖြစ်နေကြ၏။
တချို့သော အိမ်တို့မှာ ဗိုလ်ပြုတ်တို့နှင့် မသက်ဆိုင်ကြောင်း လိမ်ညာဖုံးဖိပြီး အကျိုးဆောင်ပေးလိုက်လျှင်လည်း ရနိုင်သော အခြေအနေရှိသည်။ သို့သော်လည်း ရေရှည် ပွဲစားလုပ်စားရမည့်သူဖြစ်သောကြောင့် ရန်လိုကျွဲက မရိုးမသား မလုပ်ချင်။ ရန်လိုကျွဲ ဟူသည်က ဒုက္ခသီရိတွင် နာမည်တစ်လုံးနှင့်နေသော အိမ်ခြံမြေပွဲစား မဟုတ်လော။
ရှာဖွေရေး ၁၅ ရက် လွန်မြောက်သော နေ့တွင် ကားတန်းစင်တာဟူသော အထပ်မြင့်သော အဆင့်မြင့်သော အဆောက်အအုံအတွင်း အခန်းပေါင်းများစွာ အားလပ်နေသည်ကို ရုတ်တရက် တွေ့လိုက်မိသည်နှင့် နိုင်ငံတကာအဖွဲ့အရာရှိကို ဖုန်းဆက်ခေါ်ပြီး ပြသရလေသည်။
“ခြံနဲ့ဘာနဲ့တော့ မဟုတ်ပေမယ့် ဒီနေရာက အင်မတန် ကောင်းပါတယ်။
အခန်းကျယ်တွေလည်း အများကြီးပါပဲ။ ရုံးခန်းဆိုတာ ဒီလိုအနေအထားနဲ့မှ ဟန်ကျမယ်မဟုတ်လား။ ဒီနားမှာ ဈေး၊ ကုန်တိုက်၊ ရဲစခန်း၊ ဘူတာအကုန်ရှိသဗျာ” စသဖြင့် ညွှန်းရလေ၏။
အရာရှိလည်း ထိုနေရာကို ယူမည်ဟု ချက်ချင်း ဆုံးဖြတ်လေ၏။
ရန်လိုကျွဲ၏ လေကြောမိပြီး ယင်းသို့ ဆုံးဖြတ်ခြင်းမဟုတ်ပေ။
ဤတိုက်ကြီး၏ ပိုင်ရှင်အမည်ပေါက်က ဗိုလ်ပြုတ်မိသားစုဝင်မဟုတ် ဟူသောအချက်ခိုင်မာနေသည်ဆိုခြင်းကြောင့်ပင်။
ထို့ပြင်တဝ သူတို့မယူလျှင် တခြားသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုကသေချာပေါက် ကောက်ယူသွားမည်ကို သူတို့ သဘောပေါက်သည်။
ပွဲစား ရန်လိုကျွဲ၏ အလုပ်ခန်းသို့ ထိုအဖွဲ့ကိုယ်စားလှယ်များတဒီးဒီးဝင်ထွက်နေကြပြီမဟုတ်လား။ ထိုကိုယ်စားလှယ်များ၏ သတ်မှတ်ချက်ကလည်းတူညီကြသည်…အိမ်ကြီးကြီးဖြစ်ရမည်၊ ဗိုလ်ပြုတ်တို့နှင့် မပတ်သက်ရ ဟူသတတ်။
ဤသို့ဖြင့် ရန်လိုကျွဲ၏လက်ဖျား ဒေါ်လာ သီးလေတော့၏။
အကျိုးဆောင်ခ ပက်ပက်စက်စက် ရလေ၏။
လများ မကြာမီ ကားတန်းစင်တာတွင် ရုံးဖွင့်ထားသော အရာရှိထံမှ တယ်လီဖုန်း လာလေသည်။
“ဟေ့ကောင် ရန်လိုကျွဲ…. Are you killing me? မင်း ငါ့ကို သတ်နေတာလား”
“ဟိုင်း…ဟောင်းအာယူး။ …နေရာသစ်မှာ ဘာဖြစ်လို့လဲ။ ဓာတ်လှေခါးထဲ မီးပျက်လို့လား။ အဆင်ပြေသွားမှာပါ။ ဟဲဟဲ…အက်ဒီဆင်ကို ဂုဏ်ပြုတယ်လို့သဘောထားပါ”
“တော်စမ်းပါကွာ။ ဓာတ်လှေခါးလည်း မပျက်ဘူး။ မီးလည်း မပျက်ဘူး။ ပျက်နေတာကငါကွ။ ငါ အတော်လေး ဓာတ်ပျက်နေပြီ။ မင်းတို့ဒုက္ခသီရိကိုတော့ ဂွတ်ဘိုင်လုပ်ရတော့မယ်”
“ခင်ဗျားကြီး လမ်းဘေးစာတွေ လျှောက်မစားနဲ့လေ။ ဓာတ်ပျက်ရင် အဲဒီနားမှာ ဒေါက်တာမောင်ရစ် ဆိုတာ ရှိတယ်။ သူ့ဆေးခန်းကိုသွား။ ကျုပ်လွှတ်လိုက်တာလို့ ပြောလိုက်”
“ကဲ….ငါ လိုရင်းပြောမယ်။ ဒီမယ်…. မင်းငှားပေးတဲ့အခန်းလေ….၊ အေး….အဲဒီအခန်း အဲဒီတိုက် ဘယ်သူပိုင်တယ်လို့ မင်းထင်သလဲ”
“သြော်…ပိုင်ရှင်လား။ ဟာ… သူက ဗိုလ်ပြုတ်တွေနဲ့ အမျိုးမတော်ပါဘူးဗျ။ စီးပွားရေးသမားပါ”
“အေး… မင်းဘိုးအေ စီးပွားရေးသမားက ဘာလုပ်လို့ ချမ်းသာလာတယ်ဆိုတာ မင်း သိသလား”
“သြော်…ကံ၊ ဥာဏ်၊ ၀ိရိယ၊ အဘ တို့ကြောင့် ချမ်းသာလာတာဖြစ်မှာပေါ့”
“တော်….တော်…..တော်…..တော်တော့။ .. မင်းရှာပေးတဲ့ရုံးခန်း ငါတို့ယူမိတာ ငါးပါးမှောက်တာပဲ။ အဲဒီလုပ်ငန်းရှင်က ဘိန်းဘုရင်မိသားစုဝင်တဲ့ကွ။ မင်းမသိဘူးလား”
“ဘုရင်မိသားစုဆိုတော့ တော်ဝင်မိသားစုပေါ့ဗျာ။ ဟဲဟဲ …. နောက်တာပါဗျာ စိတ်မရှိပါနဲ့။
ခင်ဗျားကြီးတို့က ဗိုလ်ပြုတ်သားသမီး မဟုတ်ရင် ပြီးရောဆိုတော့ ကျုပ်လည်း စေတနာဗရပွနဲ့ သေချာ စုံစမ်းပြီး ရှာပေးလိုက်တာပါဗျာ။
ကဲ… ခင်ဗျားတို့ စည်းကမ်းချက်အဟောင်း စည်းကမ်းချက်အသစ်တွေကို လိုက်နာပြီး နေရာသစ် ရှာပေးပါ့မယ်။ ကျုပ်ကို အချိန် နည်းနည်းပေး”
ကောင်း၏။
အင်မတန်ကောင်း၏။
သူတို့အခက် ပွဲစားတို့အချက်။
ပွဲခ တနင့်တပိုးရသည်ကတော့ အင်မတန် စိတ်ချမ်းသာစရာပင်။
သို့သော် … အင်မတန့် အင်မတန် စိတ်ညစ်စရာကတော့ သူတို့အတွက်အိမ်ရှာရခက်ခဲနေခြင်းပါပဲ အရပ်ကတို့။
ဒုက္ခသီရိတွင်ရှိသမျှအိမ်ကြီးအိမ်ကောင်းမှန်သမျှ ဗိုလ်ပြုတ်တို့နှင့် မလွတ်ရုံသာမက ဘိန်းဘုရင် ဘာဘုရင်မိသားစုတို့နှင့် ကင်းသည်မရှိဟု ဆိုရလာက်အောင်ပင်။
ရန်လိုကျွဲ ခေါင်းရေခဲအုံပြီး စဉ်းစားသည်။ တွေးသည်။ ဆင်ခြင်သည်။
နိုင်ငံတကာအဖွဲ့များရုံးခန်းဖွင့်ရန်အတွက် သင့်တော်သည့်အိမ် ရရှိရေးမှာ ဘာလုပ်စရာ ကျန်သေးသနည်း။
ထိုအိမ်များကို ကိုယ်လည်း မဝယ်နိုင်။ဝယ်နိုင်ပါက ချက်ချင်း ပစ်ဝယ်လိုက်ချင်သည်။ ခက်ပြီ။
သုံးရက်၊ သုံးညနှင့် သုံးနာရီတိတိ စဉ်းစားပြီးမှ ဖြစ်နိုင်ချေတစ်ခု ထွက်လာသည်။
ယင်းမှာ …. ဒုက္ခသီရိသည် စိုက်ပျိုးရေးတိုင်းပြည် ဖြစ်သောကြောင့် လယ်ကွင်းများ ပေါလှသည်၊ လယ်သမားတို့ထံမှ လယ်ကွင်းများ သွားရောက် ငှားရမ်းပြီး ရွက်ဖျင်တဲများဆောက်ကာ ရုံးထိုင် အလုပ်လုပ်ကြလျှင် မဖြစ်လော။
လယ်သမားများကတော့ ဗိုလ်ပြုတ်တို့နှင့် ကင်းလွတ်ဖွယ်ရှိ၏။ ဖြစ်နိုင်၏။
တကယ်ဖြစ်နိုင်၏။
ထို့ကြောင့် … လယ်ကွင်းငှားသင့်ကြောင်း ဖောက်သည် လူကြီးမင်းများထံသို့ ချက်ချင်း ဖုန်းဆက်၊ အီးမေးပို့လိုက်ရာ လူကြီးမင်းတို့လည်း ၀မ်းသာအားရဖြင့် ရန်လိုကျွဲ၏အကြံ ကောင်းလှချေ၏၊ ရွေးစရာလည်း မရှိတော့ပြီဟု ဆိုကြကုန်၏။
လိုရင်း ပြောရလျှင် နိုင်ငံတကာအဖွဲ့များက လယ်ကွင်းများ ငှားရမ်းပြီး ရွက်ဖျင်တဲကြီးများ တခမ်းတနား ဆောက်ကာ ရုံးများအဖြစ် ဖန်တီးကြလေ၏။
လေကောင်းလေသန့်လည်း ရ၏။ မီးတော့ ပျက်၏။ သို့သော်….ဓာတ်လှေခါးပျက်မှာကို ကြောက်စရာမလို။
လယ်ကွင်းဖြစ်သောကြောင့် ငှားရမ်းခ ဈေးကြီးလှသည်ဟု မဆိုနိုင်။
ပွဲခ အများအပြား မရသော်လည်း နိုင်ငံတကာ NGO ကြီးများ၏ မဟာ့မဟာ အခက်အခဲကို ဖြေရှင်းပေးရာမှ ရရှိသော ပီတိကိုစားပြီး ရန်လိုကျွဲ အားရှိလှ၏။
ဤသို့ဖြင့် အားလုံး အဆင်ပြေသွားကြလေသတည်း ……….. ဟု ထင်စရာ ရှိသည်။
တကယ့်တကယ်တွင်မူ ထိုသို့ ဖြစ်မလာပေ။
ရက်ရာဇာမဟုတ်သော နေ့တစ်နေ့တွင် ရန်လိုကျွဲ၏ အလုပ်ခန်းတွင်းသို့ NGO လူကြီးမင်းများ စုပြုံ ရောက်ရှိလာသည်။
တစ်ယောက်က …
“ဟေ့ကောင် ရန်လိုကျွဲ …. ပြဿနာတော့ အကြီးအကျယ် တက်နေပြီ။ အားလုံး တိုင်ပတ်ကုန်ပြီကွ၊ တိုင်ပတ်ကုန်ပြီ”ဟု ဆို၏။
“ဟုတ်လား။ ဘယ်မှာ တိုင်ပတ်တာလဲ။ သွားကြည့်ရအောင်”
“ဟာ….သွားကြည့်လို့ ဘာထူးမှာလဲကွ ပွဲစားရ။ ငါတို့ပြောတာ ယုံစမ်း”
“ကြည့်ရမှာပေါ့ဗျ။ တိုင်ပတ်တယ်ဆိုတာ အလှအပလေးတွေက ရေကူးဝတ်စုံလိုမျိုး ဝတ်ပြီး ကနွဲ့ကလျနဲ့ တိုင်ကိုပတ်ပြီး ကပြတာမဟုတ်လား…ဟဲဟဲ …. ဒါမျိုးက နိုင်ငံခြားမှာပဲ ရှိခဲ့တာ။
အခု ဒုက္ခသီရိမှာ တိုင်ပတ်တယ် ဆိုတော့ နိုင်ငံခြားစံချိန်မီမမီ သွားကြည့်မှ ဖြစ်မယ်။ ကဲ…ဘယ်မှာလဲ တိုင်ပတ်နေတာ”
“မင်းငှားပေးတဲ့ လယ်ကွင်းပြင်က ငါတို့ရုံးတွေပေါ့ကွာ”
“သြော်…ခင်ဗျားကြီးတို့က တိုင်ပတ်တာ မကြည့်ရဲလို့ ကျုပ်ကို လာခေါ်တာပေါ့လေ။ ခင်ဗျားတို့ကလည်း …. ပြတဲ့သူကတောင် ပြနေမှတော့ ဘာမကြည့်ရဲစရာရှိ….”
ရန်လိုကျွဲ စကားဆုံးအောင် မပြောလိုက်ရ။ တစ်ယောက်သော ဖောက်သည်က ရန်လိုကျွဲပခုံးနှစ်ဘက်ကို ကိုင်ပြီး တိုင်ပတ်ခြင်းအကြောင်း ဝမ်းနည်းပက်လက် ရှင်းပြလေ၏။
“ပွဲစားလုပ်ပြီး တိုင်ပတ်တာတောင် မသိဘူးလားကွာ။
တိုင်ပတ်တယ် ဆိုတာ တပ်ပိုင်တာကို ပြောတာ။ မင်းငှားပေးတဲ့ လယ်ကွင်းတွေက တပ်ပိုင်မြေတွေ တဲ့။
ဒီနေ့ပဲ တပ်ပိုင်မြေဆိုင်းဘုတ်တွေ လာစိုက်တယ်။ အုတ်တံတိုင်း ခတ်လိုက်တယ်။
ငါတို့ရုံးတွေလည်း တံတိုင်းခတ်တဲ့ထဲ ပါသွားပြီ။ အားလုံး ပါသွားပြီ။
ဒါကြောင့် အားလုံး တိုင်ပတ်၊ …အား… လုံး တိုင်….ပတ်…”
NGO မှ ဖောက်သည်ကြီး စကားဆုံးအောင်ပင် မပြောနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလေသတည်း။
(အဓိပတိဂျာနယ်တွင် ပုံနှိပ်ဖော်ပြပြီးသော သရော်စာ ဖြစ်သည်။)