Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မီဒီယာ၊ အိုင်တီ၊ လူမှုရေးအသင်းတို့ကို အကျိုးဆောင်ပေးမယ့် SuleTech

ရန်နောင် (ဗိုလ်တထောင်)
မီဒီယာ၊ အိုင်တီ၊ လူမှုရေးအသင်းတို့ကို  အကျိုးဆောင်ပေးမယ့်
SuleTech
ဒီဇင်ဘာ ၇၊ ၂၀၁၄
 
ဖန်တီးရာ အဖွဲ့မှ 
David Madden (ဓာတ်ပုံ – ရန်နောင်)

အိုင်တီ၊ လူထုအခြေပြုလုပ်ငန်း၊ မီဒီယာ ဆိုင်ရာ အသင်းအဖွဲ့များကို ဆက်စပ် အကျိုးဆောင်ပေးမည့်ဌာန တခု ရန်ကုန်မြို့၏ အချက်အချာကျသော ဆူးလေဘုရားဝန်းကျင်ဒေသတွင် ပေါ်ပေါက်လာသည်။

SuleTech ဟု အမည်ပေးထားသော အဆိုပါ နည်းပညာဗဟိုချက်သည် ကုန်သည်လမ်း နှင့်  မဟာဗန္ဓုလ ပန်းခြံလမ်းထောင့် ရှိ MAC Tower ၏ အပေါ်ဆုံးထပ်တွင် တည်ရှိသော ထိုနေရာကို ကြာသပတေးနေ့ ညနေပိုင်းက စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးခဲ့သည်။

သင့်လျော်သည့် ဝန်ဆောင်ခ ယူပြီး မိတ်ဆက်ပွဲများ၊ အခမ်းအနားများ လက်ခံကျင်းပပေးလာဖွယ်ရှိသော   ထိုနေရာသည် ကျယ်ပြန့်သည့် နေရာထိုင်ခင်း ရှိပြီး  ရုံးခန်းဖွင့်ရန် အခက်အခဲဖြစ်နေသူကို  စားပွဲတစ်လုံး၊ ကုလားထိုင်တလုံးစာအတွက် တစ်လလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ငှားရမ်းပေးမည်ဟု ဆိုသည်။

 

အထပ်မြင့်တိုက်ပေါ်တွင် တည်ရှိသဖြင့် ရန်ကုန်မြို့ကို ၃၆၀ ဒီဂရီ မြင်ကွင်းဖြင့် မြင်တွေ့နိုင်မည့် ထိုနေရာကို ပူးပေါင်း စီစဉ်နေသည့် အဖွဲ့ ၂ ခုမှာ   Ideabox နှင့် Phandeeyar (ဖန်တီးရာ) အဖွဲ့တို့ ဖြစ်ကြသည်။

Ideabox သည် အူရီဒူးမြန်မာ၏ အထောက်အပံ့ဖြင့် ပေါ်ပေါက်လာသော အသိုက်အဝန်းတစ်ခု ဖြစ်ပြီး   စွန့်ဦးတီထွင်သူများဖြင့် ဖွဲ့စည်းထားသည်၊   စွန့်ဦးစီးပွားတီထွင်မှုများကို မြေတောင်မြှောက်ပေးခြင်း၊ အရှိန်မြှင့် တင်ပေးခြင်း စသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

Idea Box  မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုကောင်းစစ်က ကျွန်တော်တို့ဒီတနှစ်လုံး ရန်ကုန်မှာပွဲတွေ လုပ်ဖြစ်ခဲ့တယ်။ ဒီနေရာ ဟာ နည်းပညာ ဂေဟစနစ်ကို ဖြည့်ဆည်းအားပြုပေးနိုင်မယ့် နေရာလေး တစ်နေရာဖြစ်ပါတယ်။ ဒေသတွင်းက စီးပွားစတင်သူတွေ၊ နည်းပညာအသိုက်အဝန်း အတွင်းက အဖွဲ့အစည်းတွေ အားလုံးကို ဒီနေရာ စုဝေးရာကနေ အများကြီး အကျိုးဖြစ်ထွန်းစေမယ်လို့ မြင်မိပါတယ် ဟု ပြောသည်။

ဒီနေရာမှာ ပွဲတွေ ကျင်းပလို့ရမယ်၊ လေ့ကျင့် သင်ကြားရေးတွေ အများကြီး ကျယ်ကျယ်ပြန့်ပြန့်  လုပ်လို့ရမယ်၊ လိုအပ်တဲ့ အရင်းအမြစ်များ ရရှိနိုင်မယ်။ ပြီးတော့ အခြားသော နည်းပညာ ဆိုင်ရာ လုပ်ဆောင်ချက်တွေပါ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ် ဟု သူက ဆက်ပြောသည်။

Ideabox မှ တာဝန်ရှိသူများ (ဓာတ်ပုံ – ရန်နောင်)

 

   အရပ်ဖက်  အသင်း အဖွဲ့များ၊   စာနယ်ဇင်းများနှင့် ချိတ်ဆက် ဆောင်ရွက်မည့် Phandeeyar ကို မကြာသေးမီက ထူထောင်ခဲ့သော   David Madden က    မြန်မာပြည်မှာ လူမှုပတ်ဝန်းကျင်ကို တိုးတက်စေမယ့် နည်းပညာတွေ ဖြစ်ထွန်းလာဖို့ အများကြီး အလားအလာ ရှိတယ်၊   နည်းပညာ အသိုက်အဝန်း၊ အရပ်ဖက် အဖွဲ့အစည်း၊ လူမှု အကျိုးပြုစီးပွားရေးလုပ်ငန်း၊   စာနယ်ဇင်းတွေအတွက်
တစ်ရက်ကို ၂၄နာရီ၊ တစ်ပတ်ကို ၇ ရက် လည်ပတ်နေတဲ့   နေရာလေးတစ်ခုကို ဖန်တီးချင်ပါတယ်။ ဒါကြောင့် Phandeeyar (ဖန်တီးရာ) ဆိုပြီးတော့ ဖြစ်ပေါ်လာတာပါဟု ပြောကြားခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts