စာစုတို

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်

 

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်  

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၄

၁၉၉၉ နှစ်အတွင်းက မိမိဟာ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေစဉ် လူထုဒေါ်အမာကို မန္တလေးလူထုတိုက်မှာ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အလွန်မြန်မာဆန်တဲ့ ဝတ်စားဆင်ယင်မှုက မထူးဆန်းလှပေမယ့် ယဉ်ကျေးသိမ်မွေ့ တည်ငြိမ်အေးချမ်းတဲ့ သူ့အသွင်အပြင်က ပညာရှိမြန်မာအမျိုးသမီးကြီးတယောက်ရဲ့ ဟန်အမူအယာကို ပေါ်လွင်စေတယ်လို့ ထင်မိတယ်။ စာပေမှတဆင့် လေးစားခဲ့ရသူတယောက်ကို တိုက်ရိုက်တွေ့ဆုံစကားပြောခွင့် ရလိုက်တဲ့အခါမှာ ကြည်နူးမှုဖြင့် ပိုမိုလေးစားခဲ့ရတယ်ဆိုတာကို ရိုးရိုးသားသား ဝန်ခံချင်ပါတယ်။

ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ အရက်အန္တရာယ်ကို မီးမောင်းထိုးပြထားတဲ့ ဝတ္ထုတိုတပုဒ်နဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ ရေးသားပြုစုတဲ့ “ဆေးလိပ်နှင့်လူသား” စာအုပ်ထဲမှ ဆောင်းပါးတချို့ကို ထုတ်နှုတ်ပြီး စာအုပ်ခပ်သေးသေး ရိုက်နှိပ်ကာ မွေးနေ့အထိမ်းအမှတ် မေတ္တာလက်ဆောင် ဒါနကုသိုလ်ပြု ဝေငှချင်တာကြောင့် လူထုဒေါ်အမာထံမှာ ခွင့်ပြုချက်တောင်းရင်း၊ အမှာစာရေးပေးဖို့လည်း မေတ္တာရပ်ခံရင်း တွေ့ဆုံခွင့် ရခဲ့တာပါ။ နှစ်လရှည်ကြာ တွေ့ချင်ခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာကို တွေ့ခွင့်ရခဲ့ရုံမျှမက မိမိဆန္ဒတွေလည်း ပြည့်ဝခဲ့ပါတယ်။ ဒါ့အပြင် သူရေးသားတဲ့ စာအုပ်တအုပ်ကိုလည်း ကိုယ်တိုင်လက်မှတ်ထိုးပြီး မိမိကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အမြင်ကိုလည်း မေးကြည့်ဖြစ်ခဲ့ပါသေးတယ်။ သူ့စကားအတိအကျကို မမှတ်မိတော့ပေမယ့် ဗိုလ်ချုပ်သမီးပီသစွာ အလွန်ထက်မြတ်ပြီး နိုင်ငံနဲ့ပြည်သူလူထုအတွက် ဘဝကို ပေးဆပ်ထားသူတယောက်ပါ ဆိုတဲ့သဘော ပြောပြခဲ့ပါတယ်။

ယခု လူထုဒေါ်အမာရဲ့ သားဖြစ်သူ ဆရာဖိုးသံချောင်းရဲ့  “ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်” ဆောင်းပါးကို ဖတ်မိရာက ဒီစာကို ရေးချင်စိတ် ဖြစ်လာခဲ့တာပါ။ လူထုဒေါ်အမာကို တွေ့ဆုံခဲ့တဲ့ အချိန်ကာလဟာ အလွန်ဆုံး တစ်ဆယ့်ငါးမိနစ်လောက်ပဲ ကြာမြင့်ပါလိမ့်မယ်။ ဒါပေမယ့် တွေ့ဆုံခဲ့ရတဲ့ ထိုတခဏတာအချိန်လေးဟာ မိမိအတွက်တော့ မမေ့နိုင်တဲ့ အမှတ်တရအတွေ့အကြုံတခု ဖြစ်ခဲ့တာအမှန်ပါ။

(ဆရာမကြီး လူထုဒေါ်အမာ ရာပြည့်အကြို ဖော်ပြလိုက်ပါတယ်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts