(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄
ကျွန်တော် ဟိုးငယ်ငယ် လူမှန်းသိတတ်စကတည်းက မြန်မာကလေး အတော်များများရဲ့ထုံးစံ ဘောလုံး စ၀ါသနာပါခဲ့ပါတယ်။
ပန်းဆိုးတန်း လမ်းမကြီးရဲ့ အာဖရိကက အမည်းရောင်ကျောက်ပြားကြီးတွေခင်းထားတဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျွန်တော် ကော်ဘော လုံး၏ကလေးနဲ့ ကျွန်တော့် ကလေးဘ၀ ကို ဖြတ်သန်းခဲ့တယ်။
အဲဒီတုန်းက မဆလခေတ်။
မြန်မာလက်ရွေးစင်အသင်းက အဲဒီအချိန်မှာ “ဒူ” နေတယ်။ ကျွန်တော်တို့ ဘောလုံးပရိသတ်တွေ အဓိကထား အားပေးကြရတာ ပြည်နယ် နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွေ။
ကျွန်တော်က ရန်ကုန်တိုင်း ပရိသတ်…. ယဉ်ထွေး၊ ၀င်းအောင်၊ လှမိုး၊ အောင်ထွန်းထွန်း၊ မြင့်ဇော်၊ စောလွင်၊ နောက် မျိုးလှိုင်ဝင်း။ ပြည်နယ် နှင့် တိုင်းအသီးသီးက ဘောလုံးသမားတွေ။ ကျွန်တော် အောင်ဆန်းကွင်းမှာ ဖြတ်သန်းခဲ့ရတယ်။
နောက် ၁၉၉၃ မှာ ဆီးဂိမ်းဒုတိယရပြီး ကျွန်တော်တို့ လက်ရွေးစင်အသင်းအတွက် မျှော်လင့်ချက်တွေ ပြန်လည်တောက်ပခဲ့ရပါတယ်။ ၉၅ ကျတော့ ဆီမီးမှာ တက်သစ်စ ဗီယက်နမ်နဲ့ သွားတွေ့တယ်။ သာနေပါလျက်နဲ့ အောင်ကျော်ကျော်ထုတ်ခံရပြီး အချိန်ပိုမှာ ကျွန်တော်တို့ ရွှေဂိုးအသွင်းခံရပြီး ရှုံးသွားတယ်။
မှတ်မှတ်ရရ အဲဒီ ရွှေဂိုးအသွင်းခံလိုက်ရချိန်မှာ ရန်ကုန် မင်းမနိုင်က အသက် ၅၁ လား ၅၂ လားမသိတဲ့ ဦးလှဌေးဆိုသူ ဘောလုံးပွဲ ကြည့် နေရင်းနဲ့ နှလုံးရပ်ပြီး ဆုံးသွားတယ်။ အဲဒီကစပြီး ကျွန်တော်တို့ အကျပိုင်းကို စဖြတ်သန်းရတယ်။
နည်းပြတွေ ပြောင်းသွားတယ်….
ကစားသမားတွေ ပြောင်းသွားတယ်….
အရင်က လေးငါးဂိုး မျက်စိမှိတ်ဆော်နေကျ ဖိလစ်ပိုင်ကို မိနစ်ကိုးဆယ်မှ အနိုင်ဂိုးသွင်းနိုင်တဲ့ဘ၀ ရောက်လာတယ်။ နောက်တခါကျ နိုင်မှ အုပ်စုတက်မှာကို မနိုင်ဘဲ ဖိလစ်ပိုင်ကို နောက်ဆုံးပွဲ ဂိုးမရှိ သရေကျပြီး သုံးပွဲသရေနဲ့ မြန်မာအသင်း မရှုံးဘဲနဲ့ အောင်ဖျာလိပ်လာတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်ကို ၉၅ တုန်းက ခြေရည်တူ ခြေရည်သာ ကစားနိုင်ခဲ့ရာက အီးတောင်မပေါက်နိုင်အောင် ဂိုးပြတ်တွေနဲ့ ရှုံးလာ တယ်။
တဆက်တည်း အရင်ကဆော်နေကျ လာအို့စ်တို့ ကမ္ဘောဒီးယားတို့ပါ ကြောက်ရတဲ့ဘ၀ ရောက်လာတယ်။ နိုင်မယ်ဆိုတာ မသေချာတော့။ ပြန်ရှုံးကောင်းလည်း ရှုံးသွားနိုင်တယ်။ ရှုံးလည်း ရှုံးတယ်။ အဲဒီအဆင့် ဖြစ်လာတယ်။
နောက်ဆုံး ဖိလစ်ပိုင်မွေးစားသားတွေ အားကိုးနဲ့ စတင်တောက်ကြွားလာချိန်မှာ ကျွန်တော်တို့ ထပ်နောက်ကောက်ကျတယ်။
“ဟာ…ညံ့လှချည်လားကွာ” ….
“ဟာ…. နည်းပြကြီး ဘာတွေလုပ်နေတာလဲကွာ” ….
“ဟာ…. ဒီကောင့်ကို ဘာလို့ဆက်သုံးနေတာလဲကွာ”…..
“ဟာ…. ဒိုင်လူကြီးက ငညစ်ကြီးကွာ” ….
“ဟာ….လက်ပစ်ဘောတောင် မမြှောက်တတ်ဘူးကွာ”….
“ဟာ…. မိုးပေါ်တွေ ချည်းပဲ ထောင်ကန်နေတာပဲကွာ” ….
“ဟာ…. ဖရီးဟက်ဒါကြီးကွာ…. ငယ်ထိပ်ကြီးနဲ့သွားတိုက်တယ်”….
“ဟာ… ပွဲပြီးကာနီးမှကွာ”….
“ဟာ…. အချိန်ပိုက များလှချည်လား…. ထိုင်း ပြန်ချေသွားတော့မှာပဲ”….
“ဟာ…သေပြီသေပြီ….ဟားးးး” …. အစရှိတဲ့စကားစုတွေဟာ ကျွန်တော်တို့ပရိသတ်တွေအတွက် သုံးစွဲနေကျ အရှုံးစကားစုပေါင်း များစွာ ထဲက စကားစုတွေ ဖြစ်လာတယ်။
မနေ့ညက မလေးရှားနဲ့ မြန်မာ ဆယ်ယောက် ဆယ့်တစ်ယောက်ပွဲကို ကြည့်ပြီးတော့ ဒီမနက် ဖေ့စ်ဘုတ် မြန်မာဘောလုံးအဖွဲ့ချုပ် လိပ်စာ အောက်က ကွန်မင့်တွေကို ကျွန်တော် ပြန်ဖတ်ကြည့်တယ်။
ပရိသတ်အသံတွေ မျိုးစုံနေတာပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မနှစ်က ဆီးဂိမ်းမှာ အင်ဒိုကိုရှုံးပြီး အုပ်စုကထွက်ရတုန်းက မြန်မာဘောလုံးပရိသတ်တွေ ကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံကိုပဲ ကြိုက်တယ်။
ဘယ်သူရယ် ဘယ်ဝါရယ် အပြစ်တင်မနေလိုတော့….
“မြန်မာဘောလုံးအဖွဲ့ချုပ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်” တဲ့ ….. ကြွေးကြော်တဲ့သူတွေ ဘယ်လွန်လို့လဲ ….. ။ ။
ညိုထက်ညို
(ခေါင်းစဉ်မှာ မြန်မာသီချင်းအမည် ဖြစ်ပါသည်။)