Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) သက်ကြီးသတင်းစာဆရာကြီးများကို ပထမအကြိမ်သက်ကြီးပူဇော်



 

ရန်နောင်(ဗိုလ်တထောင်) သက်ကြီးသတင်းစာဆရာကြီးများကို ပထမအကြိမ်သက်ကြီးပူဇော်
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄

မြန်မာနိုင်ငံအသင်း ပထမအကြိမ် သတင်းစာဆရာ သက်ကြီးပူဇော်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက် စနေနေ့ နံနက် (၉) နာရီ က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သက်ကြီးသတင်းစာပူဇော်ပွဲသို့ နိုင်ငံတော်သမ္မတ က သဝဏ်လွှာပေးပို့ခဲ့ပြီး  နိုင်ငံတော် သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် အစရှိသော နိုင်ငံတော်အကြီးအကဲများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်)က သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောပြခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ၏ သဝဏ်လွှာကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီး သူရဦးအေးမြင့် ကလည်း ပြည်ထောင်စုလွှတ်တော်နာယက၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဒုဥက္ကဋ္ဌ(၁) ဦးသီဟစောမှ  အမှာစကားပြောကြားပြီး ဒုဥက္ကဋ္ဌ(၃) ဦးမြတ်ခိုင်မှ ကန်တော့ခံသက်ကြီးများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောနိုင်ငံတော်အကြီးအကဲများနှင့် ပရိတ်သတ်မှ  ကန်တော့ခံ သက်ကြီးပညာရှင်များအား ကန့်တော့ချိုးဖြင့် ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ကန်တော့ခံ သက်ကြီးပညာရှင်များကိုယ်စား သတင်းစာဆရာကြီးဦးစဝ်ကိုင်ဖမှ ကျေးဇူးတင်သြဝါဒစကားမြွက်ကြားခဲ့သည်။

 

 

ယခုပြုလုပ်သော ပထမအကြိမ်သက်ကြီးသတင်းစာဆရာပူဇော်ပွဲတွင် ကန်တော့ခံသက်ကြီးသတင်းစာပညာရှင် (၆၉)  ဦးရှိပြီး အခမ်းအနားသို့ (၅၇) ဦးသာတက်ရောက်နိုင်ခဲ့သည်။ သတင်းစာဆရာကြီးတစ်ဦးလျှင် ငွေသားသုံးသိန်း၊ အူရီဒူး ဟန်းဆက်နှင့် ဆင်းကတ်၊ အခြားလှူဖွယ်ပစ္စည်းမျိုးစုံလှူဒါန်းနိုင်ခဲ့သည်။ တက်ရောက်လာသူ သတင်းစာ ဂျာနယ် လောကသားများ၊ စာပေလောကသားများ ဆုံညီ ပျော်ရွှင်စွာတွေ့ခဲ့သောပွဲတပွဲ အဖြစ်လည်းမြင်တွေ့ခဲ့ရသည်။

တက်ရောက်လာသူများအား ရင်ထိုးတံဆိပ်များ၊ ပြက္ခဒိန်များ လက်ဆောင်ဝေငှသည်ကို တွေ့ခဲ့ရသေးသည်။ ပြက္ခဒိန်သည် ကွယ်လွန်သွားကြပြီဖြစ်သော မြန်မာ့ သတင်းစာရှေ့ဆောင် သတင်းစာဆရာကြီးများပုံဖြင့် ထုတ်ဝေထားခြင်းဖြစ်သည်။ မနောမယဂျာနယ် ထုတ်ဝေသူ ဆရာဇင်ယော်နီမှလည်း ဗေဒင်ပြက္ခဒိန်နှင့် နေ့နံအလိုက် ဗေဒင်စာအုပ်များဝေငှခဲ့သည်ကိုလည်း တွေ့ခဲ့ရပါသည်။ သတင်းစာဆရာကြီးများနှင့် တက်ရောက်လာသူများအား မုန့်ဟင်းခါး၊ ဂျေဒိုးနတ်မုန့်၊ အအေး၊ရေသန့်များဖြင့် ဧည့်ခံသည်ကိုလည်းတွေ့ခဲ့ရသည်။

နိုင်ငံတော်သမ္မတမှလည်းငွေ ဆယ်သိန်း၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှလည်း ငွေဆယ်သိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှလည်း ငွေဆယ်သိန်း၊ ပြည်ထောင်စုဝန်ကြီးမှလည်း ငွေ ငါးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန မှလည်း ငွေဆယ်သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး စကိုင်းနက်ရုပ်သံမှလည်း ရုပ်သံဖမ်းစက်နှင့် ကြည့်ရှုခွင့်အားလှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts