ခိုင်မာကျော်ဇော – စကားပြောသော မျက်ရည်
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄
ပုန်းတဲလေး တလုံးပေါ်မှာ
ကလေးလေးတယောက်
မျက်ရည်တွေ တလိပ်လိပ်နဲ့ 
အသံတိတ် ငိုကြွေးနေတယ်။
ကလေးရဲ့ မျက်ရည်ထဲမှာ
သွေးဆာနေတဲ့ မိစ္ဆာတွေ ရှိတယ်
ပွက်ပွက်ညံနေတဲ့ သေနတ်သံတွေ ရှိတယ်
မီးလောင်ပြာကျသွားတဲ့ ရွာလေးတရွာ ရှိတယ်
အမေဖောက်နေတဲ့ မိခင်တယောက် ရှိတယ်
အပျိုရည်ပျက်သွားတဲ့ သင်တိုင်းဖြူမလေးတွေ ရှိတယ်
မြေမြှုပ်မိုင်းထိသွားတဲ့ ခြေထောက်လေးတွေ ရှိတယ်
အိုးအိမ်စွန့် ခွာထွက်ပြေးနေရတဲ့ လူတန်းရှည်ကြီးတွေ ရှိတယ်
ကလေးရေ
အားရအောင်ငို
ငိုလို့ ဝရင် မျက်ရည်သုတ်
မင်းအလုပ်တွေ လုပ်ရမယ်။
မင်းအမေကို ချစ်ရင်
ပညာတတ်အောင် သင်
အဲ့ဒီ ပညာနဲ့ 
မြန်မာပြည်မြေပုံပေါ်က ပျောက်ဆုံးသွားတဲ့ မင်းရွာလေးအကြောင်းကို မင်းပြောပြ
မင်းအမေရဲ့ အိမ်လေးအကြောင်း မင်းသီကုံး
မင်းပျော်ခဲ့တဲ့ ကောက်သစ်စားပွဲတော်အကြောင်း မင်းဖွဲ့ နွဲ့ 
မင်းချစ်တဲ့ သင်တိုင်းဖြူမလေးတွေကို မင်းအားပေး
မင်းရွာသားတွေအကျိုး မင်းသယ်ပိုးပါ။
အဲ့ဒီအခါကျရင်
တမလွန်က မင်းအမေ
ကျေကျေနပ်နပ်ကြီး
လက်ခုပ်တီးပြီ ကလေးရေ…..။
(နိုဝင်ဘာ ၁၆၊ ၂၀၁၄)