နိုင်ငံတကာရေးရာ

မောင်ဥက္ကလာ – နွားသူခိုး၊ ခွေးချီး နဲ့ ကြင်ဖော်မဲ့များ

မောင်ဥက္ကလာ –  နွားသူခိုး၊ ခွေးချီး နဲ့ ကြင်ဖော်မဲ့များ 

ထွေထွေရာရာ ဤကမ္ဘာ (နိုဝင်ဘာလ ၁၂၊ ၂၀၁၄)

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၄

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာဖတ်သူများအတွက် မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

နွားသူခိုး

တကယ်တော့ ဒီအကြောင်းရေးလို့ ရွှေမြန်မာတွေက ဘာများထူးဆန်းလို့လဲ … တို့ဆီမှာ နွားသူခိုး၊ လယ်ဓမြတွေ ပေါမှပေါ … ပေါ်တင်ကြီး ကြမ်းနေကြတာ မတွေ့ဘူးလားလို့ ပြောမှာသေချာတယ်။ ရွှေတွေအဖို့ မထူးဆန်းပေမဲ့ မိုးမခဆရာရစ်တို့ပြည်နယ် တောင်ပိုင်းကယ်လီဖိုးနီးယားမှာတော့ အထူးအဆန်းပေါ့။

 ဖြစ်ပုံက တကယ်တော့ ခုတ်ရာတခြား ရှရာတလွဲ … ကားပြင်ဆိုင်တဆိုင်နားမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်လိုက်တဲ့ အသက် (၃၁) နှစ်အရွယ် ဆန်တာနာ (Santana) ဆိုသူကို ကိုရွှေရဲ က စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်မှုနဲ့ ဒဏ်ရိုက်ဖို့ (ရွှေပြည်မှာဆိုရင် ပစ်ချင်သလို စွန့်ပစ်နေတဲ့ လူတွေကို ဖမ်းဆီးဒဏ်ငွေရိုက်ရရင် နေ့တွင်း ညတွင်းချင်း သန်းကြွယ်သူဌေး ဖြစ်သွားနိုင်တယ်နော်။) အနားချဉ်းကပ်သွားပြီး မသင်္ကာလို့ ကားထဲကို တချက်ကြည့်လိုက်တော့ ကားနောက်ခန်းထဲမှာ လဲလျောင်းနေတဲ့ နွားပေါက်လေးတစ်ကောင်ကို တွေ့တယ်။

ဆန်တာနာရဲ့   ဖြောင့်ချက်က ဓါတ်ဆီဆိုင်တဆိုင်က ဒေါ်လာ (၂၀၀) နဲ့ ပေးဝယ်လာကြောင်း။ ဒါပေမဲ့ ဆန်တာနာရဲ့  ထွက်ဆိုချက်ကို ရဲက လက်မခံ၊ မယုံကြည်တာနဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို အကြောင်းကြားပြီး စစ်ဆေးလိုက်တော့ နွားပေါက်လေးရဲ့  နားရွက်မှာ ရှိရမယ့် မှတ်ပုံတင်တံဆိပ်လေးကို အတင်းအဓမ္မ ဖြုတ်ပစ်ထားတာကို တွေ့ရတယ် (လယ်သမားတွေရဲ့  မြေဂရမ်တွေကို ဖျက်ဆီးပစ်ပြီး မြေသိမ်းတဲ့ ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေ လုပ်သလိုပေါ့)။ ဒါကြောင့် တရားဝင်လိုင်စင်မရှိ၊ ဝယ်ယူလာတယ်ဆိုတဲ့ သက်သေအထောက်အထား၊ စာရွက်စာတမ်းမရှိတဲ့ ဆန်တာနာ ကို တရားမဝင် တိရစ္ဆာန်များ ခိုးသယ်ယူမှုနဲ့ အရေးယူဖမ်းဆီးလိုက်ပြီး နွားပေါက်လေးကိုတော့ တိရစ္ဆာန်များ ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတယ်။  (သတင်း – US News)

တကယ့် ခွေးချီး

မက်ချက်ချူးဆက်ပြည်နယ်၊ Springfield မြို့ သား ဒေါသကြီးတဲ့ အသက် (၃၃) နှစ်အရွယ် မိုက်ကလ် ဗဲလန်တင် (Michael Valentin) တစ်ယောက် အသက် (၄၆) နှစ် နဲ့ အသက် (၂၃) နှစ်အရွယ် အမေနဲ့သမီးတို့ကို ဒါးနဲ့ ထိုးသတ်မှု (ဒဏ်ရာ အပြင်းအထန်ရပြီး အသက်မဆုံးရှုံး) နဲ့ ထောင်နန်းစံရတော့မည်။ ဒါးနဲ့ ထိုးသတ်ချင်စိတ်ဖြစ်အောင် အဲဒီ သမီးနဲ့အမေ က ဘာပြောလို့လဲ။ ဘာလုပ်လို့လဲ။ ဘယ်လို ရန်ငြိုးကြောင့်လဲ မပြောရင် မသိဖြစ်တော့မည်။

အဖြစ်က ဂလို … သူတို့တွေက အိမ်နီးနားချင်း အပေါ်ထပ်အောက်ထပ် နေကြသူတွေ။ အမေနဲ့သမီးမှာ pit bull အမျိုးအစား ခွေးတစ်ကောင်ရှိတယ်။ အဲဒီခွေးက မိုက်ကလ်ရဲ့  လှေကားနားနဲ့ ဘေးမြက်ခင်းတွေပေါ် မစင်စွန့်သွားခဲ့တယ်။ ဒါကို ပိုင်ရှင်ဖြစ်သူတွေ ရှင်းလင်းခြင်း မလုပ်ဘူး။ (ဒီနိုင်ငံမှာ ခွေးလေခွေးလွင့် မရှိ။ မွေးထားတဲ့ ခွေးဆိုရင် တနေ့ကို အနည်းဆုံးတကြိမ်၊ နှစ်ကြိမ် အိမ်ပြင်ထုတ် လမ်းလျှောက်ပေးရတယ်။ အဲဒီအချိန် ခွေးက မစင်စွန့်ရင် ပိုင်ရှင်လုပ်သူက ပလက်စတစ်အိတ်နဲ့ စွန့်ပစ်တဲ့မစင်တွေကို သေသေချာချာ ကောက်ယူထုပ်သိမ်းပြီး အမှိုက်ပုံထဲကို စွန့်ပစ်ရတယ်။) သူတို့အပြုအမှုကို သဘောမကျတဲ့ မိုက်ကလ် က အမေနဲ့သမီးကို ပြောဆိုတော့ … ဟိုနှစ်ယောက်က ရန်ပြန်တွေ့ပြီး ဝူးဝူးဝါးဝါး ဖြစ်ကုန်ကြတော့ တိုက်ခန်းအိမ်ရှင် ဖုန်းဆက်အကြောင်းကြားလို့ ရဲတွေ ရောက်လာပြီး တင်းမာနေတဲ့ ပြဿနာကို ပြေရာပြေကြောင်း ဖြေရှင်းပေးလိုက်တယ် (တော်လိုက်တဲ့ ရဲတွေ … မြန်မာ့ငြိမ်းချမ်းရေးစင်တာ က ပဋိပက္ခ စေ့စပ်ဆွေးနွေးရေးသမား ဦးအောင်နိုင်ဦး ရေးထားတဲ့ Dialogue စာအုပ် ဖတ်ထားသလားမသိ)။

အဲ … ရဲတွေဖြေရှင်းပြီး ပြန်ထွက်သွားတော့ ဘယ်လို ထပ်ဖြစ်ကြလဲမသိ။ ဒေါသကုမ္မာရ က ပွစိပွစိ၊ ဗြစ်တောက်ဗြစ်တောက် စောင်းမြောင်းပြောဆိုနေတဲ့ အမေနဲ့သမီးကို ဒါးနဲ့ ထိုးသတ်တော့တယ်။ အရှောင်အတိမ်ကောင်းလို့လား၊ ထိုးချက်မမှန်လို့လား မသိ … လည်ပင်း နဲ့ မျက်နှာတွေမှာပဲ ဒဏ်ရာအသီးသီးရသွားပြီး အသက်ဘေးမှ ကင်းဝေးခဲ့တယ်။ ကိုယ့်ခွေးချီးကို တာဝန်ပျက်ကွက် မရှင်းတာကြောင့် ခွေးချီးဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့  ဒေါသကြောင့် သေပွဲမဝင်ရတာ ကံကောင်း။

 နောက်ဆို ဒီ အမေနဲ့သမီးလည်း ဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းအတိုင်း ခွေးချီးမကျုံးချင်ရင်တော့ အမှိုက်ပစ်ချင်သလို ပစ်လို့ရတဲ့ ရွှေပြည်ပြောင်းနေပေါ့။ ရွှေပြည်မှာ အမှိုက်တွေ၊ ခွေးချီးတွေ ဘယ်လောက်များသလဲဆို လွှတ်တော်ထဲတောင် ရောက်နေကြတယ် မဟုတ်လား ။ (သတင်း – Huffington Post)

ရည်းစားလိုချင်တယ်

ဒီပုဂ္ဂိုလ်ရဲ့  လုပ်ရပ်ကိုကြည့်ပြီး ကိုထွန်းနောင် (နောက်ပိုင်း Examplez ထွန်းထွန်းတို့ ပြန်ဆိုထားတဲ့) မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ် သီချင်းကြောင့်လားလို့ တွေးထင်မိတယ်။ အမေရိကန်တောင်ပိုင်း ဖလော်ရီဒါ (Florida) ပြည်နယ် Naples မြို့ က အသက် (၄၅) နှစ်အရွယ် စတီဖန် ရမ်ဆေး (Stephen Ramsey) တစ်ယောက် ရည်းစားမရှိ အဖော်မဲ့ အထီးကျန်ဘဝနဲ့ ကြောင်တောင်တောင်ဖြစ်ပြီး အသက်အန္တရာယ် အရေးပေါ်ကိစ္စရှိမှ ခေါ်ရတဲ့ ၉၁၁ (ရဲ၊ မီးသတ်၊ ဆေးရုံ) ဖုန်းနံပတ်ကို အကြိမ်ကြိမ်ခေါ်ပြီး ဖုန်းလက်ခံဖြေကြားတဲ့ တယ်လီဖုန်း အော်ပရေးတာ အမျိုးသမီးကို သူမှာ ရည်စားမရှိ၊ တကိုယ်တည်း ရည်းစားရှာနေသူဖြစ်ကြောင်း၊ သူကို အော်ပရေးတာ အမျိုးသမီး စိတ်ဝင်စားရင် သူ့ရည်းစားအနေနဲ့ အပြင်လျှောက်လည်၊ ချိန်းတွေ့ဖို့ ထပ်ခါတလဲလဲ ပြောဆိုတယ်။

၉၁၁ အော်ပရေးတာ က သူ့အနေနဲ့ စိတ်မဝင်စားကြောင်း၊ အရေးပေါ်ကိစ္စမဟုတ်လို့ ဖုန်းချဖို့ ပြောဆိုပေမဲ့ စတီဖန် က ဖုန်းမချဘဲ ရိသဲ့သဲ့ ပလီပလာ ပီအာရ် ဆက်လုပ်နေတယ်။ ဒါနဲ့ ရဲအရာရှိတစ်ယောက် စတီဖန်အိမ်ကို သွားရောက်ပြီး ဖုန်းခေါ်အနှောင့်အယှက် မလုပ်ဖို့ တားမြစ်တော့ အရက်နံ့ တထောင်းထောင်းနဲ့ ကောင်းနေတဲ့ စတီဖန်က အမှန်တကယ် ရည်းစားတစ်ယောက်လောက် သို့မဟုတ် အဖော်တစ်ယောက်လောက် လိုချင်ကြောင်း၊ သူကို ကူညီရှာပေးဖို့ ထပ်တောင်းဆိုတယ်။ ပြောမရဆိုမရ၊ ထိန်းမနိုင် ရည်းစားအဖော် လိုချင်နေသူ စတီဖန် ကို ကိုရွှေရဲ က ကူညီတဲ့အနေနဲ့ ၉၁၁ ဖုန်းနံပတ်ကို အကြောင်းမဲ့ဆိုခြင်း၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ အလွှဲသုံးစားလုပ်ခြင်း နဲ့ တာဝန်ရှိသူများကို စော်ကားမှုတွေနဲ့ ဖမ်းဆီးအရေးယူလိုက်ပြီး ဒဏ်ငွေ ဒေါ်လာနှစ်ထောင် ပေးဆောင်ဖို့ အမိန့်ချလိုက်တယ်။  (သတင်း – Daily Mail, UK)

နောင်ဘဝ ကြင်ဖော်

ပြောရင်လည်း လွန်ရာကျမယ် … နေပြည်တော်က ပုဂ္ဂိုလ်ကြီးတွေရဲ့  အချစ်တော် တရုတ်ပေါက်ဖော်တွေ လုပ်ရပ်ကတော့ မယုံနိုင်လောက်စရာ။ တရုတ်ပြည် အရှေ့ ဘက်ခြမ်း ရှန်ဒေါင်နယ်မှာ အလောင်းတွေ ပြန်လည်းတူးဖော်ယူပြီး ရောင်းချနေကြတဲ့ ဂိုဏ်းအဖွဲ့ဝင် (၁၁) ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်။ ဒီအဖွဲ့က လောလောလတ်လတ် သေဆုံးသွားခဲ့တဲ့ မိန်းမအလောင်းတွေကို ရှာဖွေတူးဖော်ပြီး သက်မဲ့/တစ္ဆေ သတိုးသမီးလောင်းများအဖြစ် ပြန်ရောင်းစားကြတယ်။ ရှေ့ ရိုးစွဲအယူ ရှင်သန်နေတဲ့ ဝေးလံခေါင်းပါး ကျေးလက်တောရွာတွေမှာ မိဘများက သူတို့သားယောက်ျားတွေ ဒီဘဝမှာ လူပျိုဘဝ (အိမ်ထောင်မပြုဘဲ) နဲ့  သေဆုံးသွားကြတဲ့အခါ သူတို့အတွက် ကြင်ဖော်သတိုးသမီး ဝယ်ပြီး သားရဲ့  မြေပုံဘေးမှာ ယှဉ်တွဲမြုပ်နှံပေးခြင်းဖြင့် နောင်ဘဝတွေမှာ တကိုယ်တည်း အထီးကျန် ကြင်ဖော်မဲ့ မဖြစ်တော့ဘူးလို့ ယုံကြည်တာကြောင့် ဂလို စီစဉ်ပေးခြင်းဖြစ်တယ်တဲ့။

အမျိုးသမီးအလောင်း လတ်လတ်ဆတ်ဆတ်ဆိုရင် အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးထောင် တန်းဖိုးရှိတယ်။ အနည်းဆုံး ရက်လပိုင်းအတွင်း သေသွားပြီး မြုပ်ထားတဲ့အလောင်းကို လိုချင်ကြတယ်။ ခြောက်လကျော်၊ တနှစ်လောက်ရှိတဲ့ အလောင်းဆိုရင်တော့ ဘယ်သူမှ စိတ်မဝင်စားဘူး။ ရောင်းဝယ်လို့ မရဘူးလို့ အဖမ်းခံ ဂိုဏ်းခေါင်းဆောင် က ဝန်ခံပြောဆိုတယ်။ အခုတော့ အဖမ်းခံရတဲ့ အလောင်းဖော် ဂိုဏ်းသားတွေ တရားမဝင် အလောင်းဖော် ရောင်းဝယ်မှုနဲ့ ထောင်ဒဏ် (၃) နှစ်လောက် ကျခံရဖို့ရှိတယ်။

အဲ … ဒီသတင်းကြားလို့ ရွှေပြည်မှာရှိတဲ့ မြေပေါ်မြေအောက် တောတောင်ပင်လယ်ထဲက ပစ္စည်းမှန်သမျှ သူတို့ပစ္စည်းဆိုပြီး ရောင်းထုတ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေ နဲ့ ခရိုနီတွေ သုသာန်သင်္ချိုင်းတွေကို သိမ်းပြီး အလောင်းတွေ တူးဖော်ရောင်းနေအုံးမယ်။ ပြောလို့ရတာ မဟုတ်ဘူး တကယ်လုပ်မယ့် လူတွေ။ (သတင်း – Time)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ဥက္ကလာ – နွားသူခိုး၊ ခွေးချီး နဲ့ ကြင်ဖော်မဲ့များ
  1. နောက်ဆုံးအဖြစ် မိန်းမအလောင်းဖေါ်ရောင်းစားတာ တစ်ကယ်လား… ။ တော်တော်တန်ဖိုး

Comments are closed.