ရေခြားမြေခြား မြန်မာများ ကြော်ငြာကဏ္ဍ

ဇာဝါရီ – နွှဲလိုက်ကြစို့ ပျော်ပျော်ပါးပါး

 

ဇာဝါရီ – နွှဲလိုက်ကြစို့ ပျော်ပျော်ပါးပါး

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၄

ရာသီအကူးအပြောင်း ဆောင်းဦးအကြိုကာလမှာ အမေရိကန်အရှေ့ ဘက်ခြမ်းတခွင်ရှိ သစ်ပင်သစ်ရွက်တွေ စိမ်းဝါနီ အရောင်ပြောင်းပြီး တဖြည်းဖြည်းနဲ့ ရွက်ဟောင်းတွေ ကြွေကျမြေခ ကွယ်ပျောက်သွားကြတော့မည်။ ကောင်ကင်တခွင်မှာလည်း မြူနှင်းတွေဝေကာ ငွေနှင်းပွင့်တွေလည်း မကြာခင် ရောက်ရှိလာတော့မည်။ ဒီလို လွမ်းမောဖွယ်ကောင်း ချမ်းစိမ့်စိမ့် အေးမြလှတဲ့ ဆောင်းရာသီကို မယ်ရီလန်၊ ဗားဂျီနီးယား၊ ဝါရှင်တန်ဒီစီ ပြည်နယ်တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေ ကြိုဆိုရင် မြန်မာပြည် အလွမ်းပြေ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲတပွဲ ကျင်းပပြုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒီလိုအချိန်ဆိုရင် မြန်မာပြည်မှာတော့ မြို့ ရွာရပ်ကွက်တွေမှာ တန်ဆောင်တိုင် ကပွဲခုန်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြတယ် မဟုတ်လား။

လာမယ့် စနေနေ့၊ နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းမှာ မယ်ရီလန်းပြည်နယ်၊ Gaithersburg မြို့  Shady Grove အလယ်တန်းကျောင်း ကပွဲခန်းမမှာ ကျင်းပပြုလုပ်သွားမယ့် မြန်မာ့ယဉ်ကျေးမှု ပဒေသာကပွဲကို မယ်ရီလန်း၊ ဗားဂျီနီးယား နဲ့ ဝါရှင်တန်ဒီစီ ပြည်နယ်မြို့ တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြန်မာကွန်မြူနီတီအသင်း (Burmese Community Association) က ဦးဆောင်စီစဉ် ပြုလုပ်တာဖြစ်တယ်။ ဒီ ပဒေသာကပွဲမှာ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်တက္ကသိုလ် ကျောင်းတက်နေကြတဲ့ မြန်မာပြည်ဖွား လူငယ်လူရွယ် ဝါသနာရှင်များ၊ မြန်မာ့မိသားစုအသင်း တည်ထောင်ထားတဲ့ သပြေညို မြန်မာစာကျောင်းမှ ကျောင်းသူကျောင်းသားများ နဲ့ မိဘတချို့  ပါဝင်ဆင်နွှဲကြမယ်။

ပညာရှင်များမဟုတ် ဝါသနာရှင်များ တင်ဆက်တဲ့ပွဲ ဆိုပေမဲ့ မြန်မာ့ရိုးရာ အဆိုအကများကို မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်ကျောင်းဆင်း အကနည်းပြဆရာမ မအေးနွယ်လှိုင်၊ ဝါရင့်မြန်မာအက ဆရာမ မမြတ်ယဉ်ချော၊ ပွဲတိုင်းကျော် ကိုရင်ထွေး နဲ့ မြန်မာနိုင်ငံ ဆိုကရေးတီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရ ကိုစည်သူ တို့က ရက်ပေါင်းများစွာ ကြီးကြပ်သင်ကြားပေး၊ ပြင်ဆင်ထားတာကြောင့် မြိုင်မြိုင်ဆိုင်ဆိုင်၊ မြူးမြူးကြွကြွ၊ ပျော်စရာကောင်း၊ အလွန်ကြည့်ကောင်းမယ့်ပွဲလို့ သူတို့တင်ဆက်မယ့် အစီအစဉ်များ၊ ပြင်ဆင်လေ့ကျင့်မှုတွေကို ကြည့်ပြီး ပြောနိုင်တယ်။

မြန်မာမိသားစု ကွန်မြူနီတီအသင်းရဲ့  မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းလက်ဆင့်ကမ်း ရည်ရွယ်ချက်အတိုင်း ဒီ ပဒေသာကပွဲမှာ ဖျော်ဖြေတင်ဆက်မယ့် အဆိုအကများမှာ ပုဂံအက၊ ဆီးမီးခွက်အက၊ စံတော်ချိန်အက၊ မင်းသားမင်းသမီးအက၊ အပျိုတော်၊ မမ ပုသိမ်သူ၊ ကျေးရွာအလှ ပန်းကောက်တေး၊ ဦးရွှေရိုး ဒေါ်မိုး၊ မှုံေ​ရွှ​ရ​ည်၊ ဖက်ရှင်ရှိုး နဲ့ တချိန်တခါက နံမည်ကြီး ရေဒီယိုဓါတ်ပြားရ သီချင်းများ၊ တေးသရုပ်ဖော် နဲ့ တခန်းရပ် ဟာသပြဇာတ်တို့ ဖြစ်တယ်။ ဒီ မြန်မာမိသားစုအသင်း ရန်ပုံငွေ ပဒေသာကပွဲ ဖြစ်မြောက်ရေးအတွက် နေ့တဓုဝအလုပ်တွေ၊ ရပ်ရွာသာရေးနာရေး လူမှုရေးကိစ္စတွေနဲ့ အလွန်အလုပ်များတဲ့ ကိုရင်ထွေး၊ မမြတ်ယဉ်ချော၊ ကိုစည်သူ၊ အကနည်းပြဆရာမ မအေးနွယ်လှိုင်တို့က နေညရက်ပေါင်းများစွာ ဦးဆောင်ကြီးကြပ်ပြီး အဆိုအကတိုက်၊ အစီအစဉ်များ ရေးဆွဲပြီး သူတို့အနေနဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာ အလှအပတွေကို မြန်မာမိသားစုတွေကြား ဆက်လက်ရှင်သန်နေဖို့၊ မျိုးဆက်သစ်လူငယ်များ (ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းကြတဲ့ မြန်မာခလေးငယ်များ) ကို လက်ဆင့်ကမ်းဖို့ နဲ့ တိုင်းတပါးနိုင်ငံခြားသား မိတ်ဆွေများအတွက် ကြိုးစားတင်ပြသွားမယ်လို့ ဆိုပါတယ်။

 

ဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ စာရေးသူကတော့ အသံ၊ ရုပ်ရည်၊ အနုပညာပါရမီ တစက်မရှိတော့ စင်ပေါ်တက် မဖျော်ဖြေနိုင်ပေမဲ့ လိုအပ်တာများကို ဝိုင်းဝန်ကူညီပံ့ပိုးပေးပြီး မြန်မာပြည်အလွမ်းပြေ မြန်မာ့ယဉ်ကျေးမှု ပဒေသာကပွဲကို ရပ်နီးရပ်ဝေးမှာ နေထိုင်ကြတဲ့ မြန်မာမိသားစုများကို မယ်ရီလန်း၊ ဗားဂျီနီးယား၊ ဒီစီ မြန်မာမိသားစုများနဲ့အတူ ပျော်ပျော်ပါးပါး ဆင်နွှဲကြဖို့ ကြေညာမောင်းခတ်လိုက်ခြင်း ဖြစ်ပါတယ်။ ထပ်ပြောရရင် ပွဲကြည့်ပရိသတ်တွေ အမြင်ဆန်းပြီး သဘောကျနှစ်ခြိုက်မယ့် ပျော်ရွှင်စရာ ပွဲကောင်းတပွဲ ဖြစ်ပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts