ဝေဖန်ရေးရာ

မောင်မောင်လတ် (ရွှေအင်းလေး စာပေ) – ကြီး (၉) ကြီး ပြဇာတ်ရဲ့ အဆုံး

 

မောင်မောင်လတ် (ရွှေအင်းလေး စာပေ) – ကြီး (၉) ကြီး ပြဇာတ်ရဲ့ အဆုံး

(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၁၄

 

တကြိမ် တခါက အနောက် နံရံပေါ် ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ် ဓာတ်ပုံ တပုံက တပြည်လုံး နိုင်ငံသား အားလုံး မူးမိုက် ရှော့ ဖြစ်သွားစေခဲ့တဲ့ ဂယက် အရှိန်က တော်တော်နဲ့ မပြေနိုင်သေးချိန်။  မနေ့တနေ့ က ပြီးသွားခဲ့တဲ့ ထိပ်သီး ဆွေးနွေးပွဲ ဓာတ်ပုံကို မရဲတရဲ လှမ်းမျှော် အကြည့် မှာတော့ ရဲရဲတောက် အနီရောင် ခန်းဆီးကြီး တခုကို နောက်ခံ ပြုထားပါလား။

ဆွေးနွေးပွဲ စားပွဲဝိုင်းကြီးက အနီရောင် တောက်တောက် အောက်မှာ တိမ်မြုပ်နေပါလား။

သြော်.. ကိုးရီးယား ရုပ်ရှင်၊ တေးဂီတ၊ ယဉ်ကျေးမှု တွေက လူငယ် လူရွယ်တွေကြား ထိုးဖောက် ပျံ့နှံ့နေရုံသာ ပျံနှံနေပေမဲ့ အာဏာရှင် တဖြစ်လဲ အယောင်ဆောင် စစ်အစိုးရ အပေါ် ဆွေမျိုး ပေါက်ဖော် ရဲ့ ယဉ်ကျေးမှုက အတော် အမြစ်တွယ်နေပါ ပေါ့လား။

ရပ်တည်ချက် တခု၊ ရည်မှန်းချက် တခု၊ လက်ဆုပ် လက်ကိုင်ထားတဲ့ အရာတခု အပေါ် မပြောင်းမလဲ မြဲမြဲမြံမြံ ခိုင်ခိုင်မာမာ ရပ်တည်ခြင်း၊ ဆုပ်ကိုင်ခြင်း၊ ပြတ်သားခြင်း၊ တလုံးတစည်း ရှိခြင်းတွေကို ဖော်ညွှန်း သတ်မှတ်ထားတဲ့ ဖုန်းရွှေ နည်းပညာရပ် အပေါ် အသုံးချလိုက်လေသလား၊၊

နောက်ခံ အခင်းအကျဉ်း အပြင်အဆင်က ဖုန်းရွှေ နည်းပညာ အစီအရင်အတိုင်း၊ ဆွေးနွေးပွဲဝိုင်း ဆွေးနွေး ပြောဆိုသွားတာကလည်း ဖုန်းရွှေတို့ရဲ့ အရှင်သခင် ဆွေမျိုး ပေါက်ဖော် နဂါးကြီးရဲ့ လေယူလေသိမ်း အတိုင်း ထပ်တူတပ်မျှ ဆိုတော့ ဘာဆိုဘာမှ ပြောစရာ ငြင်းစရာမရှိ၊ လက်ညှိုး ထိုးပြစရာမရှိ၊၊

သို့လော သို့လော တီးတိုး တီတိုး မျက်တောင်မခတ် စောင့်ကြည့်လိုက်ရတဲ့ ထိပ်သီး ဆွေးနွေးပွဲကြီးက ပေါ့ပျက်ပျက် အပေါစား စုံထောက်ကား တကား ကြည့်ရသလိုပါပဲ။  အဖန် တစ်ရာမက တဖွဖွ ပြောပြောနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုတဲ့ လုပ်ရပ် အားလုံးဟာ (၂၀၀၈) ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာ ရပ်တည် လှုပ်ရှား ရမှာကို ကျောရိုးပြုပြီး စစ်အာဏာရှင် တစုရဲ့ လက်ကိုင်တုတ် တပ်မတော်ကလည်း တပ်မတော်မူ (၆) ချက်ကို မလျှော့စတမ်း မပြင်ဆင် စတမ်း အသေဆုပ်ကိုင်ပြီး မီးစ တဖက် ရေမှုတ် တဖက် အနေအထားကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါပဲ။

ရွေးကောက်ရေးက တဖက် နိုင်ငံတော် တည်ငြိမ်ရေး ကတဖက် ကြိုက်ရာ ရွေးဆိုတဲ့ သဘော က ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ အပေါ် အေးဓားပြ တိုက်လိုက်တဲ့ အဖြစ်မျိုးပါ။

စကားလုံး အရောရော အထွေးထွေး ကြားက နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေ ရှာနိုင်ဖို့ နိုင်ငံရေး မူဘောင် ချမှတ်ပြီး အဲဒီ မူဘောင် အောက်ကနေ  ဆွေးနွေးကြမယ် လိုလို၊ ဆွေးနွေးသင့်တယ် လိုလို မရေရာ မသေချာ၊ မရဲတရဲ၊ မပွင့်တပွင့် ထွက်လာတဲ့ စကားတခု ကတော့ နောက် ပရိယာယ် နည်းဗျူဟာ အသစ်တခုလို့ ဆိုနိုင်မယ်။

အဖြစ်အပျက် ဖြစ်စဉ်တွေက လယ်ကွင်းပြင်ထဲ ဆင်ဖြတ် လျှောက်သလို ထင်ထင်ရှားရှား ဆင်သွားရာ လမ်းဖြစ် ရုံတင် မဟုတ်တော့ ဖြစ်လာနိုး၊ ခံစားလာနိုင်နိုးနဲ့ မျှော်လင့်ချက် တကြီး တပင်တပန်း ပြုစု ပျိုးထောင်ခဲ့တဲ့ သီးနှံခင်း တခုလုံး ရည်ရွယ်ချက်ရှိရှိ ကြိုတင် အကြံအစည်နဲ့ နင်းချေ ဖျက်စီးလိုက်ပါပြီ၊၊

အပြုံးချိုချို ပလီပလာ စကား ကြွယ်ကြွယ်နဲ့ သရုပ်ဆောင် ကောင်းတဲ့ ငြိမ်းချမ်းရေး သံတမန်ကြီးများ ဦးဆောင်တဲ့ အပစ်ခတ်ရပ်စဲရေး ဇာတ်ကားကြီး မရှုမလှ ဆုံးရှုံးခဲ့ရတဲ့နောက် အစားထိုးလာတဲ့ အဆင့်မြင့် ထိပ်သီး ဆွေးနွေးပွဲ ပြဇာတ် အသစ်အပေါ် ကိုးရီးယား အချစ်ဇာတ်လမ်းတွဲတွေလို.စိတ်ဝင်တစား ငေးမော ကြည့်နေဦးမှာလား၊၊  မဖြစ်နိုင် မလာနိုင်တော့တဲ့ နိုင်ငံတကာ ဖိအားကို မျှော်ကိုးရင်း နိုင်ငံတကာရဲ့ ဒီမိုကရေစီ အခင်းအကျင်း ကြိုးပမ်း အားထုတ်မှုတွေကို ပါးစပ် အဟောင်းသား ငေးကြည့်နေတော့မှာလား၊၊

ပြည်သူ အတွက်တော့ အနာဂတ်ကြီးက မရေရာ မသေချာ ဝေဝါးဝါး၊ ရှေ့လုပ်ရမဲ့ လုပ်ငန်းစဉ်တွေက ဝေ့လည်လည် မရှင်းမလင်း၊ လက်ရှိ ရပ်တည်နေတဲ့ အဖြစ်က ရှေ့မတိုးသာ နောက်မဆုတ်သာ လမ်းဆုံလည်း မဟုတ်၊ လမ်းခွဲရယ်လို့လည်း မမည်၊ လမ်းခုလတ်လို့လည်းပြောမရ၊ သမိုင်း စာမျက်နှာမှာတော့ ဗလာသက်သက်။

ပြည်သူရဲ့ တခြား တဖက် စစ်အုပ်စု အတွက်တော့ အနာဂတ်ကြီးက လင်းလင်း ထင်းထင်း။ ရှေ့ဆက် လုပ်ငန်းတွေက ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာ၊ ရက်ရက်စက်စက်။  ရွှေခုနစ်ဆက် မျိုး ခုနစ်ဆက် တိုင်တိုင် အလုံးစုံ စစ်ကျွန်ဘဝ နဲ့ အစဉ်အဆက် ဖိနှိပ်နိုင်ရေး။  နိုင်ငံတကာ အမြင်လှအောင် လှည့်ဖြားရအောင် လက် တဖက်က ကိုင်ထားတဲ့ ရေမှုတ်က တခု၊  တက်ကြွလှုပ်ရှားသူ ဒီမို ဘက်တော်သားတွေကို မီးလောင်တိုက်သွင်းမဲ့ မီးစက တခု။

ယနေ့ သူတို့ ရပ်တည်နေတဲ့ အနေအထားက မတရား ခိုးဝှက် လုယက်ထားတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ၊ မြေပေါ် မြေအောက် သယံဇာတ၊ ဥယျာဉ် ခြံမြေ တိုက်တာ အဆောက်အအုံ တွေအတွက် မပျောက်ပျက် မဆုံးရှုံး ရအောင် ဓားဓားချင်း၊ လှံလှံချင်း တိုက်ခိုက် ချေမှုန်း ပစ်ဖို့ သွေးတကြွကြွ ဟန်ရေး တပြင်ပြင်၊၊

ဒီပုံ ဒီနည်း အတိုင်း မိုးကြီးချုပ် ခဲ့ရရင်တော့ နောက်တနေ့ မိုးအလင်း လာမဲ့ မျိုးဆက်သစ်တွေ အားလုံး ကျောက်ဖြူ ကူမင်းသွား  ရထားပေါ် လက်ကြိုးတုပ်ပြီး (၂၁) ရာစု ခေတ်သစ်ကျွန်အဖြစ် တရုတ်ပြည် တဝှမ်း မြို့ကြီး ပြကြီး လူစည်ကားရာ အရပ်မှာ ရောင်းစားခံနေရမဲ့ အဖြစ်က မြေကြီး လက်ခတ်မလွဲ။

တချိန်က လက်ပြန်ကြိုးတုပ်ခံလျက် သဘောင်္ပေါ်က ဆင်းလာတဲ့ ကျေးကျွန်တွေကို လက်ဆစ်၊ လက်မောင်း ပုခုံးသား အရိုးအဆစ် ကောင်းမကောင်း ရွေးချယ် စိစစ်ကြသလို ကျေးဇူးရှင် ဆွေမျိုးပေါက်ဖော် တွေက နောင်လာမဲ့ မျိုးဆက်သစ်တွေကို  ခိုင်းကောင်းမကောင်း စစ်ဆေးတာထက် ပိုပြီး.ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ ရှိမရှိ လူပုံအလယ်  အများရှေ့ တကိုယ်လုံး အဝတ်အစားချွတ် စစ်ဆေးနေမှဖြင့် အိုး.. မိုင်.. ဂေါ့ဒ်… …။

 

မောင်မောင်လတ် (ရွှေအင်းလေး စာပေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts