မိုးမခကို ပေးတဲ့စာ
ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ 
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၄
ကေအဲန်ယူအကြောင်းကြားရတာ ကျနော်အတော် စိတ်ထိခိုက်ရပါတယ်။ ကိုယ့်မိခင်အဖွဲ့ အစည်း ကိုယ့်လုပ်ခဲ့တဲ့ အလုပ်ဖြစ်လို့ ကျနော်နဲ့ လည်း လိပ်ပြာမသန့် သလို ခံစားရတယ်။ ကျနော် အသက် ၆၀ကျော်လို့ ၇၀ ထဲရောက်နေပါပြီ ကျန်းမာရေးကြောင့် ကျနော် ကရင့်တော်လှန်ရေးထဲကနေ ထွက်ခွာပြီး နိုင်ငံခြားတိုင်းပြည်ကို ရောက်နေပေမယ့် ကျနော့်အဖွဲ့ အစည်းကို ကျနော် တနေ့ မှ မမေ့ပါ၊ ကျနော် ရဲဘော်များကိုလည်း ကျနော် မမေ့ပါ၊  ကျနော်လူမျိုးများကိုလည်း ကျနော်မမေ့ပါ။ 
ကျနော် အခုလို တခါမှ စာ မရေးဖူးပါ။ အခုလည်း မနေနိုင်လွန်းလို့ ရေးလိုက်ရတာပါ၊ ကရင်တယောက်အနေနဲ့ တော်လှန်ရေးသမားဟောင်း တယောက်အနေနဲ့ ကိုယ့်အဖွဲ့ အစည်း ကိုယ့်ခေါင်းဆောင် ကိုယ့်လူမျိုးတွေ မှားနေကြတယ်ဆိုရင် ပြောပြဖို့  ထောက်ပြဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိကြောင့်လည်း ကျနော်ရေးရ ပြောရတာပါ၊ အခု ဗိုလ်မူတူးစေးဖိုးတို့ ထူးထူးလေးတို့ ကွယ်ထူးဝင်းတို့ လုပ်နေတဲ့အလုပ်ဟာ ကျနော်တို့ ကေအဲန်ယူ ကရင့် အမျိုးသားခေါင်းဆောင်ကြီးတွေဖြစ်တဲ့ စောဘဦးကြီး မန်းဘဇန်တို့ ချခဲ့တဲ့ လမ်းစဉ်နဲ့ သူတို့ လျောက်ခဲ့တဲ့ လမ်းတွေနဲ့ လွဲနေပါတယ်။ ကရင်ပြည်သူများရဲ့ သဘောထားနဲ့ လည်း ဆန့် ကျင်နေပါတယ်။ ကျနော်တို့ အခုချိန်ထိ ရန်။ ငါ။ စည်း မပြတ်ကြသေးဘူး၊ ဒီအချိန်ထိ မပြတ်ကြသေးဘူးဆိုရင်တော့ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ အနာဂတ်က ရင်လေးစရာပဲ၊  
ကျနော်တို့ ခေါင်းဆောင်ကြီးတွေက ရန်သူကို ရန်သူလို မြင်ပြီးတိုက်ခဲ့ကြတယ်။ ရန်သူက ငြိမ်းချမ်းရေးစကားပြောလို့ ရှိရင် ကိုယ့်လူမျိုးတွေအတွက် ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိရင်လည်း ငြိမ်းချမ်းရေး အလုပ်ကို လုပ်ဖို ကျနော်တို့  စဉ်းစားတယ်။ ကျနော်တို့ ကေအဲန်ယူမှာ အဲ့ဒီလို ရန်သူ စစ်အစိုးရနဲ့  ငြိမ်းချမ်းရေးစကားတွေ ပြောခဲ့တာလည်း အကြိမ်ပေါင်း မနည်းဘူး၊ ကျနော် မှတ်မိသလောက် တာမလာဘောတို့ မန်းရှာတို့ ဆွေးနွေးခဲ့ကြတယ် မအောင်မြင်ဘူး ဒီအရင်လည်း ဖဆပလ။ မဆလ လက်ထက်မှာ ဆွေးနွေးခဲ့ကြတယ် ဘာမှမဖြစ်လာခဲ့ဘူး၊ ဘာကြောင့်လဲ သုံးသပ်တော့ ဒီ စစ်အစိုးရက သဘောထား မမှန်ဘူး။ ကျနော်တို့ ကို သူပုန်တွေလိုပဲ မြင်တယ်။ နှိမ့်ချ ဆက်ဆံတယ် တန်းတူရည်တူ မဆက်ဆံဘူး ငြိမ်းချမ်းရေး စကားပြောနေတုန်း ရှေ့ တန်းက ကျနော်တို့ စခန်းတွေကို တိုက်တယ် ကျနော်တို့ ပြည်သူတွေကို သတ်တယ် ရွာတွေ မီးရှို့ တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ ကျနော်တို့ ဘက်က အဲ့ဒီလို တခါမှ မလုပ်ခဲ့ဘူး။ ကျနော်တို့ ကတိတည်တယ်။ ထိန်းတယ် ဘာကြောင့်လဲ ကျနော်တို့ က တကယ်ငြိမ်းချမ်းချင်တာကိုး၊ သူတို့ က တော့ ငြိမ်းချမ်းရေးကို ယောင်ပြလုပ်ပြီး ကျနော်တို့ ကို အသုံးချတာပဲရှိတယ်။ ဒါဟာ တကယ့် ငြိမ်းချမ်းစေချင်တဲ့ စိတ်စေတနာမရှိလို့ ပဲ၊ 
ဟိုတလောက မန်းအိုင်ဖလုံး (မြစ်ဝကျွန်းပေါ်)က ရေးထားတဲ့ စာ ကျနော်ဖတ်ရတယ် သူစာထဲက ရေးတာတွေက အမှန်တွေချည်းပဲ။ ဟန်သာတာမွှေးတို့ ဝေသောတို့ လည်း အလိမ်ခံခဲ့ရတာပဲ နောက်ဆုံး ရန်သူကပဲ ကျနော်တို့ ကို အနိုင်ယူခဲ့တယ် ကျနော်တို့ တော်လှန်ရေးလုပ်တာ ကျနော်တို့ ကို အမျိုးသားတွေ လွတ်မြောက်ဖို့  ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဲ တောင်းဆိုခဲ့ကြတာ၊ ဖဆပလ။ မဆလ အစိုးရတွေက ကျနော်တို့ ကို ရန်သူလို သဘောထားပြီး တိုက်ခိုက်ခဲ့ကြလို့ ကျနော်တို့ လက်နက်ကိုင်ခဲ့ရတာ၊ ကျနော်တို့ စစ်တိုက်ချင်လို့ တော်လှန်ရေးလုပ်ခဲ့ကြတာမဟုတ်ဘူး။ စစ်တိုက်နေလို့ လည်း ကျနော်တို့ အောင်ပွဲရမယ်။ ငြိမ်းချမ်းရေးရမယ်လို့ လည်း ကျနော်တို့ တခါမှ မယူဆခဲ့ဘူး။ နိုင်ငံရေး စကားပြောမှပဲ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ကျနော်တို့ နားလည်ထားတယ်။ နားလည်လို့ လည်း ကျနော်တို့ ခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ်ကျိုးစားခဲ့ကြတယ်။ဒါပေမယ့် မပြေလည်ကြဘူး၊  ကျနော်တို့ ကရင်တွေ ကျနော်တို့ တိုင်းရင်းသားတွေအပေါ်မှာထားတဲ့ စစ်အစိုးရရဲ့ သဘောထားက မမှန်လို့ ပဲ၊ ဒါကို သိနေရက်နဲ့ အခု ကေအဲန်ယူ ခေါင်းဆောင်တွေ ထပ်လုပ်နေကြတယ်၊ ကျနော်သိတာ ငြိမ်းချမ်းရေးကိစ ကေအဲန်ယူတဖွဲ့ ထဲနဲ့ လုပ်လို့ မရဘူး ကျနော်တို့ တိုင်းရင်းသားတွေ စုစုစည်းစည်းလုပ်မှရမယ်။ 
အခုလည်း ကြည့် ငြိမ်းချမ်းရေးကိစကြောင့် ကျနော်တို့ ကရင်အချင်းချင်း ကျနော်တို့ တိုင်းရင်းသားအချင်းချင်း အမြင်တွေလွဲမှားနေကြရပြီး။ စိတ်မကောင်းတွေဖြစ်ရပြီ။ ကျနော်တို့ ကရင်ပြည်သူတွေလည်း ဒေါသတွေဖြစ်ကြရ ဟိုခေါင်းဆောင်တွေကို ဟိုလိုပြော ဒီခေါင်းဆောင်တွေကို ဒီလိုပြော သဘောထားတွေ ကွဲနေကြရပြီ၊ ဒါကို ရန်သူကတော့ အားရမှာပေါ့၊ ဒါကို သိန်းစိန်တို့ မင်းအောင်လှိုင်တို့ လက်ခုပ်တီးနေမှာပေါ့။ ဒီကောင်တွေကို ငါတို့ တိုက်စရာမလိုဘူးကွ သူတို့ အချင်းချင်းပဲ ဖြစ်နေကြပစေ ငါတို့ လက်ပိုက်ကြည့်နေရုံပဲလို့ ပြောနေကြမှာပေါ့။ 
ဟိုလွန်ခဲ့တဲ့ အနှစ်(၂၀)လောက်ထဲက ကျနော် ရိပ်မိနေခဲ့တာတခုရှိတယ်။  ဒါတွေကို သိလို့ မန်းရှာကို ကျနော်ပြောဖူးတယ်
 ဟေ့မန်း မင်းအကောင်တွေ ခြေလှမ်းသိပ်မမှန်ဘူး၊ ဒီအကောင်တွေ ဗိုလ်ချုပ်မြကို ၀ိုင်းဖြုတ်ပြီး ဘသင်စိန်ကို သုံးနေတာကို ကျနော်ထောက်ပြတယ်၊ ၁၂ ကြိမ်မြောက် ကေအဲန်ယူ ကွန်ကရက်မှာ ထူးထူးလေးဦးဆောင်တဲ့အဖွဲ့ က ဘသင်စိန်ကို ဥက္ကဋ္ဌ၊ ရာထူး ကွယ်ထူးကို အထွေထွေအတွင်းရေးမှူး ရာထူးရအောင် လုပ်ခဲ့ကြတယ်၊ ဗိုလ်ချုပ်မြက ဥက္ကဋ္ဌရာထူးက ပြုတ်သွားပြီး ဒု ဥက္ကဋ္ဌဖြစ်သွားတယ် မန်းရှာကတော့ မပြုတ်ဘူး၊ မန်းရှာက နိုင်ငံရေးအတွေးအခေါ်ကောင်းတဲ့လူဆိုတော့ မန်းရှာက မဲသာတယ်။ ဗိုလ်ချုပ်မြ ပြုတ်သွားတာကလည်း တမဲနဲ့ ကပ်ပြုတ်သွားတာ၊ ဒီမှာ ကျနော်မြင်တာက ကျနော်က ဗိုလ်ချုပ်မြကို သဘောကျတယ်။ သူက ပြတ်တယ် သတ္တိလည်းရှိတယ် ခေါင်းဆောင်ပီသတယ်။ 
ကျနော်  ခိုင်မာကျော်ဇော ရေးထားတဲ့ ဆောင်းပါး တခု ဖတ်ရတယ် မကြာသေးဘူး။ ကေအဲန်ယူ ခေါင်းဆောင်တွေ အကြောင်းရေးထားတာ။ အဲ့ဒီဆောင်းပါးကို ကျနော် လက်ခံပါတယ်၊ သူလည်း သူ့ အတွေ့ အကြုံနဲ့  သူသဘောကို တင်ပြတာလို့ ဒီလို ကျနော်နားလည်တယ်၊ ကျနော်လက်မခံနိုင်တာ တခုတော့ရှိတယ် အဲ့ဒါက ဗိုလ်ချုပ်မြက သူ့အမှားသူ သိလို့ ဝန်ခံတာ ပြုပြင်တာ သူ ထည့်မရေးခဲ့ဘူး၊ အဲ့ဒါ ကျနော်ထောက်ပြချင်တဲ့ အချက်ပဲ။ အဲ့ဒီတုန်းက အရေးပေါ်ညီလာခံပြီးတဲ့နောက် ငြိမ်းချမ်းရေးကိစတွေလုပ်ရင် တဦးချင်းသဘောထား။ ခရိုင်တခုထဲရဲ့ သဘောထားနဲ့ မလုပ်ဖို့ နောက် တပ်ပေါင်းစုတွေနဲ့ ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေကို လေးစားလိုက်နာဖို့ တွေကိုပါ ကျနော်တို့ ပြောကြတယ် ဗိုလ်ချုပ်မြလည်း သူ့ အမှားကို သူသိလို့ ပြင်ခဲ့တယ် နောက်ပိုင်းအစည်းအဝေးတွေမှာ ဒီကိစ္စတွေကို တာမလာဘောတို မန်းရှာတို့ က ဗိုလ်ချုပ်မြကို ထောက်ထောက်ပြတယ် ကြာတော့ ဗိုလ်ချုပ်မြက မကြိုက်တော့ဘူး အဲဒီတော့ ဗိုလ်ချုပ်မြက ပြောတယ် အေး ငါမှားခဲ့တယ် ငါဝန်ခံတယ် ငါမလုပ်တော့ဘူး နင်တို့ လည်း ငါ့လို မှားအောင် မလုပ်ကြနဲ့ တဲ့ သူက ဒီလို ပြောတာ။ ကျနော် သဘောကျတယ်။ အဲ့ဒီတုန်းက ဗိုလ်ချုပ်မြမှားခဲ့တာလည်း သူ့ ဘေးက ရှိတဲ့လူတွေက စီးပွားရေးကို လုပ်ချင်နေကြလို့ ဗိုလ်ချုပ်မြကို အမျိုးမျိုးမီးထိုးခဲ့လို့ ဗိုလ်ချုပ်မြဥက္ကဋ္ဌ ရာထူးက ပြုတ်အောင်လုပ်ခဲ့လို့ ဖြစ်ခဲ့တာ၊ 
ဒီအချိန်ထဲက စောဘသင်စိန်ကို သူတို့ ကစားလို့ ရနိုင်ပေမယ့် မန်းရှာကို သူ့ တို့ လှန်လို့ မရဘူးဖြစ်နေတယ်၊ မန်းရှာက မှန်တာကိုး မန်းရှာနေရာကို ကွယ်ထူးဝင်းနဲ့ တင်တင်တိုက်ပြီး သူတို့ လုပ်ခဲ့ကြတာ ကျနော်တို့ ခရိုင်က ခေါင်းဆောင်တွေ ရိပ်မိတယ်။ ဟေ့ တို့ မန်းကိုတော့ ဒီကောင်တွေ ဘေးထုတ်နေချင်ကြပြီ ဒီကောင်တွေ ဘယ်လိုခြေလှမ်းလှမ်းချင် သလဲတော့ မသိဘူး၊ ဒါကို ကျနော်တို့ ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာ ထူးထူးလေးက သူ့ ခြေလှမ်းမပေါ်အောင် ရာထူးမလိုချင်သလိုလိုနဲ့ ပြည်တွင်းဒုက္ခသည်အလုပ်တွေကို ယောင်ပြ ဆင်းလုပ်နေတယ်။ ကွယ်ထူးဝင်းကလည်း ခရိုင် ဥက္ကဋ္ဌ ရာထူးနဲ့ပဲ ပြန်နေတယ်။ တကယ်တန်းကျရင် သူတို့ က မန်းရှာကို ပံ့ပိုးပေးနေရမှာ အတူတူတွဲလုပ်နေရမှာ။ ထူးထူးလေးက ခရိုင်တွေဆင်းပြီး လူမွေးနေတာ အခုမှ ကျနော် ရုပ်လုံးပေါ်တယ်။ မန်းရှာဆုံးတော့ သူတို့ ရုပ်လုံးက ပိုပေါ်လာတယ်၊ သူတို့ အဖွဲ့ တွေ နေရာတွေယူလာကြတယ်၊ မှန်ကန်တဲ့ ဒေးဗစ်သာကပေါ်တို့ ။ စောလှငွေတို့ ဘေးရောက်ကုန်တယ်။ ဒါ သူတို့ လက်ချက်ပဲ။  ဒီအထဲ တာမလာဘောကလည်း ဆုံးသွားတော့ ကေအဲန်ယူဟာ သူတို့ ခြေသူတို့ လက်တွေလိုဖြစ်လာကြတယ်။ ဒီလို လုပ်တာတွေက အဖွဲ့ အစည်းမဆန်ဘူးလို့ ကျနော်မြင်တယ်။ 
နောက်တခုလည်း ကျနော်ပြောချင်သေးတယ်။ ကျနော်တို့ အဖွဲ့ အစည်းအတွင်းမှာ အမြင်မတူ သဘောထား မတိုက်ဆိုင်တာတွေရှိရင် ညီလာခံမှာ။ ဗဟိုကော်မတီအစည်းအဝေး။ အလုပ်အမှုဆောင် အစည်းအဝေးတွေမှာ တယောက်နဲ့တယောက် ဝေဖန်ထောက်ပြ အမှန်ရအောင်ဆွေးနွေးကြတာတွေ လုပ်ကြတာ၊ အခုတော့ ဒီလိုမဟုတ်ပဲ ကိုယ့်အချင်းချင်းခေါင်းဆောင်တွေ တယောက်နဲ့ တယောက်စာတွေရေးကြပြောကြ ပစ်စာလိုလို တိုင်စာလိုလို လုပ်နေတယ်၊ စာတွေကလည်း ပြည်တွင်းရော ပြည်ပမှာပါ ပြန့် နှံ့ နေတယ်၊
 ကျနော်ဖတ်ရတယ် စာက အရှည်ကြီးပဲ ရေးတဲ့လူက ဖူုးတာသီးတဲ့ ကေအဲန်ယူရွာသားတဲ့ ရေးထားတာက ကေအဲန်ယူ ဖြစ်ပျက်နေတဲ့အကြောင်း ကေအဲန်ယူခေါင်းဆောင်မှုအကြောင်း တိုင်းရင်းသားအဖွဲ့ အစည်းကြီးအကြောင်း တခုမှ မကောင်းဘူး။ ကျနော်မြေးလေးက ပြောတယ် အဖိုး အဲ့ဒီစာရေးတဲ့ ဗိုလ်မှူးထူးထူးလေးတဲ့ ကေအဲန်ယူ ဒု ဥက္ကဋ္ဌ ဆရာမစီဖိုးရာကို သဘောမကျလို့ ရေးတာတဲ့၊ 
ကျနော် သေသေချာချာ ဖတ်ကြည့်တယ်။ ကျနော့်မြေးပြောတာ ဟုတ်တယ်၊ ကျနော့် စိတ်မကောင်းဘူး၊ ဘယ်လိုလဲ ကိုယ့်ခေါင်းဆောင်အချင်းချင်း ညှိညှိနှိုင်းနှိုင်း ပြောလို့ ဆိုလို့ ရသားနဲ့ လူတကာသိအောင် ဘာကြောင့် ပစ်စာ ရေးနေရတာလဲ။ ဒါမဖြစ်သင့်ဘူး။ စဉ်းစားကြည့်တော့ သမီးအရွယ် တူမအရွယ် ခေါင်းဆောင်ကို ပုဆိုးခြုံထဲက လက်သီးပြနေသလို ဖြစ်နေတယ်၊ ဒါမျိုး ထူထူးလေး မလုပ်သင့်ဘူး၊ ဒါခေါင်းဆောင် လုပ်နေတဲ့လူတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ စီဖိုးရာဆိုတာကလည်း တခြားလူမှ မဟုတ်ပဲ ကျနော်တို့ ခေါင်းဆောင်ကြီး တာမလာဘောသမီးပဲ သူက အဖွဲ့ အစည်းအတွက် ရပ်တည်တာမှန်တယ်၊ တိုင်းရင်းသားအဖွဲ့ အစည်းကြီးကနေ ထွက်တာကို သူ မကြိုက်ဘူုး၊ ကရင်ပြည်သူ အများစုက သူ့ ဘက်မှာရှိကြတယ်၊ ကျနော်လည်း သူ့ လုပ်တာကို ထောက်ခံတယ်၊ ဒါမှန်ကန်တဲ့ လုပ်ရပ်ပဲ၊ 
 ပြည်တွင်းမှာ ကျောင်းသားအဖွဲ့ တွေ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အဖွဲ့ တွေလည်း စစ်အစိုးရကို နိုင်ငံရေးနဲ့ တိုက်နေကြတယ်။ ဒါဟာ ကျနော်တို့ အင်အားတွေ ကျနော်တို့  တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့ ကျနော် တို့ အားလုံး လွတ်မြောက်ဖို့ အတွက် စုစည်းကြတယ်၊ ဘ၀တူတွေဖြစ်တယ် လက်တွဲရမယ်၊ ဒါမှ ဒီစစ်အစိုးရကို ကျနော်တို့ နိုင်မယ်၊ ကျနော်တို့ ကရင်တဖွဲ့ ထဲနဲ့ လုပ်လို့ မရဘူး၊ ကရင်ဟာ မြန်မာပြည်ဆိုတဲ့ အိမ်ကြီးတလုံးထဲက အိမ်ခန်းလေး တခန်းပဲ ဒီအိမ်ကြီး မီးလောင်နေရင် ကျနော်တို့ ကိုလည်း ပူလောင်မှာပဲ ကျနောတို့ နေတဲ့ အခန်းကိုလည်း မီးကူးလာမှာပဲ။ ဒီလိုကျနော်က မြင်တယ်၊ ဒီမီးလောင်အိမ်ကြီးထဲမှာ ကျနော်တို့ မီးပူခံပြီး အသက်မရှင်နိုင်ဘူး။ ဒီအိမ်ကြီးက မီးကို ငြိမ်းသတ်ပြီးမှ ကျနော်တို့ နေလို့ ရမယ်၊ 
ဒါကြောင့် ခင်ဗျားတို့ ခြေလှမ်းတွေ လုပ်တာတွေ မှားနေကြတယ်၊ အချိန်မှီပြင်ပါ၊ ကျနော်တို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြလိုပဲ မှားတာကိုသိရင်ပြင်ပါ မှန်တာကို ဆက်လုပ်ပါ။ ဒါခေါင်းဆောင်ကောင်း အလုပ်ပဲ၊ အတုယူပါ၊ ခင်ဗျားတို့ ဟာကေအဲန်ယူရဲ့  တတိယ မျိုးဆက်ခေါင်းဆောင်တွေပါ။ နောင်လာနောင်သားခေါင်းဆောင်ငယ်တွေ စိတ်ဓာတ်ကျအောင် တယောက်နဲ့ တယောက် မညီမညွတ် မချစ်ခင်ဖြစ်အောင် မလုပ်ကြပါနဲ့ ၊ ဆွေးနွေးပါတိုင်ပင်ပါ၊ ပြည်သူတွေရဲ့ အသံတွေ သဘောထားတွေ မဆန့် ကျင်ပါနဲ့ လေးစားပါ ဒါဟာ ခေါင်းဆောင်ကောင်းတွေရဲ့ လုပ်ရပါလို့ ကျနော်ပြောလိုက်ပါတယ်။
ဓာတ်ပုံ (ကေအဲန်ယူ)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ
  1. ဆောင်းပါးရှင် ပန်းတနော် မန်းတင့်  ခင်ဗျား…..အကို ရဲ့  ခံစားချက်ကို အပြည့် အဝ လက်ခံ နားလည်ပါတယ်…..ဒီကိစ္စရဲ့ ပြသာနာ အားလုံးဟာ မန်းငြီမ်းမောင်ရဲ့ စံနက်တခုလို့  ကျနော်မြင်ပါတယ်…….ဆက်လက် ရေးသားစေလိုပါတယ်ခင်ဗျာ….၊၊
  2. ကရင်ဟာ မြန်မာပြည်ဆိုတဲ့ အိမ်ကြီးတလုံးထဲက အိမ်ခန်းလေး တခန်းပဲ ဒီအိမ်ကြီး မီးလောင်နေရင် ကျနော်တို့ ကိုလည်း ပူလောင်မှာပဲ ကျနောတို့ နေတဲ့ အခန်းကိုလည်း မီးကူးလာမှာပဲ။ ဒီလိုကျနော်က မြင်တယ်၊ ဒီမီးလောင်အိမ်ကြီးထဲမှာ ကျနော်တို့ မီးပူခံပြီး အသက်မရှင်နိုင်ဘူး။ ဒီအိမ်ကြီးက မီးကို ငြိမ်းသတ်ပြီးမှ ကျနော်တို့ နေလို့ ရမယ်
    Agree with you Phahtee.
Comments are closed.