နိုင်ငံတကာရေးရာ

မောင်ဥက္ကလာ – ချစ်ရမက်၊ မတင်လှ နဲ့ တေလေဂျပိုးများ

မောင်ဥက္ကလာ – ချစ်ရမက်၊ မတင်လှ နဲ့ တေလေဂျပိုးများ 

ထွေထွေရာရာ ဤကမ္ဘာ (နိုဝင်ဘာလ ၀၃၊ ၂၀၁၄)
ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာဖတ်သူများအတွက် မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။
ဒါ အချစ်လားကွယ်
သူ့လုပ်ရပ်ကလဲ မြန်မာ့ပြုပြင်ပြောင်းလဲရေးလို။ အချစ်ရမက်ကြီးတဲ့ အသက် (၃၀) နှစ်အရွယ် ဂျီနိုဗီဗာ နူနတ်ဇ်-ဖီဂူရိုအ် (Genoveva Nunez-Figueroa) တစ်ယောက် အွန်လိုင်းကတဆင့် ချိတ်ဆက်ပြီး ချစ်ကြိုက်မိတဲ့ ကိုယ်တော်ချောနဲ့ တစ်ကြိမ်နှစ်ကြိမ်တွေ့ပြီးနောက် အဆက်ဖြတ်တောက် ခံလိုက်ရတော့ ရင်မှာမချိဖြစ်ရပြီး၊ မိန်းမကြိုက်တော့ မျှော်ရပေမဲ့ သူဆီရောက်မလာတော့တဲ့ ချစ်တဲ့သူကို သူဘယ်လောက်ချစ်၊ သူ့ချစ်စိတ်ချစ်ဇောကို သက်သေပြချင်တာနဲ့ ချစ်သူရှိရာကို  ကြိုက်မရှက် စိုက်စိုက်သွားတော့တယ်။ ချစ်တဲ့သူက သူရောက်သွားချိန် အိမ်မှာမရှိတော့ အကြံတမျိုးနဲ့ စွန့်စွန့်စားစား အိမ်ခေါင်းမိုးပေါ်တက်၊ ပြီးတော့ ခေါင်းမိုးထက် မီးခိုးခေါင်းတိုင်ကနေ ဧည့်ခန်းထဲကို လျှောဆင်းဖို့ ကြိုးစားတော့တယ်။
ကံကောင်းတော့ သူ ခေါင်းမိုးပေါ်တက်သွားတာကို အိမ်နီးချင်း ပတ်ဝန်းကျင်ကလူတွေ မတွေ့မမြင်ဘူး။ ကံဆိုးတော့ မီးခိုးတိုင်ထဲဝင် လျှောချလိုက်တာ လမ်းတဝက်မှာ တစ်သွားခဲ့တယ်။ ကံကောင်းတော့ သူ့အော်သံကို အိမ်နီးချင်းတစ်ယောက်က မနက် (၅) နာရီကျော်မှာကြားပြီး ရဲမီးသတ်တွေကို အကြောင်းကြားခေါ်လိုက်ပြီး ရှာဖွေကြတော့ မီးခိုးခေါင်းတိုင်ထဲမှာ တစ်နေတဲ့ ချစ်ဆိပ်တက်နေတဲ့ ဂျီနိုဗီဗာ ကို တွေ့ကြတယ်။ ဒါနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့တို့ မီးခိုးခေါင်းတိုင်ကို ဖြတ်တောက်၊ ဆပ်ပြာရည်တွေ လောင်းထဲပြီး ကယ်တင်လိုက်တယ်။ အိမ်ပြန်ရောက်လာတဲ့ သူ့ချစ်သူဆိုသူက လူသားချင်းစာနာစွာနဲ့ သူနဲ့ ဒီအမျိုးသမီး ဘာမှမပတ်သက်ကြောင်း၊ ဖိတ်ခေါ်ထားခြင်း မရှိကြောင်း ပြောဆိုလိုက်တယ်။ သြော် ချစ်လွန်သူ မဂျီနိုဗီဗာ တစ်ယောက် သူတပါးအိမ်ထဲ တရားမဝင် ကျူးကျော်ဝင်ရောက်မှု၊ လိမ်ညာပြောဆိုခြင်းစတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံရတော့တယ်။ အိမ်ရှင် ကိုစိမ်းကားကြီးကတော့ ပျက်စီးသွားတဲ့ အမိုး၊ မီးခိုးတိုင်တွေပြင်ဖို့ လုပ်ရတော့မယ်။
 တွေ့လား … ဒီ အမျိုးသမီးလုပ်ရပ်က အပြောင်းအလဲတွေ လုပ်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရလိုပဲ ရှေ့ မတိုးနောက်မဆုတ်၊ ဟိုတစ်ဒီတစ်နဲ့ တိုးလိုးတန်းလန်းကြီး။
ဖြစ်မှဖြစ်ရလေ မတင်လှရယ်

အတုတွေ ခေတ်စားလာနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ တနေ့တခြား အမျိုးသမီးတွေ မျက်နှာကိုယ်ခန္ဓာ ဖောက်ချုပ်ပြင်ဆင်မှုတွေ တဟုန်ထိုး လုပ်ဆောင်လာနေကြပြီး၊ အဲဒီ စီးပွားရေးဈေးကွက်ကြီးကလည်း ကြောက်စရာလန့်စရာ (စောစောကသိရင် မလှချင်များအတွက် ဆေးကျောင်းဘာကျောင်းတက်ပြီး ပလတ်စတစ် ခွဲစိတ်ဆရာဝန် လုပ်ပါတယ်)။ အာရှတိုက်မှာ ဖောက်ချုပ်ပြုပြင် အလုပ်အများဆုံးနိုင်ငံက တောင်ကိုရီးယား* (ဒီ ပလက်စတစ်ရုပ်တွေကို မြန်မာရုပ်ရှင်ပရိသတ်တွေ စွဲလမ်း ရောဂါတက်နေတာ) နဲ့ တရုတ်-ထိုင်ဝမ်နိုင်ငံတွေ ဖြစ်ပြီး၊ ဈေးပေါပေါနဲ့ ခွဲစိတ်မှုတွေ လုပ်နိုင်တဲ့ တိုင်းနိုင်ငံကတော့ ထိုင်းနိုင်ငံ။

ဒါကြောင့် ဈေးကြီးတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံသူတွေလည်း ထိုင်းနိုင်ငံကို ချီတက်လာကြပြီး ခွဲစိတ်မှုတွေကို တပျော်တပါး လုပ်ကြတော့တယ်။ တချို့ လိင်ပြောင်းချင်ကြတဲ့ အနောက်နိုင်ငံသားတွေလည်း ထိုင်းနိုင်ငံကို ငါဟဲ့ ယောက်ျားပုံစံနဲ့ ဝင်လာပြီး။ ဖောက်ချုပ်ပြုပြင်ပြီးနောက် ငါဟဲ့ ချစ်မမပုံစံတွေနဲ့ ပြန်ထွက်ကြတော့ ပတ်စပို့ပေါ်က ဓါတ်ပုံနဲ့ ပြန်ထွက်ချိန်ပုံ မတူတာကြောင့် လဝက တွေ အတော်ခေါင်းစား အလုပ်ရှုပ်ရတယ်။
 ဒီလို ရုပ်ပြင်လာလုပ်ကြသူတွေထဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သူ အသက် (၂၃) နှစ်အရွယ် Joy Williams တစ်ယောက်လည်း ဘန်ကောက်မြို့ ရောက်ရှိလာပြီး သူ့ရဲ့  တင်ပဆုံအလှကို ပြုပြင်ဖို့ ဆောင်ရွက်တော့တယ်။ ကံကောင်းတော့ သူပေးနိုင်တဲ့ ဈေး (စတာလင်ပေါင် ၂၀၀၀) နဲ့ လုပ်နိုင်တဲ့ ခွဲစိတ်ဆေးခန်းနဲ့ ချိတ်ဆက်မိတယ်။ ကံဆိုးချင်တော့ သူကို ခွဲစိတ်ပေးတဲ့ ဆရာဝန်က ဒေါက်တာရမ်းကု ခွဲစိတ်ဆရာဝန်လက်မှတ် ရရှိထားသူမဟုတ်။ ဒီဆရာသမားရဲ့  ဒါးချက်ကြောင့် ခွဲဒဏ်ရာ အဆိပ်တက်၊ မေးခိုင်ပိုးဝင်ပြီး နှလုံးသွေးကြောရပ် ငယ်ငယ်ရွယ်ရွယ် ဝီလံယံတစ်ယောက် အသက်ပျောက်ရရှာလေတယ်။
 မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသွား ပြုပြင်မှုတွေ လုပ်နေကြသူတွေလည်း သတိထားကြပေါ့။ ဒီလူသတ်မှုမှာ ဒီတကြိမ် ကံကောင်းသူတွေကတော့ အဲဒီနားတဝိုက်မှာ တရားမဝင် အလုပ်လုပ်ကိုင် စားသောက်နေကြတဲ့ ရွှေမြန်မာတွေ။ လိပ်ကျွန်းလူသတ်မှုလို အားကိုးရမဲ့ ကျွန်ခံအလုပ်လုပ်နေကြတဲ့ ရွှေတွေ လက်ချက်ကြောင့် ဗြိတိန်နိုင်ငံသူတစ်ယောက် သေရပြန်ပြီဆိုပြီး ဒီတခါတော့ မဖမ်းလို့တော်သေး။
(* ရုပ်ပြင်ခွဲစိတ်ပြုပြင်မှု အလုပ်ဆုံးနိုင်ငံ (၇) နိုင်ငံမှာ (၁) တောင်ကိုရီးယား (၂) ဂရိ (၃) အီတလီ (၄) ဘရားဇီး (၅) ကိုလံဘီယား (၆) အမေရိကန် (၇) ထိုင်ဝမ် တို့ ဖြစ်တယ်။  (သတင်း – Daily Mail, UK))
သန့်ရှင်းမှ အပြစ်ကင်း

အံ့ဖွယ် DNA နည်းပညာကြောင့် ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားတဲ့ နေရာတွေ (Crime Scene) မှာ တွေ့ရှိတဲ့ ဆံခြည်တမျှင်၊ သွေးတစက်ကို စစ်ဆေးပြီး အမှုဖော်ထုတ်နိုင်တဲ့ ခေတ်ကြီးမှာ မြန်မာနိုင်ငံက မိုက်မဲတဲ့ ကြီးကောင်ကြီးတွေအလား ဒီငမိုက်သားရဲ့  လုပ်ရပ်က အတော်ဆိုးဝါးလှတယ်။
အိမ်ပိုင်ရှင်တွေ ခရီးသွားနေချိန် အိမ်ထဲဖောက်ထွင်ခိုးဝင်ပြီး ရှာဖွေတွေ့ရှိသမျှ ရွေငွေပစ္စည်း တန်းဖိုး ဒေါ်လာ နှစ်သိန်းငါးသောင်းကျော်ကို ငထက်ဖြား တစ်ယောက် ခိုးယူပြီးသကာလ။ ဝမ်းတော်မသက်မသာ ဖြစ်လာတာနဲ့ အိမ်သာထဲဝင် ရှင်းထုတ်လိုက်တယ်။ ဘယ်သူမှမရှိတဲ့ အိမ်ထဲမှာ သက်တောင့်သက်သာ အေးအေးဆေးဆေး ကိစ္စရှင်းပြီးနောက်၊ မေ့သွားတာလား၊ သက်သက်မဲ့ ညစ်စုတ်တာလားမသိ၊ အိမ်သာကို ရေဆွဲချ မသန့်စင်ဘဲ (ရွှေပြည်က အများသုံး အိမ်သာ သုံးခဲ့ဖူးလားမသိ) လစ်သွားခဲ့တယ်။
အိမ်ရှင်တွေအဖို့ ကံကောင်းလို့ အလုပ်အားရက်မှာ အပျော်ခရီး ထွက်နိုင်ကြတယ်။ ကံဆိုးတော့ အိမ်အဖောက်ခံရပြီး ရွှေငွေပစ္စည်းတွေ အခိုးခံရတယ်။ ကံကောင်းတော့ ငမိုက်သား တေလေဂျပိုး အုတ်ကြားမြက်ပေါက် က ပစ္စည်းခိုးရုံတင်မက ရေခဲသေတ္တာထဲက Coke အချိုရည်ကို ယူသောက်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။
ဒီလို ဥာဏ်ကြီးရှင် ပစ်ထားခဲ့တဲ့ Coke ဘူးခွံ နဲ့ စွန့်ပစ်ခဲ့တဲ့ အိမ်သာထဲက သဲလွန်စကြီးတွေကြောင့် ဦးစံရှား၊ ဆားပုလင်နှင်းမောင် ခေါ်စရာမလို၊ DNA စစ်လိုက်တော့ နယူးမက်စီကို (New Mexico) ပြည်နယ်၊ အဲလ်ဘာကာကီ (Albuquerque) မြို့ မှာနေတဲ့ အသက် (၃၃) နှစ်အရွယ် ရေမွန် ဟာရီရာ (Ramon Herrera) ကို ခိုးထည်ပစ္စည်းတွေနဲ့ ဖမ်းဆီးလိုက်တယ်။
ကျုပ်တို့ ရွှေပြည်မှာတော့ DNA နည်းပညာမလို ပြည်သူတွေ အပြစ်ပေးနိုင်တဲ့ သူခိုးကြီးတွေက လောလောဆယ်တော့ သူတို့ထိန်းချုပ် ရရှိထားတဲ့ အခွင့်အရေးကို လက်လွှတ်မခံ အိမ်ကြီးအိမ်ကောင်း၊ ကားကြီးကားငယ်တွေနဲ့ လွှတ်တော်တက်လိုက်၊ ငြိမ်းချမ်းရေးစကားဆိုလိုက်နဲ့ ပြည်သူပိုင် နိုင်ငံပိုင်ပစ္စည်းတွေကို လုပ်ချင်သလို လုပ်နေကြတာ ပျော်မဆုံး မောမဆုံး။ (သတင်း – KOAT News, Albuquerque)
ဆိုးလှတဲ့ ရောဂါ

မှတ်မိသေးတယ် … ရွှေပြည်မှာတော့ အိမ်နောက်ဘက်ခြမ်းမှာ လျှော်ဖွတ်နေလှမ်းထားကြတဲ့ ထဘီတွေကို နောက်ဖေးလမ်းကြားကနေ အလစ်ဝင်ခိုးယူကြတဲ့ ထဘီသူခိုးတွေ ရှိကြတယ်နော်။ အတော်ဆင်းရဲလှတဲ့ လူတွေအဖို့ အထက်ကအကောင်ကြီးတွေ ဗြောင်ခိုးယူနေကြတော့ သူတို့မှာ စားစရာမရှိ လုပ်စရာမရှိတော့ အကြံကုန် ထဘီသုတ်ပြီး ပြန်ရောင်းစားကြတာပေါ့။ ဒီဘက်ကမ္ဘာခြမ်း မိုးမခအယ်ဒီတာ ဆရာရစ်တို့ ဆန်ဖရန်စစ္စကိုမြို့ နဲ့ မနီးမဝေး ပတ္တလူမ (Petaluma) မြို့ မှာနေတဲ့ အသက် (၁၈) နှစ်အရွယ်၊ ဘန်ဂျမင် ဟောကင် (Benjamin Hawkins) တစ်ယောက် ရပ်ကွက်ထဲရှိ အိမ်တွေထဲကို ဖောက်ထွင်ပြီး ခိုးယူမှုတွေ ကျူးလွန်နေခဲ့တယ်။ ပတ္တလူမ (Petaluma) ရပ်ကွက်သူ ရပ်ကွက်သားတွေက ဘယ်သူဘာပျောက်၊ ဘယ်အိမ်အခိုးခံရတယ်ဆိုတာ ပြောဆိုခြင်းမရှိ၊ မသိကြတော့ ရဲတိုင်ဂတ်တိုင် မလုပ်ခဲ့ကြဘူးပေါ့။ တနေ့ ရပ်ကွက်ထဲက အိမ်တအိမ်မှ သေနတ် နှစ်လက် အခိုးခံရတယ်။ ဒီတခါတော့ ပိုင်ရှင်ဖြစ်သူက ရဲတိုင်ကြား အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးကြတော့ ရဲတွေ စောင့်ကြည့်သင်္ကာမကင်း ဖြစ်နေတဲ့ ဟောကင်ရဲ့  အိမ်ကိုဝင်ရောက်ရှာဖွေတဲ့အခါ ခိုးထားတဲ့ သေနတ်နှစ်လက်အပြင်၊ အမျိုးသမီး ရွှေထည်ပစ္စည်းတွေ နဲ့ တမြတ်တနိုး သိမ်းဆည်းထားတဲ့ အမျိုးသမီး အောက်ခံဘောင်ဘီ အထည် (၅၀၀) ကျော်ကို ရှာဖွေတွေ့ရှိတယ်။ အခုတော့ မြို့ နယ်အချုပ်ခန်းမှာ ဖောက်ထွင်မှု၊ ခိုးမှုတွေနဲ့ ဖမ်းဆီးထားပြီး ငွေဒဏ် (၄) သောင်း ပေးဆောင်ဖို့ တရားရုံးက စီရင်ချက်ချထားတေယ်။ သူ့ရောဂါက အီဘိုလာထက် ဆိုးတယ်နော်။ (သတင်း – San Francisco Chronicle)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ဥက္ကလာ – ချစ်ရမက်၊ မတင်လှ နဲ့ တေလေဂျပိုးများ

Comments are closed.