သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – စနစ်ဆိုးရဲ့ အသုံးချခံ သားကောင်

 

ငြိမ်းချမ်းအေး – စနစ်ဆိုးရဲ့ အသုံးချခံ သားကောင်

(သည်လေဒီးစ် နယူးစ် ဂျာနယ်) နိုဝင်ဘာ ၃၊ ၂၀၁၄

အောက်တိုဘာ (၂၅) ရက်နေ့ က ကွယ်လွန်ခဲ့ရှာတဲ့ ဆရာ အောင်သင်း (၁၉၂၇-၂၀၁၄) ရဲ့ (၂၇) ရက်နေ့ ဈာပန မှာ ဝေတဲ့ မှတ်သားဖွယ် ဆရာ့ စကားစု လေးတွေ ဖတ်ရတယ်။  အဲဒီထဲက ကဗျာ တပုဒ် မှာ ဆရာ က ဆိုခဲ့တယ်။

လှံကို သို့ထား၊ ဓားကို သို့ငင်၊

သို့ဝင် သို့ထွက်၊ သို့တက် သို့ခွာ၊

စစ်ပညာကို၊ ကြေစွာ တတ်မြောက် ကျွမ်းကျင်လည်း

ပြည်သူ့ နှလုံး၊ မသိမ်းကျုံးသော်

ပြည်သူ့ ခွန်အား၊ မကိုးစားသော်

ဓားသွား ကျိုးကြေ၊ လှံသွားခွေအံ့။   ။

ဒီ ကဗျာလေး ဖတ်ရတော့ ငယ်စဉ် ၁၉၉၀ အစောပိုင်း နှစ်များ က နားထောင် ခဲ့ရတဲ့ ဟောပြောပွဲ တခု မှာ ဆရာ “ပြည်သူ ချစ်တဲ့ တပ်မတော်” အကြောင်း ထည့်ဆိုဖူးတာ သတိရမိတယ်။  ဆရာက ဖက်ဆစ် တော်လှန်ရေးကြီး ဆင်နွှဲချိန်မှာ အသက် နည်းနည်းငယ်သေးတော့ ထဲထဲဝင်ဝင် မလှုပ်ရှားခဲ့ရဘူး ဆိုတယ်။  လူကြီးတွေ နောက်က အတိုအထွာ ခိုင်းတာ လုပ်ရုံ၊ ဆက်သား လုပ်ဖူးရုံ လောက်ပဲ တဲ့။  ဆိုတော့ သူ့ အတွက် ဂျပန်တော်လှန်ရေး မှာ တိုက်ပွဲဝင်ခဲ့တဲ့ လူထု လူတန်းစား အသီးသီးက တော်လှန်ရေးသမားတွေ၊ တပ်မတော် က ရဲဘော်တွေဟာ အားကျစရာ သူရဲကောင်းတွေချည်းပဲ လို့ ဆိုတယ်။

အဲ့ဒီ ခေတ်က ပြည်သူ နဲ့ ရဲဘော် တစိတ်တဝမ်းတည်း ရှိခဲ့ပုံတွေကိုလည်း ဆရာ က တခုတ်တရ ထည့်ပြောခဲ့တယ်။  ပြည်သူအပေါင်းဟာ တပ်မတော်ကို ရင်နှစ်သည်းချာ ပမာ လှိုက်လှိုက်လှဲလှဲ ချစ်ခင် ယုံကြည် ကိုးစားမှု ရှိကြပါတယ် တဲ့။  တပ်မတော်က လည်း ပြည်သူအပေါ် မိရင်းဘရင်း ပမာ စောင့်ရှောက် ကူညီ ခဲ့ပါသတဲ့။

မေမြို့ စစ်တက္ကသိုလ် မှာ လည်း မြန်မာစာ ကထိက လုပ်ခဲ့ဖူးတဲ့ ဆရာ ဟာ သူတို့ စစ်ဗိုလ်လောင်းတွေကို သင်ကြားပေးခဲ့တဲ့ “မိဘ ပြည်သူ အပေါ်မှာ ရေလို၊ လလို ကျင့်ဖို့” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ပြည်သူ နဲ့ တပ်မတော် မိဘ၊ သားသမီး သဖွယ် အပြန်အလှန် ချစ်ကြည်မှု အရင်းတည် နိုင်ဖို့အရေး ရှေးရှု အတိတ် သမိုင်း ကို ပြန်ခေါ် အလေးအနက် ထည့်သွင်း သြဝါဒ ပေးခဲ့တယ်။

နှောင်းခေတ် လူငယ် အဖို့ မှာတော့ သက်ကြီးစကား မို့သာ မှတ်သား နာယူရတယ် ယုံချင်စရာတော့ တကွက်မှ မရှိဘူးပေါ့။  ယုတ်စွအဆုံး ၁၉၈၈ စစ်တပ် ဒုကြိမ် အာဏာသိမ်းပြီး ရုပ်သံက ဆက်တိုက် လွှင့်လို့ ကြားနေရတဲ့ စစ်ချီတေးတွေလည်း နားယဉ်နေပေမယ့် နားဝင်ဖို့တော့ ခဲယဉ်း လှတယ်။  ဘာတဲ့ “ဒို့ ဗိုလ်က ဓား ကို ဆွဲ လို့ ရှေ့က တက်ပါသည်” တဲ့။  ဆရာ အောင်သင်း ပြောပြခဲ့တဲ့ ပြည်သူ နဲ့ တပ်မတော် အပေးအယူ မျှခဲ့စဉ် ပြည်သူ့တပ်မတော်ခေတ် သီချင်း ဖြစ်တော့ နှောင်းခေတ် အာဏာရှင့် တပ်မတော်ခေတ် နဲ့ကျ ယုတ္တိ မဲ့ လှတယ်။

နှောင်းခေတ် လူများ မျက်မြင် နေရတာကတော့ စစ်တပ် ရှေ့မှာ ပေါ်တာ ဆွဲခံထိတဲ့ အရပ်သားများ အထုပ်ထမ်းရင်း ထိပ်က မိုင်းရှင်း နေရခြင်းပါ။  ဒို့ဗိုလ် က ဓားကို ဆွဲလို့ ရှေ့က မတက်ဘဲ နောက်က နေ လူထု ကို သေနတ်နဲ့ ထောက် ခြိမ်းခြောက်ကာ မိုင်းကွင်း တွေ ဖြတ်ခိုင်းတယ်၊ လုပ်အားပေးတွေ ဆင့်တယ်။  လူမျိုးစု ပဋိပက္ခ ဒေသ တွေက သန်သန်မာမာ ယောက်ျား၊ မိန်းမ နဲ့ ဆယ်ကျော်သက် ကလေး အရွယ်ပါ မကျန် ဟာ ပေါ်တာသံ ကို နားစွင့် ကျီးလန့်စာစား အသွားအလာ သတိထားရတဲ့ ခေတ်ပျက်ကြီးကို ပဲ ဖြတ်သန်းခဲ့ရတယ်။

မြို့ကြီးတွေ က လမ်းမတွေပေါ်မှာလည်း “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” လို့ ပြည်သူ့ ခမျာ ဝမ်းပန်းတနည်း ဟစ်ကြွေး ရင်း စစ်တပ် ရဲ့ ရဟန်း ရှင် လူ ကျောင်းသား လူထု အပေါ် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ် ကျူးလွန်နေပုံများကို ခေတ် အဆက်ဆက် တွေ့ခဲ့ရတယ်။  နိုင်မြန်မာ ရဲ့ “ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ၊ သခင် အောင်ဆန်း နိုင်ငံတဝှမ်း သွေးစွန်းခဲ့ပြီ အဖ ရေ” ဆိုတဲ့ သွေးမော်ကွန်း ကိုသာ နာနာကြည်းကြည်း သီဆိုဖို့ ဖြစ်လာခဲ့ရတယ်။

စစ်အာဏာရှင် စနစ် အမြစ်တွယ်ခဲ့ခြင်းကြောင့် သမိုင်းဝင် နယ်ချဲ့ အင်္ဂလိပ် နဲ့ ဖက်ဆစ် ဂျပန် တော်လှန်ရေးကြီးတွေ အတွင်း ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ ပြည်ချစ်သား ဇာနည် တပ်မတော် ရဲ့ နာမည် ကောင်း၊ ပုံရိပ် ကောင်း၊ ဂုဏ်ရည် ကောင်းတွေ ဟာ တဖြည်းဖြည်း ယုတ်လျော့ ပျောက်ဆုံး ခဲ့ရတယ်။  တပ်မတော် ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး တစုရဲ့ မောင်ပိုင်စီး ဖျက်ဆီး ခြင်း ခံခဲ့ရတယ်။  လူတစု အကျိုး စီးပွား အာဏာ ကို ကာကွယ်ဖို့ သက်သက် အသုံးချ ခံခဲ့ရတော့ လူထု နဲ့ အမြဲ ထိပ်တိုက်တွေ့၊ လူအများ အသက် အိုးအိမ် စည်းစိမ် ကို ပျက်စီးစေ ဖို့ ဖြစ်ခဲ့ရတယ်။  အာဏာရှင် အကျိုးစီးပွား အတွက် ပြည်သူ့ အကျိုးစီးပွား ကို ချနင်းရတယ်။  ဒီလိုနဲ့ မြေသိမ်း၊ ယာသိမ်း၊ အိမ်သိမ်း၊ လူသိမ်း (ပေါ်တာဆွဲ၊ ကလေးစစ်သားဖမ်း) ဟာ အာဏာရှင် ဘက်တော်သား စစ်တပ် ရဲ့ နိစ္စဓူဝ ထမင်းစား ရေသောက် ဓလေ့ ဖြစ်လာတယ်။ အာဏာရှင် ခိုင်းသမျှ လုပ်ရင်း လူထု ကို ဖိနှိပ် ဖို့ သက်သက် ဖြစ်နေတဲ့ စစ်တပ်ရဲ့ ပုံရိပ်ဆိုး ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ငါးစု အတွင်း ဝမ်းနည်းဖွယ် ကြီးထွား လာတယ်။

၁၉၆၂ က စလို့ ပြည်သူ့အင်အား မဏ္ဍိုင်ပြု ပြည်သူက အခရာကျ ထိပ်မှာ တည်ရှိတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် တိုင်းပြည်မှာ ကွယ်ပျောက်ခြင်း နဲ့ အတူ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ လောက နိယာမ အမှန်တရား ကြွေးကြော်သံ ဟာလည်း မှေးမှိန် လာရတယ်။  အဲဒီအစား “တပ်မတော် သာ အမိ၊ တပ်မတော် သာ အဖ” ဆိုတဲ့ ဆောင်ပုဒ်သာ နေရာတိုင်းမှာ တွင်ကျယ် ကျယ်လောင် လာခဲ့တယ်။

တပါတည်း စစ်တပ်ဟာ အခွင့်ထူးခံ လူတန်းစား တရပ် ဖြစ်လာပြီး တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍ တိုင်းမှာ ဝင်ရောက် ခြယ်လှယ် လွှမ်းမိုး ချုပ်ကိုင် လာတယ်။  ပြည်သူက တဆင့်နိမ့် လူတန်းစား အဖြစ် အဖိနှိပ်ခံ၊ အခြယ်လှယ်ခံ ဖြစ်လာတယ်။  ပြည်သူ့အသံ ဆန္ဒ ပြန်လည် ဟစ်အော် ထုတ်ဖော်တဲ့ လူထု အရေးတော်ပုံတွေ မှာလည်း စစ်တပ် ဟာ အဓိက နှိမ်နှင်းရသူ၊ အကြမ်းဖက် ဖြိုခွင်းရသူ အဖြစ် စစ်အာဏာရှင် တစု စိတ်တိုင်းကျ ခိုင်းသမျှ အသုံးတော်ခံ ရတယ်။  အကျိုးဆက် အဖြစ် တပ် နဲ့ ပြည်သူ ကြား ညှိမရ စပ်မရလောက်အောင် စိတ်ဝမ်းကွဲမှု၊ အမြင်မကြည်လင်မှု၊ မုန်းတီးမှု တွေ ဟာ ကြီးထွား ကျယ်ပြန့်လာခဲ့ရတယ်။

တကယ်တော့ ပြည်သူဟာ တပ်မတော် ကို မမုန်းပါ။  လူတစု ကောင်းစားရေး ကို ဆောင်ရွက်တဲ့ စစ်အာဏာရှင် စနစ် ကိုသာ မုန်းတာပါ။  လူထုဟာ စစ်သား ကို မမုန်းပါ။  လူအများကို ဖိနှိပ် ချနင်းပြီး မိုက်ရိုင်းရင်း ထွားကျိုင်း ကာ ကိုယ်ကျိုး စီးပွား ရှာ၊ စံစား နေတဲ့ အာဏာရှင် တစု ကိုသာ မုန်းတာပါ။

အမှန်တော့ တပ်နဲ့ ပြည်သူ ဘဝတူ ပါ။  စနစ်ဆိုး လူဆိုး တွေရဲ့ ဖျက်ဆီးခံ နို့ပိန်ပျဉ်းတွဲ ခေတ်ဆိုးကြီး ရဲ့ မချိုမြိန်တဲ့ နို့ဓမ်း နို့ချဉ် ကို အတူ သောက်စို့ နေရတဲ့ နို့စို့ဖက် တွေပါ။  ခေတ်ဆိုး ရဲ့ ဖွားဖက်တော် တွေပါ။  စနစ်ဆိုး က ပုံဖော် ထုဆစ်လိုက်တဲ့ ဒင်္ဂါးပြား ရဲ့ ကျောချင်းကပ် ခေါင်းနဲ့ပန်း မျက်နှာစာ တွေပါ။  ဒီမိုကရေစီ မရှိမှု၊ တရားမဲ့မှု၊ ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်မှု ဒဏ် ကို တပ်တွင်းမှာ ဆိုရင် ပိုလို့တောင် ခံနေရပါသေးတယ်။  ပြည်သူဟာ စစ်အာဏာရှင်စနစ် အောက်မှာ မတရား လုပ်အားပေး ပြန်ပေးဆွဲ ချွေးတပ်စာ ဖြစ်နေသလို စစ်သားလေးတွေလည်း ဖက်ထိပ်စာ ဖြစ်နေတဲ့ ဘဝတူတွေပါပဲ။

ဒီလို သဘောကြောင့် ခေတ်အဆက်ဆက် တပ်မတော်သားတွေ ထဲက အများအပြား ဟာ ပြည်သူ့ တပ်မတော်သား အဖြစ် ခံယူ လူထုနဲ့ ပူးပေါင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် ပုန်ကန် ခဲ့ကြတာပေါ့။  မဆလ အာဏာရှင် ကို ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့အတွက် ကြိုးပေး ကွပ်မျက် ခံခဲ့ရတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် လို၊ ၁၉၈၈ မှာ ပြည်သူနဲ့ တသားတည်း ပေါင်းစည်းခဲ့တဲ့ ဗိုလ်ကြီး စိုင်းဝင်းကျော် အပါအဝင် အခြား ပူးပေါင်းခဲ့သူ အမည်မထင်ရှား စစ်သည်တော်များ ရှိခဲ့တယ်။  ဒီမိုကရေစီ လှုပ်ရှားမှုများ ကြောင့် အဖိနှိပ်ခံ ခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးလွင်၊ မောင်သော်က (ဗိုလ်မှူး ဘသော်) အစရှိတဲ့ ပြည်သူ့ တပ်မတော်သား ကောင်းကြီးတွေ အများအပြား ပေါ်ထွန်းခဲ့တာ သမိုင်းသက်သေပါ။

တပ်က လည်း ပြည်သူကို မမုန်းသလို ပြည်သူကလည်း တပ်ကို မမုန်းပါ။  လူတစု က အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကြောင့် လူအများစု က အုပ်ချုပ်တဲ့ ဒီမိုကရေစီ စနစ် လိုလားသူ ပြည်သူ နဲ့ အာဏာရှင် ဒေါက်တိုင် စစ်တပ်တို့ အမုန်းပွားစရာ အခြေအနေ ဖြစ်နေခြင်းသာပါ။  အာဏာရှင်စနစ် နဲ့ သူ့ရဲ့ အကျင့်စရိုက် အတွေးအခေါ် အပုပ်အသိုး တွေ တိုင်းပြည်မှာ အလုံးစုံ ဖုတ်ကြည်းသင်္ဂြိုဟ် ပပျောက်အောင် လုပ်နိုင်ပြီးချိန် တနေ့ မှာ လူထု အပေါင်း မျှော်လင့်နေတဲ့ အခု ဆုံးသွားရှာတဲ့ ဆရာ အောင်သင်း မသေခင် မျှော်လင့်တောင့်တ ဖြစ်စေချင်ခဲ့တဲ့ ပြည်သူ့အကျိုး ကို ကာကွယ် စောင့်ရှောက်တဲ့ ပြည်သူ့ တပ်မတော် ကို ပြန် မြင်ရမှာ ဧကန်ပါ။

ဆရာ အောင်သင်း ရဲ့ “ပြည်သူ့ နှလုံး၊ မသိမ်းကျုံးသော် ဓားသွား ကျိုးကြေ၊ လှံသွားခွေအံ့” ဆိုတဲ့ သတိပေး ကဗျာ ကို ဆရာ့ ဈာပန နဲ့ အတူ ဝမ်းနည်းပန်းနည်း ပြန်ဖတ်လိုက်ရတဲ့ အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် စစ်တပ် က အလွတ် သတင်းထောက် တယောက် ကို တရားလက်လွတ် သတ်ဖြတ်လိုက်ကြောင်း သတင်းထွက်လာခဲ့တဲ့ အပတ် ဖြစ်နေတယ်။  အသတ်ခံခဲ့ရသူ ကိုပါကြီး ကို သတင်းထောက် မဟုတ်ဘူး၊ နိုင်ငံရေးသမား၊ သူပုန် ဘာတွေ ပဲ တံဆိပ် ကပ်ကပ် ငြင်းမရတဲ့ အချက်က နိုင်ငံသား တယောက်ဟာ လူမသိ၊ သူမသိ ဥပဒေ ပြင်ပ ဖမ်းဆီး စစ်ဆေး ညှဉ်းပန်းခြင်း ခံခဲ့ရတယ်၊ နောက်ဆုံး အသတ်ပါခံခဲ့ရတယ် ဆိုတာပါ။  ဒါဟာ စစ်တပ်၊ စစ်ဝါဒ၊ စစ်အာဏာရှင်စနစ် က အရာရာ အထက်မှာ ရှိနေကြောင်း ပြတဲ့ ပြယုဂ်ပါ။  ဒါက လိုရင်း မြင်ရမယ့် အချက်ပါ။

ဒီကိစ္စ ကို တရားမျှတ ပြန်လည် ဖြေရှင်းပေးဖို့ အခု တောင်းဆို ကြတော့ စစ်တပ် သတင်းထုတ်ပြန်ခဲ့တဲ့ အတိုင်း အမှန်ဆိုရင် အသေ ပစ်ခတ် ဖမ်းဆီး ခဲ့တဲ့ စစ်သား ကို တရားစီရင်ပါ ဆိုတဲ့ သဘော တောင်းဆိုနေကြတာကိုလည်း စိတ်မကောင်းဖြစ်ဖွယ် ကြားရတယ်။  တကယ်တော့ ထွက်ပြေးလို့ ပစ်ခတ်ရခြင်း မှန်ဦးတောင်မှ ပစ်ခတ်သူ စစ်သား ဟာ တရားခံ မဟုတ်ပါ။

ဆောင်းပါး တလျှောက် ဆိုခဲ့သလို စစ်တပ် ဟာ ပြည်သူလိုပဲ စစ်အာဏာရှင် စနစ်ရဲ့ သားကောင်မျှသာ ဖြစ်တာကြောင့် ပစ်ခတ်သူ စစ်သား ဖြစ်ဖြစ်၊ ဖမ်းဆီးသူ အမှတ် (၂၀၈) ခြေမြန်တပ်ရင်း ဖြစ်ဖြစ်ဟာ စနစ်ဆိုးရဲ့ မောင်းတံငယ် မျှသာ ပါ။  စနစ်ဆိုး လည်ပတ် မောင်းနှင် သက်ဆိုးရှည်စေနေတဲ့ အင်ဂျင်စက် မဟုတ်ပါ။  စစ်ဝါဒ ရေရှည်ကြီးစိုး၊ စစ်အာဏာရှင်စနစ် အနာဂတ် မှာ တည်တံ့စေဖို့ စနစ်တကျ စီစဉ်ထားတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ဖားတပိုင်း ငါးတပိုင်း စစ်လွှတ်တော်၊ အရေခွံလဲ စစ်တပိုင်း အစိုးရ နဲ့ လက်ရှိ ပုံဖော်နေတဲ့ ခွေးတူဝက်တူ ဒီမိုကရေစီ စနစ်ကသာ အဓိက တရားခံပါ။

နိဂုံးချုပ်ရရင် ဒီ အဓိက တရားခံ ကို လက်ရ ဖမ်းဆီး မထိန်းချုပ်နိုင်သရွေ့ အနာဂတ် မှာ ကိုပါကြီး ဖြစ်စဉ်တွေ အများကြီး လာလတ္တံ့ ဖြစ်နေမှာ ဖြစ်သလို တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေရတဲ့ စစ်ပွဲတွေလည်း ရပ်မှာ မဟုတ်ပါ။  တပ်နဲ့ပြည်သူလည်း လက်တွဲ ကြည်ဖြူ နိုင်မှာ မဟုတ်ပါ။  စစ်တပ် ဟာလည်း “ပြည်သူ့တပ်မတော်” မဖြစ် “လူသတ် တပ်မတော်” လို့သာ နာမည် ဆက်လက် တွင်နေဦးမှာပါ။  ဒါကြောင့် လူထုနဲ့ တပ်မတော် ပူးပေါင်းပြီး အရင်းခံ အကြောင်း လူတစု စစ်အာဏာရှင် သရုပ် ကို မြော်ချင့် နားလည် စနစ်ဆိုးကို ဘုံရန်သူ အဖြစ် အတူတကွ တော်လှန်ဖို့ လိုကြောင်းပါ ခင်ဗျာ။

တပ်နဲ့ပြည်သူ တစိတ်တဝမ်းတည်း ဖြစ်စေချင်ခဲ့တဲ့၊ တိုင်းပြည် အတွက် စာကောင်း၊ ပေကောင်း သြဝါဒ ကောင်းများစွာ ထားသွားခဲ့တဲ့ ဆရာ အောင်သင်း ရဲ့ ဂုဏ်ကျေးဇူး ကို ဦးထိပ်ထား ပူဇော်လျက်။

ငြိမ်းချမ်းအေး

အောက်တိုဘာ ၃၀၊ ၂၀၁၄

Follow @ Facebook: https://www.facebook.com/nyeinchanaye81

(အောက်တိုဘာ ၃၁ ရက် သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၃၇) တွင် မူလ ပုံနှိပ်ခဲ့သည်။  မိုးမခ တွင် ထပ်မံ ဖော်ပြသည်။  ဆောင်းပါး ပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

စာရေးသူ ၏ ဆက်စပ် ဆောင်းပါးများ ဖတ်ရန် —

ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း / ဖက်ထိပ်ယဉ်ကျေးမှုနဲ့ဗမာပြည်

http://moemaka.com/archives/23353

http://moemaka.blogspot.com.au/2012/05/fatigue-in-burma.html

http://burma.irrawaddy.org/opinion/viewpoint/2012/05/14/9772.html

တောင်တွင်း က အောင်သင်း က ဘဝ သန်းခေါင်ချဉ်းသည် အထိ အနေ မှန်ခဲ့တယ်

http://moemaka.com/archives/40479

http://www.moemaka.blogspot.com.au/2014/10/blog-post_499.html

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – စနစ်ဆိုးရဲ့ အသုံးချခံ သားကောင်
  1. နောက်ဆက်တွဲ မှတ်ချက် – ဆောင်းပါး ပါ ဆရာ အောင်သင်း ရဲ့ ကဗျာ စကားစု မူရင်း ဟာ လက်ဝဲသုန္ဒရရဲ့ နန္ဒိသေန ​သေနင်္ဂဗျူဟာ ပျို့ က ထုတ်နှုတ် မှီးငြမ်းထားခြင်း ဖြစ်ပါတယ်။

    စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
    စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
    ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်
    ပြည်သူ့စွမ်းအား မကိုးစားလျှင်
    ဓါးသွားလည်းကြွေ
    လှံလည်းခွေအံ့။

  2. စစ်တပ်လို့ ၀ါးလုံးရှည်နဲ့သိမ်းပြီး မရမ်းပါနဲ့။ တပ်မတော်ထဲမှ အာဏာရ လက်တစ်ဆုပ်စာနဲ့ သူတို့၏ အပေါင်းအပါများလို့ရေးပါ။ မဖြစ်စလောက်လစာလေးနဲ့ တစ်မိသားစုလုံးစားဘို့ အိမ်ရှိလူကုန် အလုပ်လုပ်ကြရတဲ့ အရာရှိများနဲ့ အခြားအဆင့်တွေ ရိုက်သတ်လို့ မကုန်အောင်ပေါမှပေါပေါ့။ အထက်အဆင့်ဆင့်ကိုပြန်မပြောရဲလို့ ခိုင်းသမျှလုပ်ကြရပြီး ပြသနာဖြစ်လာရင် တရားခံဖြစ်ကြရရှာတဲ့ တပ်မတော်သားတွေလည်း အများကြီးပါ။ အောက်အဆင့်မှာ တစ်ကယ်ဖြစ်နေတာတွေကို အပေါ်ပိုင်းကလူတွေ မသိအောင် အလယ်ပိုင်းက လုပ်ခြင်တာလုပ်ပြီး အထက်ပိုင်းကို လုပ်ကြံထားတဲ့ သတင်းတွေပေးလို့ အရေးယူခံရတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ ပြောပြရင် ယုံကြမလား။

Comments are closed.