ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – သုံးရောင်ခြယ်ကြဟေ့

ကျော်ဟုန်း – သုံးရောင်ခြယ်ကြဟေ့

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၄

ဒီစစ်အုပ်စုက

ဒေးဗစ်ကော့ဖါဖီးဒ် ထက်များ

အလှည့်အပြောင်း ညင်သာနေမလား၊

ကော့ဖါဖီးဒ်က မျက်လှည့်ပဲ ကျွမ်းတာ

စစ်အုပ်စုက စိတ်လှည့်၊ မျက်လှည့် ကျွမ်းတယ်။

ဒီစစ်အုပ်စုက

အချိုလို အချိုကျွေး၊

အချဉ်လို အချဉ်ကျွေး၊

ပန်းယူမလား၊ ယမ်းယူမလား၊

သူ့ အင်အား ဘက်စုံဖြည့်ထားတယ်။

တလကျော်ကြာ အစပျောက်နေတဲ့

သုံးရောင်ခြယ် ကိုပါကြီး သတင်း၊

စိစစ်ကြရလိမ့်မယ်။

ဘယ် လက်နက်ကိုင်အဖွဲ့ မှ မ၀င်ခဲ့သူ

အလွတ်သတင်းထောက် ကိုပါကြီး

စစ်အုပ်စုက သတင်းထုတ်ပြန်တော့

ကိုပါကြီးဟာ KKO က ဗိုလ်ကြီးအောင်နိုင်ဖြစ်သွား၊

လက်နက်လုပြီးခုခံတဲ့ ရာဇ၀တ်ကောင်ဖြစ်သွား၊

လူကို လုပ်ကြံသလို သတင်းပါ လုပ်ကြံ

ခွပ်ဒေါင်း ခွေးဆွဲသွားပြီ။

ဒီစစ်အုပ်စုက

ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး ဦးတည်နေသတဲ့။

ဘယ်မှာလဲ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်မှု၊

ဘယ်မှာလဲ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်မှု၊

ဘယ်မှာလဲ ဆင်းရဲသားပပျောက်ရေး လုပ်ဆောင်မှု၊

ဘယ်မှာလဲ ပညာရေး ခေတ်မီဖွံ့ ဖြိုးမှု၊

ဘယ်မှာလဲ ကျန်းမာရေး ပြည့်စုံစောင့်ရှောက်မှု၊

ဘယ်မှာလဲ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု၊

ဒီအစုစုကို တတိတိ ၀ါးမြိုခံနေရမှတော့ …။

ဒီစစ်အုပ်စုက

ပြောင်းလဲရေး ငြိမ်းချမ်းရေး ဦးတည်နေသတဲ့။

မုဆိုးမ အသစ်တွေ တိုးလာ၊

မုဆိုးဖိုအသစ်တွေ တိုးလာ၊

မိဘမဲ့ ကလေးတွေ တိုးလား၊

အသေဆိုးတွေရဲ့ မရဏရှင်ဟာ

စစ်အုပ်စုဆိုတာ ထင်ရှားနေမှတော့ …။

တိုက်ပွဲ၊ ပြည်သူ၊ ဒီမို

သုံးရောင်ခြယ်ဖို့  အချိန်တန်ပြီ၊

မငိုက်မြည်းကြနဲ့ ၊ မတွေဝေကြနဲ့ ၊

တိုက်ပွဲစည်သံ ယွန်းကြတော့ဟေ့။

သုံးရောင်ခြယ် ကိုပါကြီးက

သူ့ အသက်လဲပြီး တိုက်ပွဲခေါ်သံ စလိုက်ပြီ၊

တိုက်ပွဲ၊ ပြည်သူ၊ ဒီမို

သုံရောင်ခြယ်ကြ။

ပြည်သူ၊ ဒီမို၊ တိုက်ပွဲ

သုံးရောင်ခြယ်ကြ။

ဒီမို၊ ပြည်သူ၊ တိုက်ပွဲ

သုံးရောင်ခြယ်ကြ။

သုံးရောင်ခြယ်ဒေါင်း

ရာဇ၀င် မညောင်းအောင်

၂၀၁၅  ငြိမ့်စောင့်မနေနဲ့ 

ထတော့၊ ကတော့၊ ခွပ်ကြတော့ဟေ့။    ။

ကျော်ဟုန်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts