သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဂွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး

ငြိမ်းချမ်းအေး – ဂွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး
(မိုးမခ) – အောက်တိုဘာ ၂၄၊ ၂၀၁၄

လောကမှာ ကိုယ့် ထိ မှ ဝိုင်း အာ တတ်ကြတာဟာ ကျီး တွေရဲ့ အကျင့် ပါ။  လူတွေ ရဲ့ အကျင့် စိတ်ဓာတ် မဟုတ်ပါ။

အခု စစ်တပ် ရဲ့ ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတဲ့ အလွတ်တမ်း သတင်းထောက် ကိုပါကြီး စာနယ်ဇင်း သမား စစ် စစ် ဟုတ် / မဟုတ် စောကြော နေစရာ မလိုပါ။  သူ လူသားတဦး ဖြစ်ခြင်း၊ နိုင်ငံသား တဦး ဖြစ်ခြင်း သက်သက်နဲ့ပဲ ဒီလို မတရားမှု ဒဏ် မခံ ထိုက်၊ အသေဆိုး မသေထိုက်ပါဘူး။  သူ့ အကြောင်း ပြောဖို့ အတွက် စာနယ်ဇင်း သမား ဖြစ်စရာ မလိုပါ။

ISIS ရဲ့ လူသတ်ဝါဒ ကို ရှုတ်ချဖို့ အတွက် ခရစ်ယာန် ဖြစ်ဖို့မလို၊ ဂျူးဖြစ်ဖို့ မလိုပါ။  အစ္စရေး ရဲ့ ဂါဇာ ကမ်းမြောင် ဒေသ ပိတ်ဆို့ ဗုံးကြဲမှုကို ဆန်ကျင်ဖို့ရာ အတွက် ပါလက်စတိုင်း ဖြစ်စရာ မလို၊ အာရပ် ဖြစ်စရာ မလို၊ မွတ်ဆလင် ဖြစ်စရာမလိုပါ။

လူသတ်ဝါဒ ကို ပြစ်တင် ဝေဖန် တော်လှန် ဖို့ရာ အတွက် လူသား တယောက် ဖြစ်နေရင် လုံလောက်ပါပြီ။

လူဖြစ်ပါလျက် လူအချင်းချင်း နှိပ်စက် ညှဉ်းပမ်း သတ်ဖြတ်ခြင်းကို ရှုတ်ချ ဆန့်ကျင် အသံထွက်ဖို့ ပျက်ကွက်ရင် လူသားပေမယ့် အဟိတ် တိရစ္ဆာန် ကျီးတွေ ထက် မိုက်မဲသူ ပဲ ဖြစ်ပါမယ်။  ဒီအထဲမှာ တာဝန် ကြီးကြီး ယူ ထား သူတွေ အသံကျယ်ကျယ် ပိုထွက်ဖို့ လိုပါတယ်။

ဒါ့အပြင် အင်တာနက် နည်းပညာ၊ ဘလော့၊ ဝီကီ၊ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများ ထွန်းကားတဲ့ (၂၁) ရာစု ခေတ်သစ် မှာ လူတိုင်းဟာ သတင်းသမား ပါ၊ လူတိုင်းဟာ စာနယ်ဇင်း ပါ၊ လူတိုင်း ဟာ ဂျာနယ်လစ်ပါ။

ဒီလို ပြည်သူ့ကြားက လူထု စာနယ်ဇင်း သမား တွေ လှုပ်ရှား သွားလာ သတင်းယူ၊ ဓာတ်ပုံ ရိုက် တင်ပြ ဖော်ထုတ် ဖြန့်ချိ နိုင်ခဲ့လို ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီး အကြမ်းဖက် ဖြိုခွင်းခံရပုံတွေ၊ ၂၀၀၈ မေလ နာဂစ် မုန်တိုင်း တွင်း ဗိုလ်သိန်းစိန် ဝန်ကြီးချုပ် လုပ်ခဲ့ရာ နအဖ စစ်အစိုးရ ရဲ့ တာဝန်မဲ့ ယုတ်မာမှု တွေကို ကမ္ဘာ က မျက်ဝါးထင်ထင် မြင်သိသွားတာပါ။

“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ဆိုတာ အဟုတ်ပါ့လား ဆိုတာ နိုင်ငံတကာ က ပို နားလည်သွားတာပါ။  ဒင်းနစ်ရှ် လမ်းပေါ် အနုပညာ အဖွဲ့ရဲ့ သရော် ကြော်ငြာ “လူသတ်ကောင်ကြီး သန်းရွှေ” ဆိုတာ အပြော မဟုတ် လက်တွေ့ ဆိုတာ လူထု သတင်းသမားတွေကြောင့် ကမ္ဘာ က သိသွားခဲ့တာပါ။  စစ်အုပ်စု ရဲ့ အတွင်း သရုပ် ကို လူထု သတင်းသမားတွေက ခေတ်အဆက်ဆက် ဆွဲထုတ် ပြခဲ့တာပါ။

အကျိုးဆက် အနေနဲ့ အခု ဒီမိုကရေစီ ပြုပြုပြောင်းလဲမှုလို့ လူအများ ဇွတ် အကောင်းမြင် ခေါ်နေကြတဲ့ လူဝတ်လဲ မျက်လှည့်ပြပွဲကြီး ဖန်တီးခဲ့ရသည် အထိ စစ်အုပ်စု ရဲ့ ပုံရိပ်၊ မျက်နှာ၊ တရားဝင် ရပ်တည်နိုင်မှု နိုင်ငံတကာ မှာ ကျဆင်းခဲ့ရတာပါ။

မတရားမှုတွေ နေရာတိုင်းမှာ တင်းကျမ်းပြည့်နေတဲ့ တိုင်းပြည်မျိုးမှာ သတင်းသမား နဲ့ လူထု ဆိုတဲ့ နယ်နိမိတ် သတ်မှတ်မှု မျဉ်းကြောင်း ဟာ မှေးမှိန်လှပါတယ်။  မတရားမှုတွေ ကို ဖော်ထုတ်ဖို့၊ ထောက်ပြ ဝေဖန်ဖို့ ဟာ လူတိုင်းရဲ့ ကျင့်ဝတ် တာဝန်ပါ။  သတင်းသမားမှ၊ တက်ကြွလှုပ်ရှားသူမှ၊ နိုင်ငံရေး သမားမှ၊ တော်လှန်ရေးသမားရယ်မှလို့ မဟုတ်ပါ။

အခု အသတ် ခံလိုက်ရတဲ့ သတင်းထောက် က နိုင်ငံရေး နောက်ခံ က လာတယ် ဆိုတာ မှန်ပါတယ်။  ဒါပေမယ့် ဒါဟာ လူတယောက် ကို တရား လက်လွတ် ဖမ်းဆီး စစ်ဆေး သတ်ဖြတ်ခြင်း အတွက် အကြောင်းပြချက် ကောင်း မဟုတ်ပါ။

ဒီ့အပြင် လူသေတဲ့ အထိ ဖြစ်ခဲ့ရတဲ့ အခု ဖြစ်စဉ် ရဲ့ နောက်ကွယ် အကြောင်းခံ ဟာလည်း အသေးစိတ် အချက်တွေ အခု အခြေအနေမှာ အပြင်က မသိ ရသေးပေမယ့် ခြုံငုံ သုံးသပ်ကြည့်ရင် စစ်ပွဲ သတင်းလိုက်ခြင်းကြောင့်၊ စစ်သတင်း ရင်းမြစ် တွေကို နှိုက်ထုတ်လိုခြင်းကြောင့်၊ ဆက်စပ် စစ်သတင်း တွေ ကို တားဆီး ဖုံးကွယ်လိုခြင်းကြောင့် အဓိက ဆိုတာ ထင်ရှားနေတဲ့ အချက်ကြီးပါ။

စစ်တပ် ဟာ သူ့ ကို တိုက်ရိုက် ထိပါးစေမယ့် ဘယ်လို ကိစ္စ ရပ်မျိုး မဆို သေးသေးကြီးကြီး အစွန်းအထင်း အနည်းအကျဉ်း တောင်မှ သည်းမခံဘူးဆိုတာကို စစ်တပ် သတင်း လိုက်မိတဲ့ သတင်းထောက်တွေ ဖမ်းဆီခံ၊ ထောင်ဒဏ် တွေ ထိ ဖြစ်ခဲ့တာတွေက သက်သေပါ။  စစ်အုပ်စု လုပ်သမျှ ဖြစ် နေတော့ အခု လက်ရမ်း လက်ဆ ကောင်းကောင်း လက်ရဲဇက်ရဲ ပို နိုင်လာပြီး သတင်းသမား ကို စစ် သတင်း နဲ့ ဆက်စပ် သတ်တောင် ပြလိုက်ပါပြီ။

ဒါဟာ သတင်းရယူခွင့် ကို သတ်ခြင်းလည်း ဖြစ်ပါတယ်။  သတင်းလွတ်လပ်ခွင့် ကို သတ်ခြင်းလည်း မည်ပါတယ်။  လူသား အခွင့်အရေး ကို သတ်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

စစ်ဝါဒ စစ်လမ်းစဉ် အာဏာရှင် အကျင့်အကြံ ဟာ လူ့ အခြေခံ အခွင့်အရေး သတင်း ယူငင် စားသုံး ဖြန့်ချိ မှု တားဆီး ချုပ်ကိုင်ခြင်းက စပြီး လူသတ်ဝါဒ နဲ့ အဆုံးသတ်ပါတယ်။  ဒီလို ရေခံမြေခံမှာ ငြိမ်းချမ်းရေး ပင်စည် မရှင်သန်နိုင်၊ တရားမျှတမှု အသီးအပွင့် မစားသုံးနိုင်၊ ဖွံဖြိုးတိုးတက် ချမ်းသာမှု အကိုင်းအခက် မကြီးထွားနိုင်ပါ။

ဆိုတော့ စစ်ဝါဒ၊ လူသတ်ဝါဒ ကြီးစိုးရာမှာ လူတယောက် လူလို ပြည့်ပြည့်ဝဝ နေထိုင်၊ သွားလာ၊ စားသောက်၊ စီးပွားရှာ၊ လုံခြုံ အိပ်စက်နိုင်ကာ လူက အုပ်ချုပ်တဲ့ ဒီမိုကရေစီ စနစ် မထွန်းကားနိုင်ပါ။

ဒီလို မထွန်းကားနိုင်ကြောင်း ကို အခု စစ်ဗိုလ်ချုပ်ကြီးများရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီး လို့  ချီးပ မြှောက်ပင့် ကြွေးကြော် စစ်အာဏာရှင် လမ်းကြောင်း ကြိုးဆွဲ သမျှ ယိမ်း လိုက် ကနေကြတဲ့ ဒီမိုကရေစီ သမား ဆိုသူများ သတိပြန်လည်လာအောင် စစ်တပ် ကိုယ်တိုင် ကပဲ သတင်းသမား လည်း ဖြစ်၊ တက်ကြွလှုပ်ရှားသူလည်း ဖြစ်၊ နိုင်ငံရေးသမားလည်း ဖြစ်၊ ပြည်သူ ထဲက ပြည်သူတယောက်လည်း ဖြစ်တဲ့ ကိုပါကြီး ကို သတ်ပြလိုက်ခြင်းနဲ့ လှုပ်နှိုး ပြသလိုက်ပါပြီ။

တပ်မတော်ရဲ့ စစ်မှန်တဲ့ သဘောထား တွေကို သိသင့်ပါပြီတဲ့။

ပွင့်ပွင့်လင်းလင်း ချပြ ပြောခဲ့သူ ကလည်း စစ်တပ် ကိုယ်တိုင်ပါပဲ။  ထုံးစံ အတိုင်း သေနတ်ပစ် လူသတ်ပြရင်းနဲ့ပါပဲ။   ဒါကို မှ ပြည်သူ့ဒီမို ကရေစီ သမား နာမည်ခံထားသူများ စစ်အုပ်စုကို သွား ပလူးရ ပြေး ကျို့ ကာ ခွေးသို့ ပမာ ဆက်လုပ်နေရင် တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်တော့လေ ဆိုတဲ့ ဆရာဖေ့ လေအတိုင်း “ဂွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး” လို့ပဲ လူထု ခမျာ အားကိုးရာမဲ့ ကုန်းအော်ရတော့မှာပါပဲ။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၂၄၊ ၂၀၁၄

Follow @ Facebook: https://www.facebook.com/nyeinchanaye81

(ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး ဆက်သွယ်နိုင်သည်။)

ဆက်စပ် ဆောင်းပါး ဖတ်ရန် –

သေချင်းဆိုးများ နဲ့ မသာ တိုင်းပြည်
http://moemaka.com/archives/40453
http://www.moemaka.blogspot.com.au/2014/10/blog-post_596.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – ဂွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး
  1. I wonder . ‘ Min Aung Hlaing ‘ met ‘ Media Council ‘ .days after . that ‘ Ko Pa Gyi ‘ was killed.

    I wonder ‘ Min A Hlaing ‘ met Media for ‘ any particular reason’ , in favour of Military.

    I like ‘ Min A Hlaing ‘ but … . but .. the reason of meeting media after that person’s death ……….is ‘ most likely to be other than ‘ co-incidental ‘ . It tooks like ‘ ‘ intentional ‘ .

Comments are closed.