နိုင်ငံတကာရေးရာ

မိုးမခအထောက်တော် – ကနေဒါနိုင်ငံမြို့တော်တွင် ပစ်ခတ်မှုများ ဖြစ်ပွား၊ စစ်သားတဦး သေဆုံး

မိုးမခအထောက်တော် –  ကနေဒါနိုင်ငံမြို့တော်တွင် ပစ်ခတ်မှုများ ဖြစ်ပွား၊ စစ်သားတဦး သေဆုံး
အောက်တိုဘာ ၂၂

 

ဗုဒ္ဓဟူးနေ့က အော်တဝါမြို့တော်စစ်ဗိမာန်ရှိ အစောင့်စစ်သားတဦး ပစ်ခတ်ခံရပြီးနောက်ပိုင်း လွှတ်တော်အဆောက်အအုံနှင့် အစိုးရရုံးများကို ပိတ်လိုက်သည်။
ပစ်ခတ်ခံရသူမှာ နာရီအနည်းငယ်အကြာတွင် သေဆုံးသွားသည်။

ပစ်ခတ်မှုတွင် သေနတ်သမား ၃ ဦး ပါဝင်နိုင်ပြီး ပစ်ခတ်မှုအများအပြား ဖြစ်ပွားခဲ့သည်ဟု  အော်တဝါမြို့တော်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
မြို့တော် နေရာ ၃ ခုတွင် ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေနတ်သမားတို့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေစဉ် လွှတ်တော်အဆောက်အအုံကိုလည်း ပိတ်ဆို့ထားလိုက်သည်။
ဝန်ကြီးချုပ် Stephen Harper ကိုလည်း ထိုနေရာမှ ခေါ်ထုတ်သွားသည်၊ ဝန်ကြီးချုပ်က တိုရွန်တိုမြို့သို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။

အမေရိကန်သံရုံးအပါအ၀င် အော်တဝါမြို့လယ်ပိုင်းပိုင်းကို လုံခြုံရေးအကြီးအကျယ် ချထားသည်၊ နိုင်ငံအတွင်း ပြည်နယ်လွှတ်တော်များတွင်လည်း လုံခြုံရေး တင်းကျပ်လိုက်သည်၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်တို့က မြို့တော် လမ်းများပေါ်တွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို နိုင်ငံတကာရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုများတွင် တွေ့မြင်နေရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သော စစ်ဗိမာန်သည် နိုင်ငံပြင်ပတွင် တာဝန်ထမ်းဆောင်သော စစ်သည်တော်များအမှတ်တရ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ အီရတ်ရှိ IS အကြမ်းဖက်အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်သည့် အစီအစဉ်ကို ကနေဒါက လဆန်းပိုင်းတွင် ၀င်ရောက်ပူးပေါင်းခဲ့သည်။

သို့သော်လည်း  ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုသည် IS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်မှု ရှိမရှိ အတည်ပြုချက်များ မရရှိသေးပေ။

ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရန် ပြင်ဆင်နေသည်ကို CNN ရုပ်သံတွင် ပြသွားသည်။ သေနတ်သမားတဦးကို အသေ ရရှိကြောင်း လုံခြုံရေးအရာရှိတို့ကို ကိုးကားပြီး CNN တွင် ဖော်ပြထားသည်။

အထက်ဖော်ပြပါမြေပုံတွင် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတချို့ကို ဖော်ပြထားသည် (မြေပုံ – The Wall Street Journal online)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts