ရေခြားမြေခြား မြန်မာများ

မောင်မောင်လတ် (ရွှေအင်းလေး စာပေ) – တပိုင်းတစ လွင့်မျောနေတဲ့ အိပ်မက်များ (ပေါ့ပေါ့ပါးပါး အမေရိကန် နိုင်ငံသား ခရီး)

မောင်မောင်လတ် (ရွှေအင်းလေး စာပေ) – တပိုင်းတစ လွင့်မျောနေတဲ့ အိပ်မက်များ
(ပေါ့ပေါ့ပါးပါး အမေရိကန် နိုင်ငံသား ခရီး)
မိုးမခ၊ အောက်တိုဘာ ၂၂၊ ၂၀၁၄

လွမ်းရေး ဝမ်းရေးတွေ ပေးမန့်တွေ အလုပ်တွေနဲ့ ချောင်ပိတ်နေလတ္တံ၊ ချောင်ပိတ်နေဆဲ နိုင်ငံသား ဖြေခွင့် အင်တာဗျူးအတွက် လက်ဗွေ နဲ့ ဓါတ်ပုံ ရိုက်ဖို့ ချိန်းဆိုထားတဲ့ ဒီနေ့ ကိုတော့ လွမ်းရေးကို အသာထား ဝမ်းရေးကို ခဏမေ့၊ ပေးမန့်ကို ခဏနောက်ပို့ အလုပ်ကို ခဏ ဖယ်ထား မြို့ထဲကို တကိုယ်ရေ ထွက်လာ ခဲ့တာကိုက ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်းပါပဲ၊၊

အမြဲ လွမ်းနေလို့က သဘာဝမကျ၊ သမုဒ္ဒရာ ဝမ်းတထွာ ကလည်း အဓိက မဟုတ်၊ နောက်ကျ မရတဲ့ ပေးမန့် အပေါ် အလုံးစုံ နှစ်ထားလို့လည်း မရ၊ စက်ရုပ် လို နေ့တိုင်း လုပ်ရတဲ့ အလုပ်ကိုလည်း တဖက်သတ် အာရုံစိုက်မရ။  လူသား တယောက် လူတယောက်အတွက်  ပုံမှန် ဖြတ်ကျော်ရမယ့် ဘဝ ခရီးကြမ်း တောထဲ အခြား အခြားသော အလုပ်တွေကလည်း ရှိသေးတယ် မဟုတ်ပါလား။

လူသားတယောက် အနေနဲ့ ကိုယ်ပိုင် ခေါ်တွင်စရာ နာမည်တခုခု ရှိရုံနဲ့ ကိုယ့် မိဘ ဘိုးဘွား ဘီဘင် ဘောင်ဆက် အမျိုးအနွယ်စု နာမဝိသေသ အခေါ်တခု ရှိရုံနဲ့ မပြီးသေး၊ မလုံလောက်သေး။  ကိုယ့် အပေါ် လုံခြုံ ကာကွယ် စောင့်ရှောက်နိုင်မယ့် ကိုယ် မှီခို အားထား ပြုနိုင်တဲ့ တန်းတူညီမျှ ဥပဒေ အခွင့် အရေးရနိုင်မယ့် နိုင်ငံ တနိုင်ငံရဲ့ အသိအမှတ်ပြု လက်မှတ်တခု မလွဲမသွေ ရှိမှ ပြည့်စုံမှာပါပဲလေ။

ဒါကြောင့်မို့ သြဂုတ်လဆန်းပိုင်းက  နိုင်ငံသား ဖြေဆိုခွင့် လျှောက်လွှာဖြည့်၊ ဖြေဆိုခွင့် အင်တာဗျူး အတွက် ငွေ (၆၈၀) နဲ့အတူ.လျှောက်တင်လိုက်တော့ ရက်သီတင်းပတ် (၂) ပတ်အကြာ လျှောက်လွာနဲ့ အတူ ငွေလွှဲ (မန်းနီးအော်ဒါ) ကို လက်ခံရရှိကြောင်း အကြောင်း ပြန်လာပါတယ်။

နောက် လေး ငါးရက် အကြာ လူဝင်မှု ကြီးကြပ်ရေးရုံးကို လက်ဗွေ နဲ့ ဓာတ်ပုံ ရိုက်ဖို့အတွက်.ချိန်းဆို အကြောင်းကြားစာ လက်ခံရလိုက်တော့ ကမန်းကတန်း ပြက္ခဒိန်မှာ မှင်နီကြီး ဝိုင်းပြီး သင်္ကေတ တခု လုပ်ရတာက ဒီနိုင်ငံအတွက် အရေးတကြီး မလုပ်မဖြစ် အလုပ်တခုပါပဲ။

တခါက ရွှေမင်းသားလေး တယောက်၊ ရေစုန်မှာ လေစုန်စီး အလိုက်သင့် လာခဲ့ သူတယောက်လား၊ အရာရာ ပေါ့ပေါ့ တွေး ပေါ့ပေါ့ နေလာခဲ့သူ တယောက်လား မသိ၊ တရားရုံး ချိန်းဆိုချက် တခုကို (၁၅) မိနစ် နောက်ကျသွားခဲ့လို့ အဲဒီ တရားရုံး ရုံးချိန်း တချိန်းအတွက် တရားရုံး ကုန်ကျစရိတ် ငွေ (၁၅၀၀) ဒဏ်ကြေးအဖြစ် ပေးဆောင်စေ ဆိုတဲ့ စာရောက်မှ အထိတ်ထိတ် အပျာပျာ၊ ခြေမကိုင်မိ လက်မကိုင်မိ။  ရောက်ခါစ လူနေမှုစရိုက် ယဉ်ကျေးမှု စရိုက် အစစ အရာရာ ကွာခြားတာကို မွန်းကျပ် အကြောင်းပြပြီး နေပူပူမှာ  ရေခဲစီမ် ဘီယာ အေးအေးလေး သောက်လိုက်မိတော့ အေးစက်နေတဲ့ ဘီယာက မီးထတောက်ပါလေရော။

အဆင်မပြေတာတွေ  မွန်းကျပ်နေတာတွေ တွေးမရနိုင်တာတွေ.အားလုံးကို အိုးခွက် ပန်းကန် ပေါက်ကွဲသံစဉ်၊ ဖန်ခွက်ပေါက်ကွဲ တီးလုံး နဲ့ ဖြေလျှော့နေတုန်း အရေးပေါ် (၉၁၁) ကျေးဇူးနဲ့ တရားရုံးကို ရောက်သွားခဲ့ရတဲ့အဖြစ်၊၊

စမိခဲ့တဲ့ ဇာတ်လမ်း အဆုံးကတော့ စွဲဆိုခံရတဲ့ အမှုအတွက်က ဒဏ်ငွေ (၁၁၀၀)၊ ချိန်းဆိုချိန် နောက်ကျတဲ့ အတွက်က ဒဏ်ကြေး (၁၅၀၀)။  အလုပ်က မရှိသေး၊ ကိုယ်ရေး ရာဇဝင်မှတ်တမ်းမှာ အနှုတ်လက္ခဏာတခု။

အလားတူ ဆင်တူယိုးမှား ငိုအားထက် ရယ်အားသန် ခဲ့ရတဲ့ အဖြစ်တွေ၊ သြော် ကြုံမှ ကြုံတတ်လေခြင်းရယ်လို့၊ သြချရလောက်အောင် ဖြစ်ခဲ့ရတဲ့ အဖြစ်တွေ၊ သင်ခန်းစာတွေက တလှေကြီး၊ မှတ်သား ဆင်ခြင်စရာတွေက တပုံကြီး။  အမေရိကန်ရောက် ရွှေ ဒုက္ခသည်တွေရဲ့ တထောင့်တည ပုံပြင်တွေက အများကြီး။

ဆိုတော့ ချိန်းဆိုထားတဲ့ အချိန်ထက် (၁) နာရီ စောရောက်ပြီး ဧည့်ခန်းထဲ ဝေ့ကြည့်တော့ မက်ဆီကန် အနွယ်ဝင် မိသားစုတစု၊ ဗီယက်နမ် သားအဖ နှစ်ယောက်၊ အာဖရိကသား လူငယ် နှစ်ယောက်.တို့နဲ့ဆိုတော့ ဧည့်ကြို ကောင်တာရှေ့ တန်းစီလိုက်ပါတယ်။

တန်းစီ ယဉ်ကျေးမှုထဲ စီးဝင် နစ်မျောခဲ့တဲ့ ကာလ ရှည်ခဲ့ပြီမို့.ကသိကအောက် မဖြစ်၊ အလှည့် ရောက်တော့ ချိန်းဆို အကြောင်းကြားစာရွက်နဲ့အတူ အမြဲတမ်း နေထိုင်ခွင့် ကဒ်ပြား (အစိမ်းရောင် ကဒ်ပြား) ထိုးပြတော့ ကောင်တာ စာရေးမက ဖြည့်ရမယ့် လျှောက်လွှာ တရွက် ပြန်ပေးတယ်။  တဆက်တည်း နံဘေးက စာရေးက အင်တာဗျူးအတွက် လေ့လာရမယ့် မေးခွန်း (၁၀၀) ပါ စာအုပ်နဲ့ အသံဖိုင် စီဒီ တချပ် .(အလုပ် အသွား/ပြန်ချိန် ကားပေါ် နားထောင်နိုင်ဖို့) လက်ကမ်းပေးတာ ယူလိုက်တယ်။

စောစောက ပေးလာတဲ့ လျှောက်လွာကို ပုံစံ ဖြည့်ဖို့ အတွက်.ရေးစရာ ဘောပင် ရှာစရာမလို၊ လျှောက်လွှာ အောက်ခံ ဖို့ အတွက် တခုခု ရှာစရာမလို၊ အဆင်သင့် ဖိုင် ကာဗာရယ်၊ ဘောပင်ရယ် ပူးတွဲ ချိတ်ပြီးသား။

ဖြည့်သွင်းပြီး လျှောက်လွှာ ပြန်တင်တော့ နေရာ တနေရာကို လက်ညှိုးထိုး သွားခိုင်းပါတယ်။  အဲဒီနေရာမှာ လက်နှစ်ဖက်စလုံး လက်ဗွေနှိပ်.တဆက်ထည်း ဓါတ်ပုံရိုက်၊ ကိုယ့် ဓာတ်ပုံအတွက် အဆင်ပြေ မပြေ ကိုယ်တိုင်ကြည့် ဆုံးဖြတ် ကျေနပ် ခေါင်းညိတ်မှ အဲဒီနေ့ သတ်မှတ်ထားတဲ့ အလုပ်တွေ ပြီးမြောက်သွားပါတယ်။

အချိန်ကာလ (၁၅) မိနစ်အတွင်း အေးအေး ညင်ညင်သာသာ နဲ့ ပြီးစီးသွားခဲ့တာ သက်တောင့် သက်သာပါပဲ။

ဒီအပိုင်းထိတော့ လျှောက်လွှာတင်သူ လုပ်သင့် လုပ်ထိုက်တဲ့ ရုံးပိုင်း ဆိုင်ရာ ကိစ္စအဝဝ ပြီးဆုံးသွားပြီဆိုတဲ့ သဘောပါပဲ။  ကျန်တာတွေကို သက်ဆိုင်ရာ ဌာနတွေက ဖြည့်သွင်းထားတဲ့ လျှောက်လွှာပါ အချက်အလက်တွေ မှန် မမှန်၊ ကျန်မကျန် တွေကိုတော့ လူတိုင်းမှာ ရှိတဲ့ (တရားမဝင် လာရောက်နေထိုင်သူမှ အပ) ကိုယ့်ဆိုရှယ်ကဒ်ပြား ပေါ်က နံပါတ် ဂဏန်း (၉) လုံးကို နှိပ် ပြီး တိုက်ဆိုင် စစ်ဆေးတာ လုပ်ပါတယ်။

လူတယောက်ရဲ့ ဘဝအတွက် ပညာရေး၊ ကျန်းမာရေး (စိတ်ပိုင်းဆိုင်ရာချို့ ယွင်းမှု ရှိ/မရှိ မျိုးပါ မကျန်)၊ အလုပ်အကိုင်(သို့မဟုတ်) စီးပွားရေး၊ လူမူရေး၊ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား ( ပြစ်မှု ညိစွန်းမှု ရှိ/မရှိ ပါ ပါ)ကဏ္ဍအလိုက်  အသေးစိတ်မှ တကယ့် အသေးစိတ် အချက်အလက်တွေ အဲဒီ ဂဏန်း (၉) လုံးထဲ ထည့်ထားပါတယ်။

ကာယကံရှင် ကိုယ်တိုင် တချို့ အဖြစ်အပျက်တွေ မေ့တေ့တေ့ ဝေဝါးဝါး ဖြစ်နေတာ၊ အသေးစိတ် အတိအကျ မပြောနိုင်တာတွေ အားလုံး အဲဒီ ကိုယ်ပိုင်ဆိုင်တဲ့ ဂဏန်း (၉) လုံးထဲ ကွက်ကွက် ကွင်းကွင်း ၊ ကော်ပီ စာရွက် တရွက်လို ရှိနေတော့လည်း အမေရိကန်မှာ ရှိတဲ့ လူသန်းပေါင်း (၃၀၀) ကျော် ငြိမ်ဝပ် ပိပြား နေရခြင်း အဖြေဟာ အဲဒါပါပဲ။

ဒီနေ့ ပြီးသွားတဲ့ လက်ဗွေ နဲ့ ဓာတ်ပုံ ကိစ္စအပြီး ရက် သီတင်းပတ် (၂) ပတ်၊ (၃) ပတ် အကြာမှာ နိုင်ငံသား ဖြေဆိုခွင့် အင်တာဗျူး အတွက် လိုအပ်မယ့် စာရွက်စာတမ်း၊ သက်သေခံ ကဒ်ပြား (အမြဲနေထိုင်ခွင့် အစိမ်းရောင်ကဒ်(သို့မဟုတ်) ပတ်စပို့ အစရှိသည်များ) တွေကို မမေ့မလျော့ ကိုယ်နဲ့ တပါတည်း ယူဆောင်လာဖို့ အသိပေး နိုးဆော်စာ ပေးပို့ပါတယ်။

အဲဒီ စာရွက်စာတမ်း နဲ့ သက်သေခံ ကဒ်ပြား မမေ့မလျော့ ယူဆောင်လာဖို့ သတိပေးစာနဲ့ အင်တာဗျူး ဖြေဆိုရက် အသိပေး အကြောင်းကြားစာ ကြားမှာ လျှောက်လွှာတင်သူ လူဦးရေ အနည်း အများ ပေါ်မူတည်ပြီး အချိန် (၁) လခွဲ ကနေ  (၂)လခွဲထိ ကြာတတ်ပါတယ်။  စာမေးပွဲ တခုခု၊ အင်တာဗျူး တခုခု အတွက်  စိုးရိမ်ထိတ်လန့် တတ်သူတွေအနေနဲ့ ဒီနိုင်ငံရဲ့ အင်တာဗျူး အကြောင်းကြားမှု အပေါ် သိပ် အစိုးရိမ် ကြီး ထိတ်လန့် ဇောချွေးပြန်ရန်မလိုပါ။  အကြောင်းကြားစာနဲ့ အင်တာဗျူးရက်က  အသင့်အတင့် ရက်ခွာထားပေးလို့ပါပဲ၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင်လို့ပါ။

သူတို့ဘက်က အစစ အရာရာ ချို့ယွင်း အားနည်းချက်၊ အပြစ်ဆိုစရာ မရှိအောင် အမြဲ ကြိုးစား လုပ်ပေးသလို ကိုယ့်ဘက်ကလည်း အကောင်းဆုံး အမှားမရှိအောင် ပြင်ဆင်သွားရမှာတော့ အသေအချာပါပဲ မဟုတ်လား၊ သဘာဝပါပဲ မဟုတ်လား။

တကယ်တော့ ဒီနိုင်ငံသား ဖြေဆိုခွင့် ဟာ ရိုးရိုးစင်းစင်း အပိုင်း နှစ်ပိုင်းပဲ ရှိပါတယ်။  အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော စမ်းသပ်တာက ပထမပိုင်း။  လျှောက်လွှာပါ ဖြည့်ထားတဲ့ အချက် မှန် မမှန်၊ သဘောရိုးနဲ့ ကျန်ခဲ့တဲ့ အချက်ရှိခဲ့ရင် ပြန်ဖြည့် သွင်းနိုင်အောင် အခွင့် အရေး ပေးရင်း ကိုယ်တိုင် ခံဝန် နှုတ်ထွက်စကားနဲ့ နောက်ဆုံး အတည်ပြုချက်ယူတာက ဒုတိယပိုင်း။

ပထမ အပိုင်း အရေး၊ အဖတ်၊ အပြော ကဏ္ဍ သုံးခုမှာ အရေး နဲ့ အဖတ် အတွက်  သူတို့ ရေးခိုင်းတဲ့ စာကြောင်း တကြောင်း၊ သူတို့ဖတ်ခိုင်းတဲ့ စာကြောင်း တကြောင်း  ကို ရေးနိုင် ဖတ်နိုင်ရင် ရပြီ။  ရေးခိုင်း ဖတ်ခိုင်းတဲ့ စာကြောင်းကလည်း လွယ်လွယ်ပါပဲ၊ သိပ် စိုးရိမ်စရာမရှိ။

နောက်ဆုံး အပြော ကဏ္ဍလို့ သတ်မှတ်ရမယ့် အပိုင်းကတော့ အလင်းပြီး အမှောင်၊ အဆင်းပြီး အတက် အပျော်ပြီး အငို ဆိုသလို. မေးခွန်း (၁၀၀) အတွက် ကြည့်ရ မှတ်ရတော့မယ့် အပိုင်းပါ။  ဒီနိုင်ငံသား ဖြစ်ချင်သူ တယောက် အတွက် တော့ ဒီနိုင်ငံရဲ့ သမိုင်း ၊ နိုင်ငံရေး၊ ပထဝီဝင်ဒေသ၊ လူမူရေး အစရှိတာကို မသိမဖြစ် အကြမ်း သဘော သိရအောင် ကဏ္ဍစုံ အသီးသီးက ထုတ်နှုတ်ထားတဲ့ မေးခွန်းတွေမို့ ကြည့်သင့် မှတ်သင့်တဲ့ အရာတွေပါပဲ။

အင်တာဗျူး အမှတ် စာရင်းကလည်း လျှော့လျှော့ပေါ့ပေါ့ (၆၀) ရာနှုန်းပါ။  မေးသူရဲ့ မေးခွန်း  (၆) ခု ဆက်တိုက် အမှန်ဖြေနိုင်ရင်အောင်ပါပြီ။  မသိမဖြစ် သိသင့် သိထိုက်ပါတယ်ဆိုတဲ့ မေးခွန်း (၁၀၀) ဆိုတာက လက်ရှိ အမေရိကန် သမ္မတ က ဘယ် ပါတီကလဲ၊ ကနေဒါနိုင်ငံနဲ့ ထိကပ်နေတဲ့ ပြည်နယ်များထဲက  ပြည်နယ် အမည်တခု၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဘယ်သူက ရေးဆွဲ ခဲ့သလဲ၊ အမေရိကန်နိုင်ငံ မပေါ်ပေါက်ခင် ကနဦး နေထိုင်နေတဲ့ လူမျိုးအမည်၊ စတာမျိုးတွေပါ။

ဒုတိယအပိုင်းကတော့ သူတို့ အဓိက လိုချင်တဲ့ အရာက ရိုးသား ဖြောင့်မတ်မှုပါ။  ကိုယ့် ကိုယ်တိုင်ရဲ့  ဝန်ခံ နှုတ်ထွက် အတည်ပြုစကားလိုချင်တာရယ်၊ သဘောရိုး နဲ့ကျန်ခဲ့ တာတွေ ပြန်ဖြည့် စွက်နိုင်အောင် ရယ် မေးမြန်းခြင်းပါ။

လျှောက်လွှာတင်တုန်းက “လွန်ခဲ့တဲ့ (၅) နှစ် အတွင်း အမေရိကန်နိုင်ငံ ပြင်ပကို ခရီးထွက်ခဲ့သလား” မေးခွန်းကို  “No” ဖြေထားပြီး လူတွေ့ အတည်ပြုထပ်မေးမှ “Yes” ဆိုရင်တော့ သက်သေခံ စာရွက်စာတမ်းနဲ့ အတူ အကယ်ဒမီ အိုက်တင် ပါ  ထည့်ပေါင်းရပါတော့မယ်လေ။  ဖောင်ဖြည့်တုန်းက  “No”၊ လူတွေ့ မေးမြန်းချိန်မှာလည်း “No” ဆိုရင် OK ပါ။

ပျှမ်းမျှ (၁၅) မိနစ်၊ မိနစ် (၂၀) လောက် ကြာတတ်တဲ့ ဒီနိုင်ငံသား ဖြေဆိုခွင့် အောင်စာရင်း ကိုတော့

တထိုင်တည်း စစ်မေးသူ ကိုယ်တိုင် ချက်ချင်း အဖြေပေးပါတယ်။  အထက်ကို တင်ပြပါဦးမည်၊ အထက်အမိန့် အရ အကြောင်းကြားပါမည် ဆိုတာမရှိ။  အောင်တယ် ကျတယ် ဆိုတဲ့ အဖြေက စကားတခွန်း တည်းပါပဲ။  ကျရင်  နောက်တကြီမ် ဖြေဆိုခွင့် ပေးပါတယ်။

အောင်ရင် နောက် တလခွဲ နှစ်လ အတွင်း လူဦးရေ အနည်း အများအပေါ် မူတည်ပြီး ကျမ်းသစ္စာ ကျိန်ဆိုဖို့ ရက်ချိန်းပေးပို့ ပါတယ်။  အဲဒီ ကျမ်းသစ္စာကျိန်ဆိုပြီး ခန်းမဆောင်က ထွက်လာတဲ့ လူသား တယောက်ကတော့ အသစ်စက်စက် အမေရိကန်နိုင်ငံသားကြီးပေါ့ဗျာ။

ဒါတွေကတော့ အမေရိကန် နိုင်ငံသားအဖြစ် လျှောက်လှမ်းရမယ့် ခရီးစဉ် တခုကို ခပ်ပါးပါး ခပ်လျှပ်လျှပ် လေး အပေါ်ယံ ရှပ် ရေးသားလိုက်ခြင်းပါပဲ။  တကယ်လည်း လုပ်ငန်းစဉ် တခုလုံးက ခပ်ပါးပါး လျှပ်လျှပ်၊ ပေါ့ပေါ့ပါးပါး ပါပဲ။

ပြည်သူတွေက အစိုးရချ မှတ်ထားတဲ့ မူဘောင်အောက် ကျသင့် ပေးဆောင် သင့်တဲ့ အခွန်အခ ပေးသွင်းတယ်၊ အစိုးရကလည်း ပြည်သူအတွက် လုပ်ပေးသင့်တာတွေ အကောင်းဆုံး ဖြည့်ဆည်းပေးတယ်။  အစိုးရ နဲ့ ပြည်သူ အကြား ဥပဒေ လက်တလုံးခြား၊ မျက်လှည့် ဆန်ဆန် ပဟေဠိ မြှုပ်ကွက် လုပ်ထုံးလုပ်နည်း ဆိုတာမရှိ။  စိတ်ညှိုးနွမ်း ပူပင်သောကမရှိရအောင် အကောင်းဆုံး အသက်သာဆုံး ဖြစ်အောင် စီစဉ်ပေးတာကတော့ လက်တွေ့ မျက်မြင်ပါပဲ။

ပြည်သူကလည်း ပြည်သူ အလျောက် အစိုးရဘက်ကလည်း အစိုးရဘက် အလျောက် အကောင်းဆုံး ပေးဆပ်တုံ့ပြန်ရင်း ကြားက ရိုးရိုးစင်းစင်း ဖြောင့်ဖြောင့် တန်းတန်း အရိုးသားဆုံးနေထိုင်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းတွေဟာ.အရာရာ အေးချမ်းလှပါတကား။

မအေးချမ်းနိုင်တာက ဟောဒီ တနယ်သား ရင်ထဲက အလွမ်းတွေပါပဲ…။

မောင်မောင်လတ် (ရွှေအင်းလေး စာပေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts