ကဗျာ

ဘကျော် (မကွေး) – ပြည်သူ့ဆေးရုံမြင်ကွင်း

 

ဘကျော် (မကွေး) – ပြည်သူ့ဆေးရုံမြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄

ဒါ- တောင်ဆူဒန်နဲ့

ဆီးရီးယားမဟုတ်ဖူးဆိုတာတော့

သေချာတယ်၊

မနက်ဖန်အတွက်

မျှော်လင့်ချက် ကိုယ်ဆီနဲ့

အိပ်ယာကုတင် ပျဉ်ခင်းမှာ

အပ်စိုက်ပေါက်တမ်းလန်းနဲ့

ခြင်ထောင်မဲ့ အမိုးကိုမော်ကြည့်နေတယ်၊

အရှေ့အလယ်ပိုင်းကို

နေ့ခင်းကြောင်းတောင်ရောက်နေသလိုမျိုး

သွေးစီးကြောင်းမျက်နှာတွေက

ပိုင်ရှင်ကို ရှာဖွေနေလေရဲ့၊

ဟိုဖက် ပို့ လိုက်

ဒီဖက်ပို့လိုက်

ပညာသင်ပေါက်စတစ်ယောက်တော့

နားနှစ်ဖက်ကို ခွနဲ့ထောက်လို့

ခေါင်းတခါခါ လည်တရမ်းရမ်းနဲ့

မောပန်းနေတယ်၊။

ခဏစောင့်ပါ

အကြိမ်ကြိမ်ပြောနေပေမဲ့

ကိုယ်မလုပ်တတ်တဲ့ ကိစ္စ

ထိုင်ကြည့်နေရတာ

ကျောတောင်တောင့်တယ်၊

ဒါပေမဲ့

သူတို့ကိုယ်စား

တွေးတောကြည့်ရင်

စမြိန်စာထုပ်ဆိုတာ

သေရွာကို ပို့သလိုမျိုး

အိတ်ဆွဲကိုယ်ဆီနဲ့

ခွက်မပါဇွန်းတပ်

မငတ်အောင်တော့

စားနေကြရတယ်။

ချို့တဲ့သူ

စေတနာနဲ့

တတ်နိုင်သူ စရိတ်မျှပေး ဆိုပေမဲ့

ကိုယ့်ဝေဒနာ ကြာရှည်မခံရအောင်

ငွေဘောက်ချာ မြန်မြန်ဖြတ်ရတယ်။

လယ်လုပ်သူလယ်ပေါင်

ဈေးရောင်းသူ အကြွေးပေါင်း များစွာနဲ့

ရှေးဟောင်းကုသိုလ်များနည်းခဲ့လို့လား။

စေတနာမပါ ဗလာနတ္ထိနဲ့

ငွေအသပြာအခါခါကြည့်တတ်တဲ့

အနီအပြာဝတ်တွေက

အထူးကုဆီမှာ အပ်ထည်ရှိရဲ့လားတဲ့-

ISIS ထက်ဆိုးတဲ့

စကားသံတွေက

နှာခေါင်းစီး ခေါင်းပေါင်းနဲ့

ခွဲစိပ်ခန်းထဲက ပျံ ၀ဲ ၀ဲနေတယ်။

ဒါ …

အီဘိုလာရောဂါ မဟုတ်သေးဘူး။

ဒါ- HIV ပိုးတွေ့မတွေ့

သွေးစစ်ဖို့လိုနေပလား

သလိပ်ခွက်နဲ့

ယဉ်ပါးတီဘီဖြစ်နေပါလား

ဆိုင်ကယ်တိုက်အက်စီးဒင့်

ဆီးချိုသွေးချို နှလုံးသွေးကြောကျဉ်း

ဓတ်ခွဲခန်းဝင်စစ်မယ်ဆိုရင်

နင့်ယာတစ်ခင်း ပြောင်လျော့တာမှတ်ပေတော့–။

ငွေအသပြာဆိုတာ

ဝေဒနာသည်အတွက် အားဆေးပါ

စေတနာမပါ အခါခါလက်ပြတတ်တာမျိုး

နေရာတကာငေါက်ငမ်းခံနိုင်မှ

မသေမှာ  သေချာနေရော့ထင့် …

မေးချင်လိုက်စမ်းပါရဲ့

လူ့ပြည် လူ့ရွာ

တစ်ခေါက်လာ

ငွေအသပြာရှာကာ ပြန်သွားသူတွေ

တရုတ်မသာမှာ

စက္ကူ မီးရှို့သလို

နင်တို့မှာဘာတွေ ပါသွားခဲ့လို့လဲ …။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts