Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – စာရေးသူများ၏ ရသစာဖတ်ဝိုင်း ပုလဲရတု အထိမ်းအမှတ်

ရန်နောင် (ဗိုလ်တထောင်) – စာရေးသူများ၏ ရသစာဖတ်ဝိုင်း ပုလဲရတု အထိမ်းအမှတ် 
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄

စာရေးသူများ၏ ရသစာဖတ်ဝိုင်း အမှတ်စဉ် (၃၀) ပုလဲရတုကို ရွေ့လျားရသအစီအစဉ်၏ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၄ ခုနှစ် အောက် တိုဘာလ (၁၂) ရက်  တနင်္ဂနွေနေ့က အမှတ် (၁၃၂) ၊ပန်းပင်ကြီးလမ်း၊ ကြည့်မြင်တိုငမြို့နယ်၊ ရန်ကုနမြို့တွင်  နေ့လည် ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို နေ့လည်စာဖြင့် လှူဒါန်းကျွေးမွေးပြီး တက်ရောက်လာသော ပရိတ်သတ်အားလည်း နေ့လည်စာဖြင့်ဧည့်ခံခြင်းဖြင့် အခမ်းအနားအစီအစဉ်အားစတင်ခဲ့သည်။

ကျနော်တို့ ဒီအစီအစဉ်ကတော့ ဒုတိယမြောက်ပါ။ ဒီကျောင်းကိုတော့ ပထမဦးဆုံးအကြိမ်ပါ။ ကလေးတွေ နေ့လည်စာအတွက် တသိန်း နှစ်သောင်း ကျပါတယ်။ သူတို့တွေ လိုအပ်နေတဲ့အသံပိုင်းဆိုင်ရာပစ္စည်းကိရိယာက ငါးသိန်းကျပါတယ်။ ကျောင်းအုပ်ကြီးက လိုအပ်တာပြောတာပါ၊တတ်နိုင်သလောက်လှူပါဆိုပေမဲ့ ငါးသိန်းအပြည့် အလှူခံရခဲ့လို့ လှူနိုင်ခဲ့ပါတယ်။ ဘူတာကြီးကနေ ဒီလိုရွေ့လျားအစီအစဉ် ပြောင်းလိုက်တာလည်း တမျိုးကောင်းသွားပါတယ်။ ကျနော်တို့ အဖွဲ့မှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ရန်ပုံငွေ မရှိပါဘူး၊ လှူမယ်ဟေ့ ဆို အလှူရှင်က ပေါ်လာပြီးသားပါ ဟု စာဖတ်ဝိုင်းဦးဆောင်သူ စာရေးဆရာရဲသျှမ်း က ပြောပြခဲ့သည်။

ဒီမှာဖတ်ရတာက အသေအချာကို နားစိုက်ထောင်ကြတာဗျ၊ သူတို့က နားအကြားအာရုံကိုပဲ ဂရုစိုက်နေရတော့ မြင်တဲ့လူတွေထက် စိတ်မပျံ့လွင့်ပဲနားထောင်ကြတာဗျ ဟုလည်း ဆရာရဲသျှမ်းက ထပ်မံရှင်းပြခဲ့သည်။

အစီအစဉ် အရ အခမ်းအနားမှူး စာရေးဆရာမ နှင်းဝေငြိမ်းမှ စာဖတ်ဝိုင်းမှ လှူဒါန်းမှုအကြောင်းနှင့် ပတ်သက်၍ အနည်းငယ်ရှင်းပြပြီး ကျောင်းအုပ်ဆရာမကြီးအား အလှူငွေများပေးအပ်ခဲ့သည်။ထို့နောက် မျက်မမြင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက တေးဂီတ ဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

ထို့နောက် ကဗျာဆရာမ စုမီအောင်မှ မျက်မမြင် ကျောင်းသားများအတွက် သူကိုယ်တိုင်မျက်စိကို ပုဝါဖြင့်ပိတ်ကာ မျက်စိမမြင်သောသူအဖြစ် ဘုရားသခင်လက်ဖြင့်ထုဆစ်ထားသူများ ကဗျာ ကို ရွတ်ပြခဲ့ပါသည်။ ဆရာမ ၏ ရွတ်ဆိုသံကိုသာကြားရသော ကျောင်းသားကလေးများသည် ကဗျာရေအလျဉ်ကြောတွင် မြောပါသွားကာ မျက်ရည်များကျသူကျ ဖြစ်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ယခုတခေါက် ရသစာပေ ဖတ်ကြားမှုတွင် စာဖတ်သူ တစ်ဦးတည်းမဖတ်တော့ပဲ စာပေလက်ရာအတွင်းပါဝင်သည့် ဇာတ်ကောင်အလိုက် အမျိုးသားနေရာ အမျိုးသား၊ အမျိုးသမီးနေရာ အမျိုးသမီး စသည်ဖြင့်  ဇာတ်ဝင်ခန်းပါပုံစံအတိုင်း ၊ ဇာတ်ကောင်စရိုက်ကို ရသပေါ်လွင် အောင် အသံလွှင့် ဇာတ်လမ်းပုံစံအတိုင်း ပြုလုပ်ခဲ့သဖြင့် ပရိတ်သတ်အကြိုက်တွေ့ခဲ့သည်။

စာရေးဆရာ ကျော်ဇင်ကိုကို၏ ဝတ္တုတို ဘွန်ဂျိုဗီရဲ့ည ကို ဆရာကျော်ဇင်ကိုကို၊ဆရာ စိုးစံဝင်း၊ဆရာမ မြသွေးနီ၊တို့က အသံနေ အသံထားဖြင့် ဖတ်ပြသည်ကို နားထောင်ရသည်မှာ ပြဇာတ်တပုဒ်ကြည့်နေရသလို၊ဇာတ်လမ်းပမာ တစ်ပုဒ် နားထောင်နေရသလို ဖြစ်ခဲ့ရသည်။ ဘွန်ဂျိုဗီ အဖြစ် အသံသရုပ်ဆောင်သူ ဆရာစိုးစံဝင်းက စာထဲပါအတိုင်း ဂုဏ်သီချင်းကို အင်္ဂလိပ်လေသံဖြင့် သီဆိုသောအခါ ကျောင်းသား၊ ကျောင်းသူများ ကလက်ခုပ်တီး၍ စည်းချက်လိုက်ခဲ့ကြသည် ကိုလည်းတွေ့ရှိခဲ့ပါသည်။

ဆက်လက်၍ ဆရာ ဟန်ဇော် မှလည်း ရသစာပေ အာဟာရစာစုအဖြစ် ဆရာဖေမြင့်၏ ဆောင်းပါးတစ်ပုဒ်အားလည်းကောင်း၊ ဆရာကြယ်လွဲမိုးနှင့် အဇ္ဈတ္တ တို့မှ ဆရာအောင်သင်း၏ ဆောင်းပါးတစ်ပုဒ်အားလည်းကောင်း ဖတ်ကြားခဲ့သည်။ ထို့နောက် ဦးဆွေ(ဒဿနိက)၊မာန်(တောင်လုံးပြန်)၊ဟန်ဆန်း၊ ခွန်ရှားလှိုင်၊လူထိုက်၊ သတိုး၊မေဇွန်အေး၊ယုဒါနှင့် ကြယ်စင်ပျိုးခင်းပရဟိတ အဖွဲ့မှ စာရေးဆရာ၊ဆရာမ များက ဝတ္တုများကို ဖတ်ကြားခဲ့ကြသည်။

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ဘွဲ့ရပြီးကျောင်းပြီးခဲ့သူ အယောက်နှစ်ဆယ်ကျော် ရှိခဲ့သည်။ ထိုအထဲမှ လုပ်သားကောလိပ်မှ ဘွဲ့ရခဲ့သူ ကျောင်းသားဟောင်း ၊လက်ရှိကျောင်းတွင် လုပ်ကိုင်နေသေးသော ဦးယောရှု အား အနည်းငယ်မေးမြန်းခွင့် ရခဲ့သည်။ ကျနော်တို့ကျောင်းမှာ အသံနဲ့ ဒါနလာပြုကြတဲ့သူတွေများပါတယ်။ကျေးဇူးလည်းအရမ်းတင်ပါတယ်။ နိုင်ငံတကာမှာ မျက်မမြင်တွေအတွက် မျက်မမြင်စာပေတွေ ရှိပေမဲ့ ဒီမှာတော့ အသံလာလှူတွေက တဆင့်ဖတ်ပြတာကို နားထောင်တဲ့အဆင့်ပဲရှိပါသေးတယ်။ Reader Digest တို့လိုစာတွေကို ကျနော်ဖတ်ခဲ့ရတာပါ။ ကျနော်တို့ မျက်စိမမြင်ပေမဲ့ စွမ်းပါတယ်။ ကျောင်းမှာ ကွန်ပျူတာစာစီစာရိုက် လုပ်တတ်တဲ့ကျောင်းသားတွေလည်း ရှိပါတယ်။ အဓိက က ကျနော်တို့ကို မပစ်ပယ်ရင်ပဲ အားအရမ်းရှိရပါတယ် ဟု ပြောပြခဲ့သည်။

စာရေးသူများ စာဖတ်ပြခြင်းကို တဝါးဝါး တဟားဟားဖြစ်နေသော ကျောင်းသားတယောက်အား မေးကြည့်ရာတွင်တော့ ကျနော်ဒီကျောင်းမှာ ငယ်ငယ်တုန်းက နေဖူးပါတယ်။ မွေးကတည်းက မမြင်တာဆိုတော့ ဒီကျောင်းတက်ရတာပေါ့။ နောက် ဒီကျောင်းက နှစ်အနည်းငယ်လောက် ထွက်ပြီး အခုပြန်ရောက်လာတာ တနှစ်လောက်ပဲရှိပါသေးတယ်။ အနှိပ်ပညာ သင်နေတာပါ။ ဒီနေ့ ဖတ်သွားပြတာတွေက ဗဟုသုတ ဖြစ်စရာတွေပါပါတယ်။ ဘွန်ဂျိုဗီ ကြီးလုပ်ပြသွားတဲ့စာရေးဆရာ ဆိုရင် အရမ်းရယ်ရတာပဲဗျာ ဟု ပြောပြခဲ့သည်။

ဖုန်းများအားကိုင်ဆောင်ထားခြင်း၊ နာရီများပတ်ထားခြင်းတို့ကို တွေ့မြင်ရသဖြင့် ဦးယောရှုကို ထပ်မံမေးမြန်းမိသောအခါ သူက သူ၏ ဖုန်းနှင့် ဖုန်းနံပါတ်အား နှိပ်ပြခြင်း၊နာရီ ကို တိကျမှန်ကန်စွာပြောဆိုနိုင်ခြင်းကိုလုပ်ပြခဲ့သည်။ ဖုန်းတွင် ဂဏန်းများကို နှစ်ချက်နှိပ်ရပြီး ပထမ အချက်တွင် နံပါတ်ကို အသံဖြင့်ပြော၍ ဒုတိယအချက်တွင် ထိုနံပါတ်က စကရင်တွင် ပေါ်ပါသဖြင့် လွယ်ကူစွာ ဖုန်းခေါ်ဆိုနိုင်ပြီး သူ၏ လက်ပတ်နာရီ မှာ အတုံးကလေးများပြုလုပ်ထားပြီး ထိကိုင်၍ နာရီအချိန်ကို မှန်ကန်စွာပြောဆိုနိုင်ခြင်းဖြစ်သည်။

ကြည့်မြင်တိုင် မျက်မမြင် ကျောင်းသည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ လူမှုဝန်ထမ်းဦးစီးဌာန  လက်အောက်ခံ ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ အယောက် (၁၅၀) ခန့် ပညာသင်ကြားလျက်ရှိသည်။အသက်(၆)နှစ်မှ (၁၈) နှစ်အတွင်း ပညာသင်ကြားလိုသော မျက်မမြင်ကလေးသူငယ်များကို စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များလေ့ကျင့်သင်ကြားပေးနေသော ကျောင်းတကျောင်း ဖြစ်ပါသည်။

စာရေးသူများ၏ ရသ စာဖတ်ဝိုင်းအစီအစဉ်ကို အမှတ်စဉ် (၁) မှ (၂၈) အထိ ရန်ကုန်ဘူတာကြီးရှိ လပ်ကီးဖလားဝါး လက်ဘက်ရည်ဆိုင် တွင်ပြုလုပ်ခဲ့ပြီး စာရေးဆရာကြီး မြသန်းတင့် (၈၅) နှစ်ပြည့်မွေးနေ့ပွဲအားလည်းကောင်း၊မီးရထားပေါ်တွင်လည်းကောင်း ၊တော်ဝင်စင်တာ တွင်လည်းကောင်း၊ ခဝဲခြံ မျက်မမြင်ကျောင်းတွင်လည်းကောင်း ပြုလုပ်ခဲ့သည်။ ရသစာပေ ကျဆုံးနေတာမဟုတ်ပဲ အခိုက်အတန့် ရပ်တန့်ခိုက်မှာ ရသစာပေဖွံ့ဖြိုးရေးကို စွမ်းစွမ်းတမံ ပြုသူများ အနေဖြင့် ပြုလုပ်နေသော ရသစာဖတ်ဝိုင်း သည် (၃၁) ကြိမ်မြောက် ရသ စာဖတ်ဝိုင်းကိုလည်း အောက်တိုဘာလ (၂၆) ရက် တနင်္ဂနွေနေ့တွင် တော်ဝင်စင်တာ တွင်ပြုလုပ်အုံးမည်ဖြစ်ကြောင်း ကာတွန်းဆရာစိုးစံ ဝင်းက ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts