ရသဆောင်းပါးစုံ

စံပယ်ဖြူ – ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း

စံပယ်ဖြူ – ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄

ကျမက တခါတလေ စိတ်ကောင်းဝင်တဲ့အခါ တရားလေး ဘာလေးနာတယ်။ ချမ်းမြေ့ဆရာတော်ရဲ့ တရားတွေကို ရံဖန်ရံခါ နာဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်က လေသံအေးအေးနဲ့ တရားဟောပြီး၊ တခါတလေရယ်စရာလေးတွေ ထည့်ဟောတတ် ပါတယ်။ တချို့ယောဂီတွေ တရားထိုင်ရင်း အိပ်ငိုက်တာ၊ အိပ်ပျော်နေတာတွေကို မြင်ရတာ ဆရာတော်အတွက် ရိုးနေမှာပါ။ ဒါကြောင့် ဆရာတော်က တရားထိုင်တဲ့ သူတွေဟာ ထိုင်လျှက်လဲအိပ်တတ်တယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေမှ မဟုတ်ဘူးသူနာပြုတွေလည်း ထိုင်လျှက်အိပ်တတ်ပါတယ် ဘုရားလို့ ကျမစိတ်ထဲကနေ ဆရာတော်ကို ပြန်လျှောက်မိပါတယ်။ အမှန်ပြောတာပါ၊ သူနာပြုတွေ ထိုင်လျှက်ငုတ်တုတ် အိပ်တတ် ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့ နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်အနား ယူခြင်းတွေကို စွန့်လွတ်ပြီးအလုပ်လုပ်ရတဲ့ သူနာပြုတွေရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို မြင်သာအောင် ဖွင့်ပြပါရစေ။

ငယ်ငယ်က ကျမရဲ့ စိတ်ကူးယဉ်အိမ်မက်တွေမှာ သူနာပြုဆရာမပုံရိပ်တွေ လုံးဝရှိမနေခဲ့ပေမဲ့ ကျမ သူနာပြုတစ်ယောက်ဖြစ် လာပါတယ်။ ရွေးချယ်ခွင့်တွေ မရှိသလောက်နည်းတဲ့ မြန်မာပြည်က ကျမတို့ မျိုးဆက်မှာ အိပ်မက်နဲ့လက်တွေ့ ကွာဟမှုတွေဟာ ဘာမှမထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ လက်တွေ့ဘ၀နဲ့ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ရင်းက သူနာပြုတစ်ယောက် ဖြစ်ရတဲ့အပေါ် ကျေနပ်နေတတ်ခဲ့ပါတယ်။ ငယ်ငယ်က တစ်ညအိပ်ရေးပျက်ရင် ညပေါင်းများစွာ အတိုးချပြီးအိပ်ခဲ့ဖူးပါရဲ့။ လက်တွေ့ဘ၀ကို သူနာပြုအလုပ်နဲ့ ရပ်တည်တဲ့ အချိန်ရောက်လာတော့ မအိပ်ရတဲ့ ညပေါင်းများစွာကို တစ်ညလောက်နှစ်ခြိုက်စွာ အိပ်ပြီးကျေနပ်ခဲ့ရပါတယ်။

ကျောင်းပြီးခါစကဆို ညဂျူတီကျရင် အော်ငိုချင်စိတ် ဖြစ်မိပါတယ်။ နောင်တော့လည်း အကျင့်ရသွားခဲ့ပါတယ်။ အထူးသူနာပြု (Special nurse) လည်းလုပ်ခဲ့ရပါတယ်။ လူနာဘေးနားက ထိုင်ခုံမှာငုတ်တုတ်ထိုင်ပြီး အိပ်ပျော်ခဲ့ရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထိုင်ခုံနောက်မှီကို ခေါင်းလေးမှီုပြီး၊ မှေးစက်ရာကနိုးလာရင် ဇက်ကြောတွေ နာကျင်နေပါတော့တယ်။ ညတာဝန်ကျတာ အိပ်ဖို့မဟုတ်ဘူးလို့ ပြောချင်လား။ ညလူနာစောင့်ပြီး နောက်တနေ့ အခြားတစ်နေရာမှာ အချိန်ပြည့် အလုပ်ဆင်းရတဲ့ မြန်မာပြည်ကသူနာပြုတွေရဲ့ နေ့စဉ်ဘ၀က ဘယ်လိုမှ အနုပညာမဆန်ဘူး။ တာဝန်တွေ၊ အချို့ကျင့်ဝတ်စည်းကမ်းတွေကို မေ့ချင်ယောင်ဆောင် နေရတယ်။ လူတစ်ယောက် လိုအပ်တဲ့အိပ်ချိန်မရပဲ အလုပ်လုပ်နေတဲ့ သူနာပြုတွေ အလုပ်တာဝန်တွေ လစ်ဟင်းကြတယ်။ အထူးသဖြင့် အစိုးရဆေးရုံတွေမှာ လူနာတွေလိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုကိုအပြည့်အ၀မရကြဘူး။ ဒီလိုဖြစ်ရတာ ဘယ်သူတွေကြောင့်လဲ၊ တရားခံဘယ်သူလဲဆိုတာ ခေတ်စနစ်အကြောင်းတွေကို နားလည်းတဲ့သူတိုင်း သုံးသပ်တတ်ပါလိမ့်မယ်။

သူနာပြုတွေ ဆေးရုံမှာထိုင်လျှက်ပဲ အိပ်ကြတာလားလို့ မေးစရာရှိပါတယ်။ လူမြင်ကွင်းမှာ ပုစွန်ထုပ်တွေလို ကွေးကွေးကလေးလည်း အိပ်တတ်ပါတယ်။ ကျမ သူနာပြုတက္ကသိုလ်မှာ ဒုနည်းပြလုပ်တုန်းက အစိုးရလာစာ တစ်သောင်းရပါတယ်။ လစာထုတ်ရင် ပျော်ရမဲ့အစား၊ ငွေတစ်သောင်းနဲ့ ဘာမှသုံးမရလို့ စိတ်ဓာတ်ကျ ခဲ့ပါတယ်။ တာမွေက သျှင်ပါကူဆေးခန်းမှာ ညဂျူတင်ဆင်းပြီး၊ အပိုဝင်ငွေရှာခဲ့ပါတယ်။ အဲဒီတုန်းကနေ့ရောညပါ အချိန်ပြည့် အလုပ်လုပ်ခဲ့တာ၊ ဘယ်လိုစိတ်နဲ့များလုပ်ခဲ့သလဲလို့ ပြန်တွေးမိပြီးကိုယ့်ကိုကိုယ် အံ့သြမိပါတယ်။ မြန်မာပြည်က သူနာပြုတွေ အများစုအဲဒီလိုရပ်တည် နေကြရတယ်။ မိဘချမ်းသာတဲ့သူ၊ ၀င်ငွေကောင်းကောင်းရှာနိုင်တဲ့ ယောက်ျားနဲ့ အိမ်ထောင်ကျတဲ့ သူတွေသာ အလုပ်တစ်ခုထဲနဲ့ ရပ်တည်နိုင်ကြပါတယ်။ သူနာပြုအများစုက သာမန်လူတန်းစားအလွှာကပါ။ မိသားစုကို ညာတကာနဉ္စ သင်္ဂဟော လုပ်နေရသူတွေဆိုတော့ နေ့နဲ့ညကို အတူတူလို့ သဘောထားပြီး အလုပ်နှစ်ခု လုပ်ကြရပါတယ်။

ပုစွန်ထုပ်ကွေးလေး အိပ်ခဲ့တဲ့အကြောင်းလေးကို ပြေပြချင်ပါသေးတယ်။ ဆေးရုံတွေမှာ ည(၁၂)နာရီနောက်ပိုင်းဆိုရင် အလုပ်ပါးသွား ပါတယ်။ ရောဂါသည်းတဲ့ လူနာမရှိရင် အိပ်ကြတယ်ပေါ့။ ညဂျူတီကျတာ အိပ်ဖို့မဟုတ်ဘူးဆိုတာ သိပေမဲ့ ဘယ်တတ်နိုင်မလဲ။ မိုးလင်းလို့ တာဝန်ချိန်ပြီးသွားရင် အိပ်ဖို့အချိန်မှ မရှိတာ။ သျှင်ပါကူဆေးခန်းက ဗိုလ်မှူးဦးဌေးအောင် (ငြိမ်း) က ညသူနာပြုတွေ အိပ်တာကိုမကြိုက်ဘူး။ ဆရာဦးမောင်မောင်လှဝင်းက ဆရာဝန်ဆိုတော့ ရှေ့နေလိုက်ပေးပါတယ်။ ဆေးရုံမှာလူနာအေးရင် သူနာပြုရော ဆရာဝန်တွေပါ အိပ်ကြပါတယ်လို့ ပြောပေးလို့၊ ဗိုလ်မှူးလဲ ကျမတို့ အိပ်တာကို မသိချင်ယောင်ဆောင် ပေးလိုက်ရပါတယ်။ အိပ်ကြတယ်ဆိုတော့ အိပ်ယာနဲ့ အခန်းနဲ့ ဘယ်ဟုတ်ပါ့မလဲ။ သူနာပြုကောင်တာမှာ ခုံလေးတွေစီ၊ စောင်အပါးကလေးခြုံပြီး၊ အကြည့်ရ မဆိုးအောင် ကွေးကွေးလေး အိပ်ကြပါတယ်။ တစိမ်းယောက်ျားရှိနေရင် လျောင်းလျှက် မနေခဲ့ဖူးတဲ့ကျမ သူနာပြုကောင်တာ လူမြင်ကွင်းမှာ စောင်ခြုံကွေးခဲ့ရတာ ညပေါင်း (၇၀၀)ကျော်ခဲ့ ပါတယ်။

ခေတ်အခြေအနေအရ ရေကြည်ရာ မြက်နုရာရှာကြတဲ့ အချိန်ရောက်တော့ ကျမအပါအ၀င် သူနာပြုတွေ စင်္ကာပူ၊ မလေးရှားနဲ့ နိုင်ငံအနှံ့ကို ရောက်ကုန်ကြတယ်။ နိင်ငံခြားမှာတော့ တာဝန်ကျေအောင် လုပ်ရတယ်၊ ပင်ပန်းတယ်၊ စိတ်ဖိစီးမှုသိပ်များတယ်၊ ညဂျူတီမှာ ကွေးကွေးလေးလည်း အိပ်လို့မရပါဘူး။ ဒါပေမဲ့ ညဂျူတီပြီးရင် နောက်အလုပ်တစ်ခုကို ပြေးစရာမလိုပဲ အိပ်ရေးဝအောင် အိပ်နိုင်ပါတယ်။ ညဂျုတီ (၃)ရက်ဆင်းပြီးရင် နားရက်သုံးရက် ရပါတယ်။ စင်္ကာပူနဲ့ မလေးရှားမှာ သူနာပြုတွေကို လူရိုသေရှင်ရိုသေ ရှိကြပါတယ်။ မြန်မာပြည်မှာတော့ သူနာပြုကို ဆိုက်ကားသမားကတောင် မလေးစားချင်ဘူး။ လူရိုသေစရာဖြစ်အောင် ပြင်စရာရှိတာတွေ ပြင်ကြလို့ပြောလာရင်၊ ဟုတ်ကဲ့ ပြင်စရာတွေ အများကြီှးရှိပါတယ်လို့ ၀န်ခံရပါလိမ့်မယ်။

အင်တာနက် သတင်းစာတစ်ခုမှာ သူနာပြုများရဲ့ ဒုက္ခဆိုပြီး၊ စာတစ်စောင် ဖတ်လိုက်ရပါတယ်။ ရေးပို့တဲ့ သူနာပြုက ရာထူးတိုးဖို့အတွက် တိုင်းကျန်းမာရေးဦးစီးမှူး ကိုငွေပေးထားတယ်၊ တိုင်းဦးစီးမှူးက နေရာပြောင်းသွားလို့ ရာထူးလည်းမတိုး၊ ငွေလည်းပြန်မရတဲ့အကြောင်း၊ ငွေယူတဲ့ တိုင်းဦးစီးမှူးကို အရေးယူပေးစေလိုကြောင်း ရင်ဖွင့်တိုင်စာလေးပါ။ အဲဒီစာကိုဖတ်တဲ့ သူတွေအချို့က ကောင်းချီးထောပနာ ပြုထားတဲ့ မှတ်ချက်ပေါင်း များစွာကို ဖတ်လိုက်ရပါတယ်။ ဖတ်ပြီး သူနာပြုတွေကို တော်တော်ချစ်ကြပါလားလို့ သိလိုက်ရပါတယ်။

ရာထူးမက်တဲ့ ဆရာမအဲဒီလို ထိတာကောင်းတယ်။
အရည်အချင်း အစစ်အမှန်နဲ့ မဟုတ်ပဲငွေပေးပြီး ရာထူးလိုချင်တယ်။

ဝဍ်လည်တာ ဆေးရုံမှာသူနာပြုတွေ ပိုက်ဆံမပေးနိုင်ရင် လူနာကိုမကြည့်ပေးချင်ဘူး။ ပိုက်ဆံပေးနိုင်ရင်တော့ အနားကမခွာတော့ဘူး။

ပညာတတ်ပြီး ရိုင်းစိုင်းတာ သူနာပြုတွေ။ အကြင်နာတရားမရှိဘူး၊ လူနာတွေကို အော်ငေါက်ကြတယ်။

မှတ်ချက်တွေကိုဖတ်ပြီး ကျမစိတ်မဆိုးပါဘူး။ မှတ်ချက်ပေးသူတွေရဲ့ ရှူထောင့်ကနေ ကျမ နေကြည့်လိုက်ပါတယ်။ သူနာပြုလောက အကြောင်းကို သေချာမသိပဲ ဝေဖန်ကြတယ် ဆိုပေမဲ့ မှန်သင့်သလောက် မှန်နေတာပါတယ်။ မြန်မာပြည် လူ့အသိုင်းအ၀ိုင်းက သူနာပြုတွေအပေါ် ယုံကြည်အားကိုးပြီး အပြန်အလှန် လေးစားမှုတွေ ရှိလာဖို့ သူနာပြုတွေမှာ တာဝန်ရှိသလို လူကြီးပိုင်းတွေမှာလည်း တာဝန်ရှိပါတယ်။ ဘာတွေ ဘယ်လို ပြင်သင့်တယ်ဆိုတာကို စင်္ကာပူရောက် မြန်မာသူနာပြုတွေ ပိုသိကြပါလိမ့်မယ်။

ယေဘူယျဆန်ဆန်တွေးပြီး ကျမပြောချင်တာတွေ ရှိပါတယ်။ တချို့လူတွေ မကောင်းကြဘူးလို့ဆိုရင် လူတွေဖြစ်တဲ့ သူနာပြုအချို့လည်း မကောင်းဘူးလို့ ပြောနိုင်ပါတယ်။ အရာရာယိုယွင်းပျက်စီးနေတဲ့ မြန်မာပြည်မှာ သူနာပြုတွေဟာလည်း သာလွန်ပြီးကောင်းနေမှာတော့ မဟုတ်ဘူး။ မြန်မာပြည် ပညာရေး အနိမ့်ဆုံး ရောက်နေချိန်မှာ သူနာပြုပညာရေးဟာလည်း နိုင်ငံတကာနဲ့ယှဉ်ရင် အများကြီးနောက်ကျ ကျန်နေပါတယ်။ သူနာပြုတွေ အဆင့်မြင့်ပညာ တတ်စရာမလိုဘူးဆိုတဲ့ အမြင်ကျဉ်းမြောင်းမှုတွေကို ကျော်လွန်နိုင်မယ်၊ လှစ်ဟာနေတဲ့ အခြေခံသူနာပြုစုခြင်းတွေ ကိုစနစ်တကျပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် လူနာတွေ အရည်အသွေးပြည့်တဲ့ ပြုစုစောင့်ရှောက်မှုတွေ ရကြမှာပါ။ အလုပ်တစ်ခုတည်းလုပ်ပြီး လုံလောက်တဲ့ ၀င်ငွေရကြတဲ့အခါ၊ သူနာပြုပညာရေးနဲ့ အရည်အသွေး ထိန်းချုပ်မှုစနစ် ကောင်းလာတဲ့အခါ ပြည်သူချစ်သော သူနာပြုတွေ ဖြစ်လာမှာပါ။ အဲဒီလို အခြေအနေရောက်ခဲ့ရင် သူနာပြုတွေ ညဂျူတီမှာ ထိုင်လျှက်ငုတ်တုတ် အိပ်နေမှာ မဟုတ်တော့သလို၊ လူမြင်ကွင်းမှာ ကွေးကွေးလေးလည်း အိပ်နေမယ် မဟုတ်တော့ပါ။ လူနာတွေ အိပ်စက်နားနေချိန်မှာ စဉ်ဆက်မပြတ် ပညာရေးအတွက် ဗဟုသုတဖြစ်မဲ့  စာတွေကို အင်တာနက်ပေါ်မှာရှာဖတ် နေကြမယ်။ သူနာပြုကွန်ယက်ပေါ်မှာ အတွေ့အကြုံတွေ ဖလှယ်ကြမယ်။ စာတမ်းတွေရေးနိုင်အောင်၊ နိုင်ငံတကာကသူနာပြုတွေနဲ့ ဆွေးနွေးနိုင်အောင် အင်္ဂလိပ်စာလေ့လာ နေကြပါလိမ့်မယ်။

ထိုင်လျှက်အိပ်တာကို အကြောင်းပြုပြီး ကျမလျှာရှည်လိုက်ပါတယ်။ နာရီပိုင်းလောက်ပဲ ကွေးကွေးအိပ်ခဲ့ရသော သူနာပြုအချို့ ဘ၀ခါးခါးနဲ့ ယဉ်ပါးနေပြီမို့ ရာထူးကိုလည်း မမက်ကြပါ။ အရည်အချင်း အစစ်အမှန်ကိုအသိအမှတ်ပြု သောလူကြီးမင်းတွေ ရှားတဲ့ခေတ်မှာ ရာထူးလိုချင်ရင်တော့ ဂါရဝေါစ မပါလို့မဖြစ်ပါ။ ငွေပေးနိုင်မှ လူနာကို ကြည့်ပေးတယ် ဆိုတဲ့စကားကိုတော့ ပြန်ဖြေဖို့ခက်ပါတယ်။ အကြင်နာတရားကင်းတာ လူနာတွေကို အော်ငေါက်တာမျိုးကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မရှိသင့်ပါ။ တကယ်ဖြစ်နေတယ် ဆိုတာကိုလည်း သိပါတယ်။ အရိုးစွဲနေတဲ့အကျင့်တွေ မျိုးဆက်သစ် သူနာပြုတွေအထိပါမလာဖို့ တတ်နိုင်သလောက် ကြိုးစားကြည့် ပါမယ်လို့သာ………။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts