Poems

မောင်စိုးချိန် – ကြွေလွင့်သွားသော အမေဋိတ် ရွက်ဟောင်းများ

မောင်စိုးချိန် – ကြွေလွင့်သွားသော အမေဋိတ် ရွက်ဟောင်းများ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄

လူမျိုးပေါင်းစုံ
လူစုံတက်စုံ
ကြွက်တွေလိုရင်ခုန်
အာမေဋိတ်သံများ
တီးဝိုင်းထဲက လင်ကွင်းသံလို
ဆူညံထွက်ကျလာ
ဗမာပြည်မိုးကောင်းကင်
မြေပြင် လူ့အဖွဲ့ အစည်း
ပြောင်းလဲသွားပြီ
ပြုပြင်ပြောင်းလဲသွားပြီ …ဆိုပဲ။

သိပ်မကြာဘူး
အာမေဋိတ်သံများ
တိုးတိတ်သွား တိုးသက်ငြင်သာ
နွေဦး ရွက်ဟောင်းများနဲ့ အတူ
ကြွေကျ ပျောက်ကွယ် သွားရော့သလား
ဒီလိုတော့မဟုတ်ဘူး။

ဒေါင့်စုံ ဘက်စုံ
ရာသီ အလိုက် တိုက်ပွဲမျိုးစုံ
မီးတောက်ငယ် သေးသေး
မီးလျှံကြီးကြီး ရင့်ရင့်
လယ်သမားတွေ
လယ်ကွင်းတွေထဲမှာ
လူသားစား ကျားတွေနဲ့  ရင်ဆိုင်သတ်ပုတ်
သွေးစုပ်ဖုတ်ကောင် ဒရယ်ကူလာတွေနဲ့ 
ထိုးနှက် သတ်ပုတ်
အလုပ်သမား ကျောင်းသား သံဃာတွေ
သူတို့ နယ်မြေထဲက
ဗိုလ်ကျ မကောင်းဆိုးဝါး
စစ်စည်းမျဉ်း ဥပဒေ မြွေပွေး မြွေဟောက်များကို
ဟိန်းဟောက် မောင်းထုတ်
ရိုက်ချိုး တောထုတ်နေကြ။

မိုးဦးမုန်တိုင်းထဲက
လျှပ်စစ်မိုးချုန်းသံနှယ်
တိုက်ပွဲ တိုက်မောင်းသံ
တိုက်ပွဲ စစ်အော်သံတွေထဲ
အဲဒီ အာမေဋိတ်သံ တမျှင်းမျှင်း
အစိမ်းရင့် ရွက်ဟောင်းများနှယ်
တလွင့်လွင့် တိုးဆင်း ကြွေကျခဲ့
လုံးဝပျောက်ကွယ်သွားခဲ့
နှုတ်ဆက်ခဲ့လေရဲ့။

 မောင်စိုးချိန်
  စက်တင်္ဘာ ၂၇ ၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts