သတင်းပဒေသာ အောင်ဒင်

မိုးမခ၏ အတိုင်ပင်ခံနှင့် ပင်တိုင်စာရေးဆရာ အောင်ဒင် မြန်မာပြည်သို့ ရောက်ရှိ

 
မိုးမခ၏ အတိုင်ပင်ခံနှင့် ပင်တိုင်စာရေးဆရာ အောင်ဒင် မြန်မာပြည်သို့ ရောက်ရှိ
 အောက်တိုဘာ ၁၂၊ ၂၀၁၄
အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် ၁ ခုကျော်နေထိုင်စဉ်အတွင်း မြန်မာ့အရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး စာရေးဆရာတဦးအဖြစ်လည်း ရပ်တည်သူ အောင်ဒင်သည် အောက်တိုဘာ ၆ ရက်နေ့က မြန်မာပြည်သို့ အလည်အပတ် ပြန်လည်ရောက်ရှိလာသည်။ ရောက်ရှိနေစဉ်အတွင်း စာပေနှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနှင့် တွေ့ဆုံကြမည် ဖြစ်ပြီး ကွဲကွာနေခဲ့ရသည့် မိခင်နှင့်လည်း ပြန်လည်ဆုံဆည်းခွင့်ရမည် ဖြစ်သည်။ ၎င်းပြည်ပသို့ရောက်ရှိနေစဉ်အတွင်း ဖခင်ဖြစ်သူ ၀ါရင့်သတင်းစာဆရာကြီး ဦးကျော်ရှိန် (မြေလတ်ဖိုးအောင်) နှင့် ညီဖြစ်သူ စာရေးဆရာ တာရာမင်းဝေ တို့ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
၁၉ ၈၈ အရေးတော်ပုံကာလအတွင်းက ဗကသ အဖွဲ့ချုပ်၊ ဘီဝိုင်အက်ဖ် လူငယ်တပ်ဦးတို့တွင် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ကို ၁၉ ၉၄ တွင် ရရှိခဲ့သည်။ ၁၉ ၉ ၅ မှ ၂၀၀၀ ခုနှစ်အတွင်း စင်္ကာပူနှင့် ထိုင်းနိုင်ငံများတွင် နေထိုင်ပြီး ၂၀၀၁ နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်မှစတင်ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သည့် Free Burma Camaign ၎င်းနောက် US Campaign for Burma အဖွဲ့အစည်းများတွင် မူဝါဒရေးရာဒါရိုက်တာတဦးအဖြစ် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ တွင် ၎င်းကိုယ်တိုင်ထူထောင်ခဲ့သည့် US Campaign for Burma မှ အနားယူခဲ့ပြီးနောက် စာပေရေးသားခြင်းနှင့် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေး ဆောင်ရွက်နေဆဲ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအတွက် လိုအပ်သည့်နေရာမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။
မိုးမခ ၂၀၀၃ ခုနှစ်တွင် စတင်ထူထောင်စဉ်က အတိုင်ပင်ခံဒါရိုက်တာတဦးအဖြစ် ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၂ နောက်ပိုင်း US Campaign for Burma မှ အနားယူပြီးနောက်  မိုးမခမီဒီယာ၏ အတိုင်ပင်ခံနှင့် ပင်တိုင်စာရေးဆရာတဦးအဖြစ် ပြန်လည်ထမ်းဆောင်ပြီး အားပေးကူညီလျက်ရှိသည်။ မြန်မာပြည်တွင်းတွင်လည်း မြန်မာပြည်နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ပြည်သူ့ခေတ်၊ ခေတ်ရနံ့ စသည့် ဂျာနယ် မဂ္ဂဇင်းများတွင် အဆက်မပြတ်ရေးသားပြီး စာအုပ်များလည်း ထုတ်ဝေခဲ့သည်။ ထင်ရှားသည့်စာအုပ်မှာ မြန်မာပြည်ထောင်စုလွှတ်တော် အဝေးကြည့် အနီးကြည့် ဆောင်းပါးများဖြစ်သည်။ ၎င်း၏ ကိုယ်ရေးအထုပ္ဗတ္တိ ပထမပိုင်းအဖြစ် “နွေတညမှ အစပြု၍” ကိုလည်း ၂၀၁၄ ခုနှစ်တွင် ခေတ်ပြတိုက်မှ ထုတ်ဝေခဲ့သည်။

(ဓာတ်ပုံ – ဘိုဘိုထွန်း၊ အောက်တိုဘာ ၆ ရက်နေ့က မိခင်ကြီးဒေါ်လှကြည်နှင့် ပြန်လည်ဆုံတွေ့ရတဲ့ ကိုအောင်ဒင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts