အတွေးအမြင်

ဇေယျသုခ အရှင်နန္ဒဝံသ – ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း

ဇေယျသုခ အရှင်နန္ဒဝံသ  – ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

သတိပြုမိသည့် ဒေသနာ

ပုညာနိ သိရိံ….

တစ်ချိန်က ကြားဖူးမှတ်ဖူးခဲ့တဲ့ မြတ်ဗုဒ္ဓဒေသနာလာ ပါဠိတော်လေး …ကလေးအတွေးနဲ့ ငယ်စဉ်က ဖတ်မိခဲ့တာမို့  သေချာ အနက်မထင်ခဲ့ပါချေ…ခုအနေ ပြန်တွေးကြည့်တော့မှ …လောကီ လောကုတ္တရာ  နှစ်ဖြာသော ကောင်းကျိုးချမ်းသာတို့ရဲ့ အစပျိုးရာသည် ကောင်းမှုကုသိုလ်ပဲ ဖြစ်တယ် ဆိုတာကို နားလည်လာမိပါတယ် … ။

တစ်ခါ..မြန်မာတို့ရဲ့ ပြောဆိုနေကြ  စကားတွေမှာ..ကျက်သရေ မင်္ဂလာလို့ တွဲပြီးပြောလေ့ရှိတာကို သတိပြုမိတယ်   ဒီအထဲက ကျက်သရေ ဆိုတဲ့ စကားလုံးလေးရဲ့ အရေးပါမှုကို သေချာတွေးကြည့်တော့ တကယ့်သတိထားသင့်တာလေးများကို ဆင့်ပွားလို့ နားလည်လာမိပါတော့တယ်။

ကျက်သရေဆိုတာ ကောင်းမှုပါ

တကယ်တော့ ကျက်သရေဆိုတာ ကောင်းမှု ကုသိုလ်ကို ဆိုလိုတာပါ ၊ ကောင်မှု ရှိရင် ကောင်းကျိုးရှိမယ် ၊ ကောင်းကျိုးတွေရတော့ လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ အဖြာဖြာကို ရရှိလို့ ကျက်သရေ မင်္ဂလာ နဲ့ ပြည့်စုံတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြတော့တာပေါ့..ဒီတော့ကား …

ကုသိုလ်ဓလေ့မှာ ပျော်မွေ့နေလေ့ရှိတဲ့သူတွေအတွက်တော့ နေ့ရက်တိုင်းသည် ကျက်သရေ ရှိနေလို့နေစမြဲ လို့ ကောက်ချက်ချ နားလည်လိုက်မိပါတော့တယ် ။

ကုသိုလ်ကံနဲ ….  ဘုန်းလည်းမွဲ

လူဖြစ်စေ ရှင် ရဟန်းဖြစ်စေ ..အတိတ်ကုသိုလ်ကံ အားနဲသူများမှာတော့ ဘုန်းကံမွဲတတ်တာမျိုးဆိုတာကတော့ ပြောမယုံ ကြုံဘူးမှ သိမှာပါပဲ… ဒီတော့  ဘုန်းကံ ဆိုတာ အလုပ်ကို ပြောတာဆိုရင် ကောင်းတာ အလုပ်နဲရင် ကောင်းကျိုးနဲ လို့ ဘုန်းမဲ့ကံမဲ့ ပြီး ဆင်းရဲမှုမျိုးစုံ ၊ အခက်ခဲမျိုးစုံနဲ့သာ တွေ့ကြုံတတ်တာလဲ ကိုယ်တွေ့တွေပါပဲ လို့သာ ဆိုလိုက်ပါရစေ ။

သူတော်ထုံးစံ  ခေါင်းမှာပန်

ရှေးသူတော်စင်တွေကတော့ ခုရော နောင်ခါ သံသရာအကျိုး ပွားတိုးစေမှု အာရုံပြုလို့ ကောင်းမှုဓလေ့မှာ ပျော်မွေ့တတ်ကြပါတယ် …ကောင်းချင်ရင် ကောင်းတာလုပ် ၊ ဆိုးချင်ရင် ဆိုးတာလုပ် ၊ ကောင်းတာလုပ်က ကောင်းကျိုးရ ၏ ၊ဆိုးတာပြုက ဆိုးတာရ၏ ၊ ဆိုတာလဲ တကယ့် အမှန်တရားမို့  လက်မခံလို့ကို မရနိုင်အောင်ပါ..  ။

သဗ္ဘိရေဝ သမာသေထ ..အစရှိတဲ့ ဂါထာမှာဆို ..သူတော်တို့ထုံး ၊ ကိုယ့်နှလုံး၊ စွဲသုံးနိုင်အောင်လုပ် ဟု ဆုံးမသလိုပါပဲ… သူတော်တို့ထုံးစံ  ခေါင်းမှာပန်ပြီး သူတော်လမ်းစဉ် လိုက်နာခြင်းဖြင့် ဘယ်တော့မှ ဆင်းရဲနွမ်းပါးပြီး ဒုစရိုက်ဆို အကုန်လုပ်တဲ့ လူယုတ်မှာ မဖြစ်နိုင်သလို မြင့်မြတ်သူတောင် ဖြစ်နိုင်သေးတာမို့ စာရေးသူတို့လဲ သူတော်ထုံးစံ ခေါင်းမှာပန်ဖို့ လိုအပ်သည်လို့ ခံယူမိပါတယ် ။

 ဆင်ခြင်သင့်ရာ ဤချိန်ခါ

မကြာမီ သီတင်းကျွတ်လပြည့် ဆိုတဲ့ ကာလ ရောက်ပါတော့မယ် ၊ မြန်မာ့ရိုးရာ နဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ လမ်းစဉ်မှာတော့ သီတင်းဝါလ ကျွတ်လို့  လပြည့်ရောက်ပြီဆိုရင်  ဘိုးဘွား မိဘဆရာသများနဲ့အတူ  မိမိထက် အသက် ဂုဏ်ဝါ ကြီးမားသူများကို တတ်စွမ်းသမျှ ဒါတဗ္ဗတို့နဲ့ လိုက်လံ ပူဇော်ကန်တော့ကြလေ့ရှိပါတယ် ၊

လူကြီးသူမများကလဲ လိုအပ်သလို သွန်သင်ဆုံးမ သြဝါဒတွေပေးရုံမက ကန်တော့လာကြတဲ့ကလေးတွေကို မုန့်ဖိုးလေးတွေ ပြန်ပေးပြီး စွမ်းနိုင်သလို ပြန်ချီးမြှောက်တတ်ကြတာလဲ တကယ့်  သူတော်ကောင်းတို့ရဲ ဓလေ့ပဲ ထင်ပါတယ် ၊ ဒါန နဲ့ အရင်းတည်ပြီး သီလ နဲ့ ချစ်ကြည်ရေးတွေ တည်ဆောက် လို့  သမထ လမ်း နဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ဆီ ချီတက်နေကြပုံတွေဟာ တွေးကြည့်ရုံနဲ့ ဂုဏ်ယူပီတိဖြစ်ဖွယ် ယဉ်ကျေးမှု ဓလေ့ဆိုရင် မှားမယ် မထင်ပါဘူး ။

အတုယူစရာ ပါဝါရဏာ

ဒီသီတင်းကျွတ်လပြည့် နေ့မှာပဲ ရဟန်းသံဃာတော်တွေဟာ အချင်းချင်း ဖိတ်မာန်ပြီး အပြစ်ကြီးငယ် အသွယ်သွယ်ကို မြင်ကြား သိထား သံသယများရှိခဲ့ရင် ညွန်ကြား သွန်သင် ပဲ့ပြင်ဆုံးမ  ထောက်ပြဖို့ ဖိတ်မာန်ကြ အချင်းချင်းဒေသနာကြားကြ  သည့် သံဃာ့မဟာပါဝါရဏာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ် ။

ထေရ်ကြီး ထေရ်ငယ် အသွယ်သွယ်ဟာ ထေရ်စဉ်ဝါလိုက် အပြစ်တွေကို ပြောကြားဝန်ခံ ဆုံးမခံကြပါတယ် တကယ့် အားကျ အတုယူစရာ သူတော်ဓလေ့ ဆိုရင် မမှားပါဘူး  ဒီနည်းလမ်းဟာဖြင့် ရဟန်းရှင်လူ မည်သူမဆို မာနကိုချ အတ္တကိုပယ်ပြီး လောကရဲ့ အလှကို ချယ်သ ကြတဲ့အခါ အောင်မြင်မှု သရဖူ ရယူနိုင်ကြောင်း အတုယူစရာ နည်းလမ်းကောင်းဖြစ်တယ်လို့ နားလည်မိပါတယ် ဒါသည်ပင် တကယ့် မဟာဒီမိုကရေစီ ကျင့်စဉ် တစ်ခုလို့ မိမိတော့ နားလည်လိုက်မိတယ် ။

အချို့အခါမှာ…ငါ ဆိုမှ ငါ… ငါကို ရှေ့တန်းတင်လို့ ငါပြောတာအဟုတ်၊ ငါလုပ် မှ အမှန် ၊ ငါကြံတာ အကောင်းလို့ … ငါကို ရှေ့မှာထားပြီး  အမှားများအလယ်မှာ အမှန်ကို ရှောင်ဖယ်နေတတ်ကြတာထဲ ကိုယ်လဲ အပါ ဖြစ်နေတတ်တာမို့ ကိုယ့်ကိုယ်ကိုလဲ သတိပေးနေရပါတယ် ။

သိဝမထေရ် သက်သေတည်

တစ်ချိန်သောအခါက တကယ့် ပိဋကသုံးပုံ နှုတ်ငုံရသည့် အရှင်မဟာသိဝမထေရ်ဆိုသည့် စာချအကျော် မထေရ်မော်တစ်ပါး ရှိခဲ့ဘူးပါတယ် ဆရာတော်ဟာ စာပေ ပို့ချခြင်းဖြင့် အမြဲမွေ့လျော်နေသူဖြစ်လို့ တရားဓမ္မ ပွားများ အားထုတ်ဖို့တော့ အချိန်ပေးခဲ့နိုင်ပုံ မပေါ်ပါဘူး၊

တစ်နေ့မှာ ရဟန္တာဖြစ်နေတဲ့ သူ့ရဲ့ တပည့်တစ်ပါးရဲ့ သတိပေး လျောက်ထားသံ အဆုံးမှာ တောထွက်တရားကျင့်ခဲ့ပါတော့တယ် ဒီအခါမှာ စာပေပိဋကတ် နှံ့စပ်ပြီးဖြစ်သည်မို့ အလွယ်နဲ့ တရားထူး ရလိမ့်မယ်လို့ ယူဆပြီး ကျင့်ခဲ့ပါတယ် သို့သော်လည်း ဝါတွေအခါခါကျွတ် နှစ်တွေအခါခါပြောင်းသော်လည်း တရားထူးမရနိုင်ဖြစ်နေသည်ကို ဖတ်ရှုရဘူးပါတယ်  ဒီအပေါ်မှာ ဆရာ့ဆရာတွေက စာခံနေလို့ မာန်ခံနေလို့ ဟု မှတ်ချက်ပြုခဲ့ဘူးတာတွေကိုလဲ ကြားနာမှတ်သားခဲ့ရဘူးပါတယ်။

ဒီလိုဆိုပါရင် နိုင်ငံရေး လူမှုရေး ပညာရေး စီပွားရေး စသည့် ဘယ်အရေးမှာမဆို မာန်ခံ ပြီး ငါသိ ငါတတ် ငါအမြတ် အနေနဲ့ မကြံ မပြော မလုပ် သင့်ဘူးဆိုတာ ဒီမထေရ်ရဲ့ ဇာတ်လမ်းက သက်သေခံ မှတ်တမ်း တစ်ခုလို့ ထင်မိပါတယ် ။

 ဝါကျွတ်တော့မည် ဖြေမဆည်

မကြာမီ ဝါကျွတ် ပါတော့မည် ၊ မိမိမှာ လဲ ဝါကျွတ်ပေါင်း များပါပြီ . ဝဋ်ကတော့ မကျွတ်နိုင်သေးပါသေးချေ… ပုထုဇဉ်ဖြစ်လေတော့ ကိလေသာနယ်အတွင်းမှာ ကိလေသာဝဋ်ကလည်း မကင်းပါဘူး ။

နောက်ပိုင်းဋ္ဌာနေ မြန်မာပြည်က အမေ နဲ့ အတူ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ အတွက်…မိတ်ဆွေတွေ အတွက် စသည် စသည် နဲ့ အတူ..လက်ရှိနေထိုင်ရာ ကျောင်း အသင်း စသည်စသည် သံယောဇဉ်တွယ်ရာတွယ်ရာတွေကို အထွဋ်တပ်မိပြန်တော့  ကိလေသဝဋ်တွေ လည်နေသေးသလို အလိုက်သင့် ပြုလုပ်ပြောဆို ကြံစည်နေရတဲ့ ကမ္မဝဋ်တွေကလည်း အများသားပါပဲ…

ထို့အတူ.. ကောင်းတာ မကောင်းတာ ပြုလုပ်နေမိသည့်အလျောက် ကောင်းကျိုး ဆိုးကျိုးတွေကလဲ ဝိပါက ဝဋ်အနေဖြင့် တစ်လှည့်စီလှည့်လည် အကျိုးပေးနေပြန်တော့  ကိုယ့်ကိုယ်ကို ဖြေနိုင်စွမ်းအား မရှိသေးတာ အမှန်ပါ ။ တေဘူမက ဝဋ်ဒုက္ခက ဘယ်တော့မှများ လွတ်နိုင်ပါလိမ့်မလဲလို့ ရင်ထဲ တွေးမိတော့ အဖြေမရှိနိုင်သေးပါဘူး ။

ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း

အမေရိကန် ရောက်ရှိခဲ့တာ ဒီတစ်ဝါပါဆို လေးဝါကျွတ်ခဲ့ပါပြီ  ဒီကာလတွေအတွင်း  မိမိသူတပါး နှစ်ဦးသား နဲ့ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ချက် တစ်ချို့ကလွဲပြီး မိမိကိုယ်ပိုင်အတွက်ကိုတော့ တစ်စုံတရာ ဖြစ်ထွန်း တိုးတက်အောင် ရွက်ဆောင်နိုင်ခဲ့တာ မရှိသေးတာ သတိပြုမိပါတယ် ဝဋ်အတွင်းက လွတ်ကင်းဖို့ မဆိုထားနဲ့ ဝဋ်အတွင်းမှာ မြုပ်ဆင်းမသွားအောင်ကိုပဲ  အတော်ကြိုးစားနေရတာကို ဘဝတူများသာ သိနိုင်ပါလိမ့်မယ် ။

အချို့က ပညာရေး ထွန်းပေါက်ဖို့ အချို့က သာသနာရေး ဇောက်ချလို့ စသည် စသည် အောင်မြင်မှု အလီလီရနေသည်ကို မုဒိတာပွားဖွယ် တွေ့မြင်ကြားသိနေရပါသော်လည်း မိမိမှာတော့ ယောင်ခြောက်ဆယ် အနေအထား မှ မလွတ်သေးတာကို တွေးသိရတော့  သူများတွေ ဝါကျွတ်လို့ ပျော်နေချိန်မှာ မိမိမှာတော့ မျက်ရည်ဝိုင်းလို့သာ နေမိပါတော့တယ် ။

ဝါကျွတ်ဆုတောင်း

တဆက်တည်းတွေးမိလိုက်တာက မိမိလိုပဲ  အမေရိကန် မှာ သက်တမ်းကြာပေမဲ့ ဘာမှ မထူးသေးသူတွေလဲ ရှိကောင်း ရှိနေမှာမလွဲပါဘူး  ၊ လူတွေထဲ မှာလဲ နဲ မယ်မထင်ပါဘူး ၊ သားရေး သမီးရေး လူမှုရေးနဲ့ ဒီမိုကရေစီအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် စသည် စသည်ဖြင့်  ရေလိုက်လွဲနေသူတွေ ရှိခဲ့မယ်ဆိုရင် အတ္တတွေ ခဝါချ မာန ကိုဘေးဖယ်ပြီး ရှေ့ခရီးမှာ အောင်မြင်မှု အသီးအပွင့်တွေ ရရှိအောင် သတိဆောင် နိုင်ကြပါစေ စွမ်းဆောင်နိုင်ကြပါစေ လို့ ဒီဆောင်းပါးလေးနဲ့ သတိပေးတိုက်တွန်းလိုက်ရပါတော့တယ် ။

နိဂုံးမှာတော့ ဝါကျွတ်တာနဲ့ အမျှ ဝဋ်ကျွတ်နိုင်ရအောင် ၊ ဝါကျွတ် လေတိုင်း ဖြစ်ချင်တာ မဖြစ်ရလို့ မျက်ရည်ဝိုင်းတဲ့အဖြစ်မျိုးတွေနဲ့ မတိုးရလေအောင် မိဘဘိုးဘွား ဆရာသမားတွေ ကန်တော့ကြခြင်းနဲ့ အတူ ဘဝနောက်နှောင်း ကောင်းထက်ကောင်းကြောင်း ကုသိုလ်ကောင်းမှုတွေနဲ့ ပျော်ဖို့ လိုအပ်တယ် ၊   ဒါန သီလ ဘာဝနာ သိက္ခာသုံးပါး ကိုယ်ကျင့်တရားများ တိုးပွားလာအောင် သူတော်ကောင်းတို့ထုံး နှလုံးမူ ကျင့်သုံးဖို့ လိုအပ်ပါကြောင်း မီးမောင်းထိုးပြရင်း သီတင်းကျွတ်ကာလ အမှတ်တရ ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ  ။

ဇေယျသုခ အရှင်နန္ဒဝံသ

Amarillo , Tx .U.S.A

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts