တူမောင်ညို သူတို့အာဘော်

တူမောင်ညို – လေလှိုင်းထဲကနေ ဦးသိန်းစိန် ဝန်ခံနေသည် လိမ်ညာနေသည်


တူမောင်ညို  – လေလှိုင်းထဲကနေ ဦးသိန်းစိန် ဝန်ခံနေသည် လိမ်ညာနေသည်
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၄

သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ အောက်တိုဘာလ မိန့်ခွန်း က “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)” သူ့လက်ရှိ သမ္မတ သက်တမ်းကာလအတွင်း ဘယ်လိုမှဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ဘူးဆိုတဲ့အချက်ကို အတိအလင်းထုတ်ဖော် ဝန်ခံလိုက် တာပဲဖြစ်တယ်။

(ဗိုလ်) ဦးသိန်းစိန် ဝန်ခံပုံဝန်ခံနည်းက ရိုးရိုးသားသားမဟုတ်ဘူး။ ကိုယ်လွတ်ရုန်းပြီး တစ်ဖက်ကို အပြစ်တင်စွပ်စွဲ၊ အကျပ် ကိုင်နိုင်စေဖို့ ခြေဆင်းစကားကြိုတင်ပျိုးပြီး မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ ဝန်ခံနည်းမျိုးဖြစ်တယ်။ ဒါ့အပြင် (NCA) စာချုပ်လက်မှတ် မထိုး နိုင်ခဲ့ရင် “၂၀၁၅ ရွေးကောက်ပွဲ” ကျင်းပဖို့ သေချာမှာမဟုတ်ဘူး ဆိုပြီး ခြိမ်းခြောက်ပါတယ်။

၁၉၉၀ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတွေကျင်းပတော့ “သောင်းကျန်းသူ” တွေနဲ့ ညှိနှိုင်းပြီး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီးမှ ကျင်းပခဲ့ကြတာမို့လို့လား။

သူ့မိန့်ခွန်းထဲက (ဗိုလ်) ဦးသိန်းစိန် သိသိကြီးနဲ့ဝေ့လည်ချောင်ပတ်လုပ်ပြီး ဝန်ခံမသွားဘဲ တမင်သက်သက် ချန်လှပ်ထားခဲ့တဲ့ စကားရှိတယ်။ အဲဒါက (NCA)စာချုပ် လက်မှတ်မထိုးနိုင်တာ၊ လက်မှတ်ထိုးနိုင်ဖို့ အချက် ၅ ချက်လောက်ကျန်ကာမှ ရှေ့မဆက်နိုင်ဘဲ တစ်ဆို့သွားရတာ ဘယ်လို အချက်အလက်တွေကြောင့်လဲ၊ ဘယ်သူ့ကြောင့်လဲဆိုတာပါပဲ။

ဒီကနေ့ (NCCT) နဲ့ (UPWC) တို့ ညှိနှိုင်းနေကြရာမှာ အဓိကထစ်ငါ့သွားစေတဲ့အချက်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (NDC) သင်တန်းဖွင့်ပွဲမှာ ကာချုပ်ဗိုလ်မင်းအောင်ပြောစကားတွေနဲ့ “ကာချုပ်မူ ၆ ချက်” တို့ပဲဖြစ်ပါတယ်။

“ကာချုပ် (NDC) မိန်းခွန်း” နဲ့ “ကာချုပ်မူ ၆ ချက်” ဆိုတာဟာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် တစ်ဖက် သတ် အနိုင်ကျင့်အကြပ်ကိုင်တဲ့ သဘောထားနဲ့အချက်အလက်တွေဖြစ်ပါတယ်။ “ကာချုပ်မူ ၆ ရပ်” မဖယ်ရှားပဲ/ရုပ်သိမ်းပေးခြင်းမရှိဘဲ (NCA) လက်မှတ်ထိုးဖို့ မဖြစ်နိုင်ပါ။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်က “ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ထားရမယ်” တဲ့။

ဒီစကားမျိုး၊ ဒီလေသံမျိုး ကို အမတ်ချုပ် (ဗိုလ်) ဦးရွှေမန်းလည်း မင်္ဂလာယူပြီးပြောနေကြပဲ။ ပြောတဲ့သူတွေက သူတို့မှာတော့ “ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများ” မရှိဘူးဆိုတဲ့ ဟန်ပန်နဲ့ ဂိုက်ဖမ်းပြီးပြောတာပါ။ မင်္ဂလာယူပြီးပြောတာပါ။

အခြားအစွဲအလန်း သူတို့မှာမရှိပါဘူး။ သူတို့မှာ အရိုးထိအောင်စွဲနေတဲ့ “စစ်အုပ်စုအစွဲနဲ့ အခြေခံဥပဒေ၂၀၀၈အစွဲ”  ၂ ခု ပဲရှိ နေတာပါ။ ဒီအစွဲ ၂ ခုမှာ အဓိကအစွဲက “စစ်အုပ်စုအစွဲ” ဖြစ်ပြီး၊ သူတို့ မကျွတ်၊ မလွတ်လိုတဲ့ အစွဲဖြစ်ပါတယ်။ ဒီအစွဲသူတို့မှာ ပိုင်ပိုင် နိုင် နိုင်ရှိနေသမျှ သူတို့မှာဘယ်ပါတီကိုမှ စွဲလန်းနေဖို့၊ ဖက်တွယ်နေဖို့ မလိုဘူး။ ပါတီစွဲရှိဖို့မလိုဘူး။ (မဆလ) တို့ (တစည)တို့ကို  စွန့်ပယ် နိုင်သလို၊ စွန့်ပယ်နိုင်တယ်။  လူမှုအရေးအသင်းကိုလည်း စိတ်ကြိုက်ပါတီအဖြစ် ပြောင်းနိုင်တယ်။

ဒါကြောင့် အာဏာ၊စစ်တပ်နဲ့ ဘဏ္ဍာအကျိုးစီးပွားတို့ကို ထာဝစဉ်လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားနိုင်တဲ့ “စစ်အုပ်စု”ဆိုတဲ့ အစွဲ သူတို့လက်ထဲရှိနေဖို့သာ ပဓါနဖြစ်ပါတယ်။ “စစ်အုပ်စုအစွဲ”သာရှိနေရင် ဘာကိုမှစွဲလန်းနေစရာမလိုဘဲ၊ ဘာမဆိုလုပ်ကြံဖန်တီးနိုင်တယ် လို့သူတို့ အသေမှတ်ယူထားပြီးသားဖြစ်ပါတယ်။ လက်တွေ့လည်း ဒီအတိုင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက် ပွဲရလဒ်ကို ဖျက်သိမ်းပြီး၊ “၂၀၀၈ အခြေခံဥပဒေ” ကို စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့ကြတယ်မဟုတ်ပါလား။

တကယ်တော့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ဟာ စစ်အုပ်စုတစ်စုထဲကအဓိကအကိုင်းအခက်များပဲ ဖြစ်ပါ တယ်။ တစ်ကျိတ်ထဲ တစ်ဉာဏ်ထဲသမားတွေဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ”၊ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”၊ “မြန်မာ့ နည်း မြန်မာ့ဟန်ဖက်ဒရယ်”တို့ကို သက်ဝင်ယုံကြည်လက်ခံဖို့ သူတို့ယူထားတဲ့ နေရာကနေ ပုံစံမျိုးစုံနဲ့ လှည့်ဖြားသိမ်းသွင်း နေကြတာသာဖြစ် ပါတယ်။ ဒီအချက်ကို မျက်ကွယ်ပြုပြီး သမ္မတကြီးကိုယုံတယ်၊ နာယကကြီးဖြောင့်မတ်တယ်၊ ကာချုပ်က ဘယ်ကဲ့သို့ စသဖြင့် ချော့သလို မြှူသလိုပြောနေတာတွေဟာ မရည်ရွယ်သော် သူတို့ရဲ့လိမ်ညာလှည့်ဖြားမှုတွေကို ကိုယ်က မေတ္တာရိ အရောင်တင်ပေးသလို၊ ကြော်ငြာ ပေးသလိုပြောဆိုနေကြတာကဖြင့်  ပြည်သူများကို မျှော်လင့်ချက်အမှားတွေပေးနေတာမျိုးဖြစ်နေပါတယ်။

သမ္မတကြီးက သူ့ခြံကြီးထဲ ခေါ်တွေ့တာပဲဖြစ်ဖြစ်၊ နာယကကြီးက လွှတ်တော်ထဲခေါ်တွေ့တာပဲဖြစ်ဖြစ်၊ ကာချုပ်ကြီက ဇေယျာ သိရိဗိမာန်မှာခေါ်တွေ့တာပဲဖြစ်ဖြစ် ခေါ်တွေ့ခံရသူတွေအနေနဲ့ သူတို့တစ်ဦးချင်းဆီက ခိုင်မာတိကျပြီး၊ သမာသမတ်ကျတဲ့၊ အာမခံချက် ရှိတဲ့ သဘောထားအမြင်တွေကြားရလို့လား။ စစ်မှန်သောဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အာမခံချက်ရှိ တဲ့ဘယ်လိုလူကြီးလူကောင်းအမြင်နဲ့ သဘောထားတွေကို ကြားခဲ့ကြရဖူးပါသလဲ။ လက်ဆောင်ချင်းဖလှယ်၊ ယှဉ်တွဲဓါတ်ပုံရိုက်၊ သတင်း စာထဲထည့် ဒီထက်ဘာများပိုပါသလဲ။ ဒီလို လုပ်ရ တာကို ဘယ်သူကဖြင့် ငါတို့ကိုခေါ်တွေ့တာ ဘယ်နှကြိမ်ရှိပြီဆိုပြီး  မာန်တက်သလို၊ ကျေနပ်သလို၊ ဝင့်ကြွားသလိုပြောဆိုနေ ကဖြင့် နိုင်ငံရေးအမြင် နုံနဲ့ရာကျပါတယ်။ “ တိရစ္ဆာန်ဥယျာဉ်ကို ငါ ဘယ်နှခေါက်ရောက်ဖူးတယ် ကွ၊ မင်းက ဘယ်နှခေါက်ရောက်ဖူးလို့လဲ ဆိုပြီး ပြိုင်ကြတဲ့ လေးတန်းကျောင်းသားလေးတွေသွားတူနေပါတယ်။

နိဂုံးမှာ အလေးအနက် ပြောချင်တဲ့အချက်တစ်ခုကတော့ “ကမ္ဘာလုံးချီအကြမ်းဖက်ဝါဒ” ဆိုတဲ့စကားပဲဖြစ်ပါတယ်။

ဒီ “အကြမ်းဖက်ဝါဒ”ကို (ဗိုလ်)ဦးသိန်းစိန်မိန့်ခွန်းထဲမှာ အခုလိုဆက်စပ်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကနေတဆင့် ရရှိလာတဲ့ဖြေလျှော့မှုများ၊ လျှော့ပါးသွားတဲ့ကန့်သတ်ချက် များကနေပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကိုအလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့်ကိစ္စရပ်များ၊ခြိမ်းခြောက်မှုများကို ကြုံ တွေ့ ရမှာဖြစ်ပါတယ်”လို့ ပြောဆိုသွားပါတယ်။

ဒီပြောဆိုချက်က လက်ရှိနိုင်ငံနဲ့အဝှမ်း ဆက်တိုက်ဆိုသလိုပေါ်ပေါက်ဖြစ်ပွားနေတဲ့ လယ်သမား၊ အလုပ်သမား ၊ ကျောင်းသား ဆန္ဒပြမှုများနဲ့နိုင်ငံတော်က နောက်ကွယ်မှ ကြိုးကိုင်လုပ်ကြံဖန်တီးနေတဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေနဲ့ တမင်လုံးထွေးပြီး ဆိုးညစ်တဲ့ရည်ရွယ်ချက်နဲ့ ပြောသွားတာဖြစ်ပါတယ်။ ဒီလိုပြောဆိုချက်ဟာ အင်မတန်မှ ပက်စက်တဲ့သဘောထားဖြစ်ပါတယ်။ ဒါကြောင့် လယ်သမား၊ အလုပ်သမား၊ ကျောင်းသားဆန္ဒပြသူများ၊ တိုင်းရင်းသားပြည်သူများအနေနဲ့ နိုးနိုးကြားကြားစည်းစည်းလုံးလုံး ရှိဖို့ အရေး ကြီးပါကြောင်း။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – လေလှိုင်းထဲကနေ ဦးသိန်းစိန် ဝန်ခံနေသည် လိမ်ညာနေသည်
  1. စစ်အုပ်စုကို လုံးဝမယုံပါ။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း သူတို့အာဏာကို မထိပါးမဲ့ဟာမျိုးလောက်သာ ပြင်ပေးမှာ။ power sharing, resource sharing အရိုအရင်းလောက်နဲ့ ပါးစပ်ပိတ်သွားမဲ့ တိုင်းရင်းသားပါတီတွေကလည်း တစ်မှောင့်ဗျာ။ အခုပဲ ပီအာစနစ်ကို ပြည်နယ်တွေမှာ မသုံးဖို့လေသံလေးလည်းထွက်လာရော ငြိမ်ကျသွားပြီလေ။ ပါတီတွေတော့ စုံလာပါတယ်။ ဒါပေမဲ့ ဒီမိုနဲ့ လူ့အခွင့်အရေးအတွက် လုပ်မဲ့ပါတီက ဘယ်နှစ်ခုများရှိမလဲ။ ပဋိပက္ခတွေကို ဖန်တီးပေးပြီး ကျဉ်းမြောင်းတဲ့ အမျိုးသားရေးကို ရှေ့တန်းတင်လာကြတဲ့အခါ ဂယောင်ချောက်ခြားနဲ့ ဒီမိုနဲ့ လူ့အခွင့်အရေး ကြွေးကြော်ခံ့ကြတဲ့ နိုင်ငံရေးသမားတွေ၊ ပါတီတွေ တော်တော်ဆို တော်တော်မျာများဟာ ချာချာလည်ထွက် နေကြတယ်။

Comments are closed.