သာဂိ နိုင်ငံတကာရေးရာ

သာဂိ၊ မိုက်ခဲစိန် – ဟောင်ကောင်ပြည်က ထီးရိုးတော်လှန်ရေး

 

သာဂိ၊ မိုက်ခဲစိန် – ဟောင်ကောင်ပြည်က ထီးရိုးတော်လှန်ရေး
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄

သာဂိ – ဒီတပတ်ပြောစရာကတော့ တရုတ်ပြည်က ကိုင်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ပြည်နယ်မှာ ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ကျော် ကျောင်းသားမျိုးဆက်သစ်တွေရဲ့ အာဏာဖီဆန်မှု ဆန္ဒပြတိုက်ပွဲပဲ ဖြစ်ပါတယ်။ တရုတ်ပြည်က လာမယ့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါတီက အတည်ပြုတဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ ဟောင်ကောင်ပြည်သူတွေ မဲပေးခွင့်ရမယ်၊ လူထုရွေးချယ်ချင်တဲ့ ကိုယ်စားလှယ်လောင်းကို ခေါင်းဆောင်တင်လို့မရဘူးလို့ ကန့်သတ်တာကြောင့် လွတ်လပ်ခွင့်လိုလားတဲ့ မျိုးဆက်သစ်တွေက ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေ လုပ်ကြတာလို့ ဆိုပါတယ်။

မိုက်ခဲစိန် – ဟုတ်ပါတယ်။ အခုတော့ ဒါကို အနောက်မီဒီယာတွေက Umberlla Revolution လို့ အမည်ပေး တင်စားကြပြီဗျ။ ထီးရိုးတော်လှန်ရေးပေါ့ဗျာ။ မြန်မာမှု ပြုရရင်။ အတိတ်နမိတ်ယုံတဲ့ ကျနော်တို့ မြန်မာတွေအလိုအရဆိုရင် ထီးရိုးကို မိုးကြိုးပစ်မည် ဆိုတဲ့ တဘောင်ရှိခဲ့ မဟုတ်လား။ တရုတ်ပြည်မကြီးရဲ့ တပါတီအာဏာရှင် ကွန်မြူနစ်ပါတီအစိုးရအတွက်ကတော့ ခေါင်းကြိမ်းတဲ့ လူထုဆန္ဒပြပွဲပဲဗျ။

သာဂိ – ဟောင်ကောင်ပြည်ဟာ ၁၉၉၇ ကစလို့ ဗြိတိသျှ ကိုလိုနီအဖြစ်ကနေ တရုတ်ပြည်မကြီးရဲ့ အထူးအခွင့်အရေးရတဲ့ နယ်မြေဖြစ်လာတယ်ဗျာ။ တနိုင်ငံ စနစ် ၂ ခု လို့ ခေါ်ဝေါ်ကြတယ်ဗျာ။ စီးပွားရေး၊ လူမှုရေး လွတ်လပ်ခွင့် အာမခံချက်တွေဟာ ပြည်မကြီးနဲ့ မတူဘူးဗျာ။ အဲသည်က လူဦးရေထဲက မျိုးဆက်သစ်လူငယ်တွေက တရုတ်ပြည်မကြီးရဲ့ တပါတီစနစ်ပုံစံသွင်းတဲ့ ရွေးကောက်ပွဲစနစ်ကို လက်မခံဘူးလို့ ဆန္ဒပြကန့်ကွက်ကြတာလို့ ဆိုတယ်။ Occupy Central Movement လို့လည်း လူငယ်တွေက အမည်ပေးကြတယ်။ ၂၀၁၀ ကစလို့ ကမ္ဘာတ၀ှမ်းမှာ မျိုးဆက်သစ်တွေရဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းဖွင့်လှုပ်ရှားမှုဖြစ်တဲ့ Occupy Movement ရဲ့ အခန်းဆက်တခုလို့ ပြောနိုင်တာပေါ့။

မိုက်ခဲစိန် – ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အခြာ မြို့လည်ကောင်မှာ သပိတ်စခန်းဖွင့် စုဝေးတာကြောင့် လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေကတော့ ရဲတပ်ဖွဲ့တွေရဲ့ မျက်ရည်ယိုဗုံး၊ ငရုတ်ရည်စတဲ့ လက်နက်တွေနဲ့ ပစ်ခတ်ဖြိုခွဲတာကို ခံကြရတယ်။ လူငယ်တွေက ရေတွေ၊ မျက်နှာဖုံးတွေ ပြီးတော့ ထီးတွေ ဖွင့်ပြီး ကာကွယ်တွန်းလှန်နိုင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြတာကို တွေ့ရတယ်။ အခုထက်ထိ လူငယ်တွေ ထောင်သောင်းချီပြီး သပိတ်မှောက်စုဝေးနေကြတုန်းပဲလို့ ဆိုပါတယ်။

သာဂိ – လွန်ခဲ့တဲ့ နှစ် အစိတ် တီယမ်မင်ရင်ပြင်မှာ တရုတ်စစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲသလိုမျိုး ဟောင်ကောင်မှာလည်း ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းကြသဗျာ။ အခုဟာက တရုတ်ခေါင်းဆောင်သစ် သမ္မတကြီး ဇီဂျင်ပင်းက ပြည်မမှာ အဂတိလိုက်စားမှု လာဘ်စားမှုတွေ ဖြိုခွင်းနေတာမို့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမယ်ဆိုရင် မျက်နှာပျက်ရမယ့် သဘောရှိတယ်လို့လည်း ပြောကြတယ်။ ပါတီက ခန့်ထားတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှုး ၀ိုင်စီယင်းကလည်း ပါတီဌာနချုပ်သဘောမပါဘဲ ပစ်ခတ်ဖြိုခွင်းဖို့လည်း လုပ်ရဲမှာ မဟုတ်ဘူးလို့ ဆိုတယ်။ တရုတ်တပ်မတော်ကြီးကို အကူတောင်းပြန်ရင်လည်း ဟောင်ကောင်ဟာ တနိုင်ငံ စနစ်၂မျိုးအဖြစ်ကနေ တီဘက်ပြည်နယ်လိုမျိုး အဖြစ် လျောကျတဲ့အဆင့်ဖြစ်ကုန်မှာလည်း မလိုလားကြဘူးလို့ ဝေဖန်နေကြပြန်တယ်။

မိုက်ခဲစိန် – ဒါပေမယ့် ကိုယ်လူကလည်း အခု ဟောင်ကောင်အုပ်ချုပ်ရေးဆိုတာက ဟောင်ကောင်နိုင်ငံရေးသမားတွေနဲ့ ဟောင်ကောင်ခရိုနီကြီးတွေ လက်ထဲမှာပဲ ရှိနေတာကြောင့် တရုတ်ပြည်မကြီးဆီက တပါတီလွှမ်းမိုးမှု ဆန့်ကျင်ရေးတင်မဟုတ်ဘဲ ဟောင်ကောင်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေပါ လုပ်ဆောင်ဖို့ လူငယ်တွေက တောင်းဆိုနေတာဖြစ်တယ်လို့လည်း သုံးသပ်ကြသေးတယ် မဟုတ်လား။

သာဂိ – အင်း ဒါလည်း ပါတာပေါ့ဗျာ။ နိုင်ငံရေးမျိုးဆက်တွေမှာ အသစ်တွေ လူငယ်တွေကသာ ခေတ်ပြောင်းတော်လှန်ရေးကို အစဉ်တစိုက်တောင်းဆိုတယ်ဆိုတာ သမိုင်းက ထင်ထင်ရှားရှားကြီး သက်သေပြတယ် ဆိုရမှာပေါ့။ အခုဟာက တရုတ်ပြည်မကြီးကလည်း သူတို့ဆီ ဟောင်ကောင်ရဲ့ ထီးရိုးတော်လှန်ရေးကူးစက်မှာကို ကြောက်ပြီး သတင်းမှောင်ချ ပိတ်ဆို့ အင်တာနက်ဆိုက်တွေလည်း ပိတ်ထားတယ် ဆိုပဲ။ ဒီကြားထဲမှာ လူငယ်တွေက သူတို့ မိုဘိုင်းဖုံးတွေက APP တွေနဲ့ ဆက်သွယ်ပြီး သပိတ်လုပ်ငန်းတွေကို မျှဝေ လုပ်ဆောင်နေကြတယ်လို့ ဖတ်ရတယ်။ လူလတ်တန်းစားတွေကလည်း တဖြေးဖြေးနဲ့တော့ ထောက်ခံမှုတွေ ပြသလာကြပြီ ပြောတယ်။

မိုက်ခဲစိန် – အစရှိရင် အဆုံးရှိရမှာပေါ့ဗျာ။ အခု အောက်တိုဘာ ၁ ဟာ တရုတ်ပြည်ကြီးရဲ့ ၆၅နှစ်မြောက် အမျိုးသားနေ့ ဖြစ်တယ်ခင်ဗျ။ အဲသည် အားလပ်ရက်များမှာ ဟောင်ကောင်ပြည်က မြို့တော်မှာ လူထုအုံကြွမှု အကြမ်းမဖက် အာဏာဖီဆန်စုဝေးမှုကြီး ဆက်လက်ကျင်းပကြနိုင်တယ် ဆိုရင်ဖြင့် တရုတ်ပြည်အစိုးရနဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန်အရေးယူ ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts