မာမာအေး မှတ်စုမှတ်တမ်း

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် (အမှတ် – ၅၅၂)

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်  (အမှတ် – ၅၅၂)
စက်တင်ဘာ ၂၆၊ ၂၀၁၄

● ကိုယ့်အဖေဆရာ
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဂီတသူဝှက်တို့ကို ဂီတလောကဆိုတာကြီးခေါ်နိုင်ရဖို့၊ ဂီတသမားတွေ တဖက်တလမ်းရပ်တည်ဖို့ ဘာတွေဖြစ်လာရသလဲ၊ ဘယ်လိုအကျိုးရှိလို့ဘယ်လိုတွေ ခြေလှမ်းခဲ့ရသလဲဆိုတာတွေ ပြောပြဖြစ်တယ်ဆိုပေမယ့်လဲ သောတရှင်တို့အသိမှာ- အော်ဒီလိုတွေဖြစ် လာတာပါလားလို့ ခံစားရမယ်ထင်ပါတယ်။ ဂီတခေတ်တွေကလည်း တခုပြီးတခု ပြောင်းနေတော့ကာ ဂီတဝမ်းရေးတွေလဲပြောင်း၊ လုပ်ငန်း အဖြစ်နဲ့လဲ တက်လိုက်ကျလိုက် ဖောင်းလိုက် ပိန်လိုက်ပါဘဲ။ ဆရာသုခကိုယ်တိုင်ရေးခဲ့ဆိုခဲ့တဲ့ ‘ဘဝသံသရာ’ သီချင်းထဲက အတိုင်းပေါ့နော်။ ‘ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲဖောက်ပြန်၊ အကြောင်းခံ ကမသကာ’ အဲဒီလိုသဘောပေါက်ပြီး ကျင် လည်ခဲ့ကြရပါတယ်ရှင်။

အစကတော့ ဒီကနေ့ အဆင့်ဆင့်ဖြစ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ဂီတလုပ်ငန်းစဉ် တပုံတပင်ကို ပြောမလို့ပါ။ မာအေးတို့ဒီဖက်မှာ- အချိန်မကျခင် အအေးဓါတ်ဝင်နေပါတယ်။ ရာသီကာလအေးမြမြမှာ နှင်းတော့မလာ မိုးတွေကရွာလိုက်တာ- မွေးရပ်မိခင်မြေ အတိုင်းဘဲ၊ နေတာက မာအေးတယောက်ထဲလေ။ ဟိုးတုန်းကတော့ ဆောင်းလိုလဲအေး၊ မိုးကလေးလဲရွာ ခိုက်ခိုက်တုန်တဲ့အခါမျိုးမှာ- လူကြီး မိဘ တွေက ဆောင်းနဲ့မိုး ညှပ်သကိုး အေးမှာပေါ့လို့ ပြောလေ့ရှိတွေကို သတိရတယ်။ ဒီမှဆို ပိုအေးလိမ့်မယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။ ဟီတာအပူလဲပေး၊ အနွေးစောင်လဲထပ်၊ ကျောဖက်မှာလဲ လက်ဆောင်ရထားတဲ့ ဝက်ဝံရုပ်နဲ့ကပ်၊ ဖြတ်ကနဲ တီဗွီဖွင့်တော့ ကွန်ပြူတာနဲ့ ဖွင့် တင်ထားတဲ့- ဘားမီး (ခ) ကလပ်စစ်” အွန်လိုင်းပေါ်မှာတွေ့လိုက်တာ၊ ‘ဒေါက်တာအောင်ကျော်ဦး’ ရှင့်။

မာအေးတို့ငယ်တုန်းက ရုပ်ရှင်ကားပေါ့။ ဒေါက်တာအောင်ကျော်ဦး လုပ်တဲ့ဇာတ်လိုက်က ‘မောင်မောင်တာ’၊ ဇနီးအဖြစ်နဲ့က မမမေသစ်၊ နောက်မင်းသမီးတလက်က မာအေးအသဲကျော် ‘မေရီမြင့်’ ပါ။ ဒီကားထဲမှာဖြတ်လျှောက်တွေကလွဲရင်၊ အားလုံးနဲ့မာအေးရင်းနှီးတယ်၊ ဇာတ်ပို့ဇာတ်ရံတွေလဲ ကြည့်ဦးလေ၊ အကိုထွန်းဝေ မင်းသားတောင်မဖြစ်သေးဘူး။ ဗိုလ်ထွန်းလှ (ခေါ်) တက္ကသိုလ်နေဝင်းနဲ့ ဦးလေးဂျော်လီဆွေတို့ဖြစ်နေလိုပပေါ့။ ခလေးဇာတ်လိုက်တွေကရော အတာရယ်- နောက်ကြီးလာတော့ ထားထားနွယ်လို့ နာမည်ပြောင်းလိုက်ခဲ့တဲ့ မင်းသမီးလေး သန်းသန်းမြင့်။ သူတို့နှစ်ယောက်က ရုပ်ရှင်မျိုးဆက်သစ်တွေပါ။ အတာနဲ့က ရွယ်တူဘဲ၊ သူက ဦးလေးကိုသန်းနွဲ့ပျော်တော်ဆက်ကြီးရဲ့သားလေ။ သူ့အဖေရိုက်တဲ့ရုပ်ရှင်ကားတိုင်း မာအေးသီချင်းဆိုရလို့ သူငယ်ချင်းဖြစ်လာကြတာပါဘဲ။ သူ့ကို အော်စီသွားတုန်းက တွေ့ခဲ့ရပါသေးတယ်။ မာအေးဂျပန်သွားခဲ့တုန်းကလဲ အတာ့ထက်အငယ် ‘သန်းထွန်းနွဲ့’ နဲ့တွေ့ပါတယ်၊။သူက စန္ဒယားဆရာဖြစ်နေပြီ။

‘ဒေါက်တာအောင်ကျော်ဦး’ ရုပ်ရှင်ကိုကြည့်ရတော့ ကိုယ်သိခဲ့ဖူးတဲ့အနုပညာရှင် သရုပ်ဆောင်တွေနဲ့ ကိုယ့်အကြောင်းပြောပြစရာတွေက ရပြန်တာပေါ့ရှင်။ မာအေးအဖို့ ထူးထူးခြားခြားအံ့အားတသင့် ခံစားရတာတွေလဲ ဖြစ်ပါတယ်ရှင့်။ အရင့်အရင်က မာအေးပြောပြဖူးတဲ့ လက် ထပ်သင်အဖေဆရာဖြစ်ခဲ့တဲ့သူ-ပြဇာတ်မင်းသားကျ-အသံတိတ်ရုပ်ရှင်အဆိုတော်ကြီး ‘ကိုတင်စော (ခေါ်) တင်မောင်စော’ ဟာ တေးလုင် ရဲနောင်ဆိုတဲ့ ရေဒီယိုအဆိုတော်အဖြစ်နဲ့ ‘ရွှေတည်မြတ်စွယ်တော်၊ မိုးခေါင်ကျော်စွာ၊ ပြည်ချစ်ဇာနည်’ စတဲ့သီချင်းတွေအသံလွှင့်ခဲ့ကြောင်း- သူ့ဆိုဟန်ကို နှစ်သက်ယူငင်ခဲ့ကြောင်းတွေ ပြောနေခဲ့တုန်းကတော့ သူ့အသံကို တင်ပြစရာမရှိခဲ့ပါဘူး။ ဟောင်းလွန်းလို့ ရေအိုးဖုံးဖြစ် သွားမယ့် အခြေအနေရောက်နေခဲ့တာပါ။ ကိုယ်ကလဲ မြန်မာ့အသံကြီး တပ်ကုန်းရွှေ့သွားတော့၊ ဓာတ်ပြားတိုက်မှူး အာပနားလေး ဖြူဖွေး လို့ မာအေးတို့တွေ နာမည်ပြောင်းပေးထားတဲ့ ကိုမြသိန်းလဲ ရှိမှမရှိတော့။ ရေမြေတွေလဲခြားခဲ့ပြီဆိုတော့ သေချာဃန ရှာမပြနိုင်ခဲ့တာလေ။ ခုတော့ ‘ဒေါက်တာအောင်ကျော်ဦး’ မှာ နောက်ခံတေးနှစ်ပုဒ်ဆိုထားတာကြားရပါပြီ။ ရုပ်ရှင်ကားဟောင်းထဲက အသံနဲ့ပြရတာမို့ ပီသကြည် မြမှုထက်၊ သူ့အသံစာအမြတ်တောက်လောက်ကိုသာ ဦးစားပေးနားထောင်ကြစေလိုပါတယ်ရှင်။ အသွင်မတူတဲ့ ရိုးသားသူဇနီးသည်ကို စိတ်နှစ်ပြီး မချစ်ခဲ့တဲ့မင်းသားဟာ ဝါသနာတူချစ်သူနဲ့တွေ့တဲ့အခါ သာယာမိနေတဲ့အကြောင်းဖွဲ့ထားတဲ့ သီချင်းဖြစ်ပါတယ်ရှင်။

(ကိုတင်စောအသံ- ရုပ်ရှင်နောက်ခံတေး)
အော်လောက-လောက၊ အဟောဝတသုခံ၊ ချစ်တဲ့သူနဲ့တွဲ ချစ်ပွဲဝင်ကြတာ၊ ဖိုမစုံတွဲချစ်ပဏ္ဍသဲ ခိုင်မြဲသေချာ၊ မေတ္တာဆပွား သနားဂရုဏာ၊ လောကပေါ်မှာ ချမ်းသာ ဆင်းရဲ ချစ်လိုရာ သူ့မျက်နှာ၊ မောင့်မှာသာ မွေ့စက်ရာ ထွေးပွေ့ပိုက်ခါ ချစ်ခြင်းမေတ္တာကူးရွှင်မြူးစွာ၊ မောင့်ကိုမှီတွဲ၊ သည်လောကထဲမှာ ချစ်လည်ဆွဲပုလဲခိုင်ညှာ၊ အို…အားကိုးရတာ ဖိုလှိုက်ဘဝင်မှာ ကိုယ်ဝမ်းသာ၊ အော် လောက လောက အဟောဝတသုခံ၊ ချစ်တဲ့သူနဲ့တွဲ.. ချစ်ပွဲဝင်ကြတာ…

သောတရှင်များ အခုကြားလိုက်ရတဲ့အသံကတော့ မာအေးရဲ့မိဘများနဲ့ အရင်းအခြားမိတ်ဆွေ ဆိုဖေါ်ဆိုဖက်- မာအေးကိုလဲ သမီးလေး လိုချစ်လို့ အဖေခေါ်ခဲ့ရတဲ့ အဆိုတော်ကြီး ကိုတင်စောရဲ့အသံပါ။ နောက်တေးတချိုး စာသုံးကြောင်းတောင်မပြည့်တဲ့စာမျိုး အသံယူဟန်ယူ သိမ်မွေ့ လွမ်းဓလေံနောက်ခံတေးမျိုး သူဘယ်လိုဆိုသလဲ နားဆင်ကြည့်ကြစေချင်ပါတယ်ရှင်၊

(ကိုတင်စောအသံ- လွမ်းနောက်ခံ)

နတ်များရယ်ကဖန်အားလေတယ်၊ ဖူးစာရှင်နတ်တွေများရယ်က ဖန်အားလေတယ်၊ အိုဘယ်ဝယ် ရှေးကဝဋ်တုန့်လှယ်…

ဘယ်လိုလဲချစ်ဆွေတို့- ကြားလိုက်တဲ့အတိုင်းပါဘဲ၊ စာကြောင်းလောက်ပေမယ့် လွမ်းဖို့အထောက်အကူဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းနေရာ ကတော့- ဒေါက်တာအောင်ကျော်ဦး အမှန်ဧကန်ဖြစ်ပေမယ့် ချစ်တဲ့သူနဲ့နေဖို့ဆုံးဖြတ်လိုက်ချိန်မှာ၊ ဟတ်အတက်နဲ့ သူ့ဆေးခန်းထဲ သူ့ အလိုလျှောက်ရောက် လာလဲကျသေဆုံးခဲ့တဲ့လူနာကို ဒေါက်တာက ကိုယ်တိုင် ဝတ်မြဲအဝတ်တွေနဲ့လဲလှယ်ပြီး၊ ကားပေါ်တင် ဆီလောင်း မီးရှို့- ကိုယ်ရောင်ဖျောက်ခဲ့တဲ့အတွက်၊ ကိုအေးမောင်ဆိုတဲ့ လူသတ်သမားအဖြစ် ကြိုးမိန့်ကျပြီးတဲ့အခါ တသက်တာလွဲရှာတော့မယ့် ပုံရိပ် ကိုဖေါ်ပေးရတဲ့သဘော၊ စာနဲ့ အသံနဲ့ သဏ္ဍာန်နဲ့အညီ ဖေါ်ပေးရတာအဆိုတော်ပါ။ ဒါတွေကိုနားထောင်ရင်း မာအေးရင်ထဲက ပညာအလင်း ဖွင့်လာခဲ့ကြောင်းပါရှင်။ ကျေးဇူးကျေအောင် မဆပ်လိုက်ရတဲ့ မာအေးရဲ့ဂီတဖခင် သူ့အသံသူ့ဟန်ကို ချစ်ဆွေတို့မြင်တယ်၊ သိတယ်၊ ကြားဖူးတယ်လို့ဆိုရင် ကျေးဇူးတင်ပါတယ်ရှင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts