ကဗျာ

သျှင်မိုးပြေး – ခေတ်က ဆုပ်ရင်စူးပြီး စားရင်ရူးတယ်

သျှင်မိုးပြေး – ခေတ်က ဆုပ်ရင်စူးပြီး စားရင်ရူးတယ်
စက်တင်ဘာ ၂၆၊ ၂၀၁၄

ပန်းတွေ မနိုးသေးဘူး
သူတို့ရဲ့ ကျောင်းဖွင့်တေးကို
ရင်နဲ့ မကြားနိုင်သမျှ
တံခါးဖွင့်ထားတဲ့ကျောင်းဟာ
သူတို့  လူငယ်တစ်ခေတ်ကို
ဘယ်တော့မှ ပြန်မဖွင့်ဘူး
ဖိနပ်တွေသာ လျှောက်ရင်းပါးသွားမယ်
ကျိန်စာတွေက လမ်းထူထူအောက်မှာ
အရင်အတိုင်း ….

ကံကော်တိုက်ပွဲလို့နာမည်ပေးရင်
ငါတို့ခေတ်မှာ တပ်သားမရှိဘူး
သုံ့ပန်းများတယ်
ပညာရေးဆိုတာ ငွေခင်းထားတဲ့
လက်မှတ်တခုလို
ဘယ်ကိုသွားသွား အကျုံးမ၀င်ဘူး
ဘာမှမသိသူများ ဘာမှမတတ်ပဲ
ဘာသိဘာသာ နေခဲ့သမျှ
နိုင်ငံကို ဘယ်သူမှမသိတော့တာ
သေချာတယ် ခေတ်က ကျိန်စာမိနေတာ။

သခင်စိတ်တွေ တုံးပြီး
အသားထဲက ထွက်တဲ့လောက်
နေရာတိုင်းမှာ ဈေးကောင်းရတယ်
အဖေထက် တော်အောင်ပျိုးထားလည်း
ခေတ်က ချိုးပစ်တယ်
တိုးတတ်သလိုနဲ့  ပိုပြီးစုတ်ပြတ်လာတော့
လွပ်လပ်တဲ့အရသာဟာ အောက်လမ်းဆန်လာတယ်…။

အဘိုးခေတ် အဖေ့ခေတ်နဲ့
အင်တာနက်ဆိုင်မှာ ဂိမ်းဆော့ဖို့ 
စိတ်သန်နေတဲ့ မြေးမြစ်ကို
ဘာအမွေပေးချင်ပါသလဲ ..။

မျိုးချစ်စိတ်ဓါတ်ဆိုတာ
ကြီးမှပျိုး ထိမှပျိုး နာမှပျိုးတာမျိုးဆို
နောက်ဆယ်စုနှစ်အတွင်း
ရှားပါးလူမျိုးစာရင်းဝင်လာနိုင်တယ် …။

အီဂျစ်ဟာ သူ့အင်ပါယာသမိုင်းကို မမှီသလို
ဘေဘီလုံဟာ ချမ်းသာတဲ့မြို့ကြီးဖြစ်ကြောင်း
ပါးစပ်ရာဇ၀င်နဲ ထောင့်တညပုံပြင်တွေကတဆင့်
ငါတို့သိရတယ်
ငါတို့မြေမှာ ပုံဂံဆိုပြီး ဒီနေ့ထိကျန်ခဲ့တာကို ချစ်တယ်
ငါတို့မြေမှာ ဧရာဝတီဆိုပြီး ဒီနေ့ထိ စီးဆင်းနေတာလေးကို ချစ်တယ်
ငါတို့မြေမှာ ကျုံးမြို့ရိုးနဲ့  မင်းနေပြည်တော်ကြီး
ထည်ဝါနေတာလေးကို ချစ်တယ်။

ဒါပေမယ့် ငါတို့မြေမှာ ငါတို့ရှားသွားပြီ
ငါတို့အတွက် ရှားသွားပြီ
ငါတို့ပိုင်ဆိုင်မှုတွေ ရှားသွားပြီ
ငါတို့မြေမှာ
ငါတို့အလုပ်သမား
ငါတို့ဆင်းရဲသား
ငါတို့သူတောင်းစားနဲ့ 
ငါတို့ဖြစ်သလို ရှင်သန်ကြပြီးရင်
မြေနေရာ ခေါင်းပါးမှုတွေကြောင့်
ငါတို့ပဲ ဖြစ်သလိုသေကြတယ်
ပြီးရင် ဒီမြေမှာပဲ ငါတို့ပြန်ဝင်စားတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts