သတင်းဆောင်းပါး

အရှင်သြသဓ (ဟပ်မွန်းဗေး) – ပထမဆုံးအကြိမ် ပိဋကတ်သုံးပုံရွတ်ပွဲ အမေရိကားမှာ ဆင်နွှဲမည်

 

အရှင်သြသဓ (ဟပ်မွန်းဗေး)  – ပထမဆုံးအကြိမ် ပိဋကတ်သုံးပုံရွတ်ပွဲ အမေရိကားမှာ ဆင်နွှဲမည်
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၄

ပရိယတ္တိယာ ဓရမာနာယ သာသနံ အန္တရဟိတံ နာမ န ဟောတိ။

ပိဋကတ်သုံးပုံတည်းဟူသော ပရိယတ္တိ တရားတော်များ ထင်ရှားရှိနေသမျှ ကာလပတ်လုံး သာသနာတော် မကွယ်ပနိုင်သေး။ (အံ၊ဋ္ဌ၊၁၊ ၇၂။)

သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည်မှ စ၍ သာသနာတော် မကွယ်ပစေရေးအတွက် ရှေးမထေရ်ကြီးများ အဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်တော် မူခဲ့ကြပေသည်။ ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရာ၌  “ပရိယတ္တိတည်မှ သာသနာတည်မည်”ဟု တညီတညွတ်တည်း ဆုံးဖြတ်ကာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် ၃-လ အကြာတွင် ပထမသံဂါယနာ တင်ခဲ့ကြ၏။ ဤသို့ဖြင့် ခေတ်အဆက်ဆက် တင်လာခဲ့ရာ ယခုဆိုလျှင် သံဂါယနာ ၆-တန် တင်ခဲ့ပြီးဖြစ်ပေသည်။

ထို့ပြင် ခေတ်အဆက်ဆက် သာသနာတော် တည်တံ့စေရေးအတွက် ဆရာအလိုက်, ဂိုဏ်းအလိုက် နိကာယ်ကြီးများကို ဆောင်ယူပို့ချခြင်း၊ စာသင်တိုက်ကြီးများ,တက္ကသိုလ်ကြီးများ တည်ထောင်၍ ပရိယတ္တိစာပေများ သင်ကြားပို့ချခြင်း၊ စာမေးပွဲကြီးများ, စာပြန်ပွဲကြီးများ ကျင်းပပေးသောအားဖြင့် ပရိယတ္တိစာပေများကို ထိန်းသိမ်းခြင်း. . . စသည်ဖြင့် ပုံစံအမျိုးမျိုး, နည်းအသွယ်သွယ်တို့ဖြင့် ပရိယတ္တိသာသနာတော် တည်ရာတည်ကြောင်း မိမိတို့ စွမ်းအားရှိသလို ပြုလုပ်ခဲ့ကြပေသည်။

ထိုကဲ့သို့ သာသနာတော်ကြီး တည်ရာတည်ကြောင်း လုပ်နေသောအဖွဲ့အစည်းပေါင်း မြောက်မြားစွာထဲတွင် Light of Buddhadhamma Foundation International ဟူသော အဖွဲ့အစည်းလည်း တစ်ခုအပါအဝင် ဖြစ်၏။ တည်ထောင်သူမှာ Nyingma Meditation Center ကိုတည်ထောင်သူ တိဗက်ဘုန်းတော်ကြီး Venerable Tarthang Tulku ပင်ဖြစ်သည်။ ထိုတရားရိပ်သာသည် ဘားကလေမြို့ 1815 Highland Place တွင် တည်ရှိ၏။

ထိုမျှမကသေး။ မင်္ဂလံစင်တာ (Mingalam Center)နှင့် တွဲလျက် ဓမ္မကောလိပ်ကြီး တစ်ခုကိုလည်း ဖွင့်လှစ်ထားသေး၏။ မင်္ဂလံစင်တာ၏ တည်ရာမှာ 2018 Allston Way, Berkeley, CA 94704 ဖြစ်ပြီး၊ ဓမ္မကောလိပ်၏ တည်ရာမှာ ၄င်းနှင့် ကျောချင်းကပ်လျက် 2222 Harrold Way လမ်းပေါ်တွင် ဖြစ်သည်။ အဆောက်အဦကြီးများမှာ ကြီးကြီးမားမားဖြင့် ခန့်ငြားစွာ တည်ဆောက်ထား၏။ ထိုမင်္ဂလံစင်တာနှင့် ဓမ္မကောလိပ်တို့၌ တိဗက်ဓမ္မစာပေများရော ထေရဝါဒဓမ္မစာပေ များပါ သင်ကြားပို့ချလျက် ရှိပေသည်။

အထက်ပါ ဌာနကြီးများကို တည်ထောင်သည့် တိဗက်ဘုန်းတော်ကြီး Tarthang Tulku သည် တိဗက်ပြည်နယ် အရှေ့ပိုင်း တွင် မွေးဖွားခဲ့သူဖြစ်၏။ ထိုအချိန်က နာမည်ကြီး တိဘက်ဘုန်းတော်ကြီးများထံတွင် နှစ်ပေါင်းများစွာ လေ့လာသင်ယူခဲ့၏။ ၁၉၆၂-ခုနှစ်တွင် အိန္ဒိယသို့ ထွက်ခွါလာခဲ့ပြီး၊ ၁၉၆၈-ခုနှစ်တိုင်အောင် ဗာရာဏသီမြို့ သက္ကတ တက္ကသိုလ် (Sanskrit University)တွင် စာပေများ သင်ကြားပိုချခဲ့၏။ ၁၉၆၉-ခုနှစ်တွင် အမေရိကားသို့ထွက်လာပြီး ဘားကလေမြို့တွင် နေထိုင်လျက် ဗုဒ္ဓစာပေများ ပုံနှိပ်ဖြန့်ဝေခြင်း၊ ဘာသာပြန်ခြင်း၊ သင်တန်းများပို့ချခြင်း စသည့်လုပ်ငန်းများ ပြုလုပ်ခဲ့၏။ သူ၏သာသနာပြု လုပ်ငန်းများကို တိုးချဲ့ပြုလုပ်နိုင်ရန် ၁၉၇၂-ခုနှစ်တွင် Nyingma Institue ကို တည်ထောင်ခဲ့သည်။

ယခုအခါ၌ LBDFI အဖွဲ့ကြီးကို Wangmo Dixey ဟူသော အမျိုးသမီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ လုပ်ဆောင်နေပေ သည်။ ၄င်းတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပွဲများ (International Tipitaka Chanting Ceremony) ပြုလုပ်နိုင်ရန်အတွက်လည်း၂၀၀၆-ခုနှစ်တွင် အသင်းတစ်ခု ဖွဲ့စည်းတည်ထောင်ခဲ့ပြန်၏။ ရွတ်ဖတ် ပူဇော်ရာဌာနမှာ မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်တွင် ဖြစ်သည်။ ရွတ်ဖတ် ပူဇော်ပွဲများကို နှစ်စဉ် ဒီဇင်ဘာလ ၂-ရက်နေ့မှ ၁၃-ရက်နေ့အထိ ကျင်းပပြီး၊ ယခုဆိုလျှင် ကိုးကြိမ်မြောက်ရှိသွားပေပြီ။

ထိုရွတ်ဖတ်ပူဇော်ပွဲသို့ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ နိပေါ၊ ဘင်္ဂလားဒေရှ်၊ ဤကိုးနိုင်ငံမှ ထေရဝါဒ သံဃာတော်များနှင့် အခြားနိုင်ငံများမှ ထေရဝါဒသံဃာတော်များ ကြွရောက်၍ ရွတ်ဖတ်တော်မူကြ ပေသည်။ နှစ်စဉ် ရွတ်ဖတ်ပူဇော်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများကို သူ့နိုင်ငံအလိုက် အလှည့်ကျ တာဝန်ယူရ၏။ လွန်ခဲ့သည့် ၂၀၁၃-ခုနှစ်က မြန်မာသံဃာတော်များမှ စည်းရုံးရေးတာဝန်ယူရပြီး၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့၏။

ထိုပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲများကို ဦးဆောင်နေသူ Wangmo Dixey က ဤအမေရိကား၌လည်း အလားတူ ပြုလုပ် လို၏။ ထို့ကြောင့် စက်တင်ဘာလ ၁၀-ရက်နေ့က ဗေးဧရိယာရှိ ထေရဝါဒ သံဃာတော်များကို ဘားကလေမြို့ မင်္ဂလံ စင်တာသို့ပင့်၍ အစည်းအဝေးများ ပြုလုပ်၏။ ထိုအစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား သံဃာတော် ၂၀-ခန့်နှင့် လူ ၁၅-ယောက်ခန့် တက်ရောက်ကြ၏။ အစည်းအဝေးတွင် Wangmo က သူ၏ အစီအစဉ်များကို တင်ပြ လျှောက်ထား၏။ ဆရာတော်များထံမှလည်း အကြံဉာဏ်များ တောင်းခံ၏။ Wangmo မှာ ဆရာတော်များနှင့် ထိတွေ့ ဆက်ဆံနေကြဖြစ်၍ အလွန်တရာ ယဉ်ကျေးသိမ်မွေ့၏။ စကားပြောလျှင်လည်း နူးညံ့ချိုသာလှ၏။ မျက်နှာမှာလည်း အေးချမ်းတည်ငြိမ် နေ၏။ သူ၏နှလုံးသားတွင် ဗုဒ္ဓ၏ အေးမြလှသော တရားတော်များ ကိန်းဝပ်နေသည်မှာ သိသာထင်ရှား လှ၏။

ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၉-ရက်မှ ၁၁-ရက်အထိ သုံးရက်ပြုလုပ်မည် ဖြစ်သည်။ ပြုလုပ်မည့်အစီအစဉ်၏ အကျဉ်းချုပ်ကို အောက်ပါအတိုင်း တွေ့ရ၏။

အောက်တိုဘာ ၉-ရက်၊ ကြာသပတေးနေ့။

၁။ နံနက်၈-နာရီ၊ ၃၀-မိနစ်တွင် Nyingma Institue သို့ အားလုံးရောက်ရှိပြီး၊ ၄င်းနေရာမှ ဆိုင်းဘုတ်များ,

သာသနာ့အလံများ, ပိဋကတ်စာအုပ်များ ကိုင်ဆောင်လျက် မိမိတို့အမျိုးသားဝတ်စုံများဝတ်ကာ ဘားကလေ

တက္ကသိုလ်ဝင်းကို ဖြတ်လျက် မင်္ဂလံစင်တာသို့ တန်းစီ၍ လှည့်လည်သွားကြမည်။

၂။ ၉-နာရီခွဲတွင် မင်္ဂလံစင်တာ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပမည်။

၃။ ၁၀-နာရီမှ ညနေ ၅-နာရီအထိ ရွတ်ဖတ်ပူဇော်မှုများကို ပြုလုပ်သွားမည်။

၎။ ညနေ ၆-နာရီမှ ၈-နာရီအထိ နယူးယောက်မှ အမေရိကန်နိုင်ငံသား နာမည်ကြီးဆရာတော်ဖြစ်သည့်

ဘိက္ခုဗောဓိမှ ဓမ္မကောလိပ် အဆောက်အဦးတွင် တရားဟောမည်။

အောက်တိုဘာ ၁၀-ရက်၊ သောကြာနေ့။

၁။ နံနက် ၉-နာရီမှ ညနေ ၅-နာရီအထိ မင်္ဂလံစင်တာတွင် ရွတ်ဖတ်ပူဇော်မည်။

၂။ ညနေ ၆-နာရီမှ ၈-နာရီအထိ ထိုင်းဆရာတော် အဂျန် ပဿညော မဟာထေရ်မှ ဓမ္မကောလိပ်တွင်

တရားဟောမည်။

အောက်တိုဘာ ၁၁-ရက်၊ စနေနေ့။

၁။ နံနက် ၉-နာရီမှ ညနေ ၅-နာရီအထိ ရွတ်ဖတ်ပူဇော်မည်။

၂။ ညနေ ၆-နာရီမှ ၉-နာရီအထိ မင်္ဂလံစင်တာ၌ မိမိတို့နိုင်ငံအလိုက် ဗုဒ္ဓဝင်ဆိုင်ရာ ယဉ်ကျေးမှုကပွဲ အစီအစဉ်

ပြုလုပ်မည်။

အထက်ပါ အစီအစဉ်တွင် ဖွင့်ပွဲနေ့၌ မိမိတို့နိုင်ငံဆိုင်ရာ ရိုးရာဝတ်စုံများဝတ်လျက် ဘားကလေ တက္ကသိုလ်ကိုဖြတ်ကာ မင်္ဂလံစင်တာဘက်ကို တန်းစီလှည့်လှည်ကြရမည် ဖြစ်၏။ စီတန်းလှည့်လည်မှု အဆင်ပြေစေရန် volunteer များက လမ်းဘေးမှ စောင့်ရှောက်ကူညီကြမည် ဖြစ်၏။ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို ဒကာ-ဒကာမများကတော့ တော်တော်လေး တက်ရောက်ကြလိမ့်မည် ထင်သည်။ ဗီယက်နမ်သံဃာနှင့် ဒကာများ တက်နိုင်,မတက်နိုင်ကိုတော့ အခု စာရေးနေသည့် အချိန်ထိ သတင်းမရသေးပေ။ ဥရောပနှင့် အမေရိကန် အရှေ့ပိုင်းမှ သံဃာအနည်းငယ်လည်း တက်ရောက်ကြမည်ဖြစ်၏။ ထို့ကြောင့် စာရေးသူအနေဖြင့် မိမိတို့ မြန်မာကွန်မြူနတီမှလည်း တတ်နိုင်သမျှ တက်ရောက်ကြ ဖို့ တိုက်တွန်းလိုပေ သည်။ အခြားနိုင်ငံတွေက အင်တိုက်အားတိုက် တက်ရောက်ပြီး ကိုယ့်မြန်မာနိုင်ငံက ကိုယ်စားလှယ်များမပါလျှင် ရှက်စရာ ဖြစ်နေပေလိမ့်မည်။ ဗေးဧရိယာ မြန်မာသံဃာတော်များအနေဖြင့် ၁၀-ပါး တက်ရောက်ဖို့ စာရင်းပေးထားပါသည်။ LAဘက်မှလည်း အချို့ဆရာတော်များ ကြွလာကြအုံးမည်ဟု သတင်းရရှိ၏။ ပိတ်ပွဲနေ့ ဗုဒ္ဓဝင်ဆိုင်ရာ ယဉ်ကျေးမှုကပွဲ ကိုတော့ ဗေးဧရိယာ မြန်မာလူငယ်များအဖွဲ့မှ ဦးစီးပြီး မြန်မာကွန်မြူနတီ ကိုယ်စားပြုအနေဖြင့် ပါဝင် ကပြဖျော်ဖြေကြမည် ဖြစ်ပေသည်။

ထိုနည်းတူစွာ အခြားသော ထိုင်း၊ သီိရိလင်္ကာ အဖွဲများလည်း ပါဝင်ကပြကြမည်ဖြစ်ကြောင်း သိရပေသည်။ ထူးခြားသည် ကတော့ ထိုင်းနိုင်ငံကိုယ်စားပြု ဖျော်ဖြေရေးအဖွဲ့မှာ ဝါသနာအဆင့် မဟုတ်ဘဲ ထိုင်းနိုင်ငံယဉ်ကျေးမှု ဌာနမှ လာရောက် ကပြမည်ဟု သိရသည်။ ထို့ကြောင့် သူတို့က ဖျော်ဖြေရေး အစီအစဉ်တွင် နောက်ဆုံးမှာနေပြီး ကျန်သမျှအချိန် အားလုံးယူကာ ကပြဖျော်ဖြေကြမည်ဟု သိရ၏။

ဤအပြည်ပြည်ဆိုင်ရာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲသည် အမေရိကားတွင် ဒါ ပထမဆုံး အကြိမ်ဖြစ်၏။ ထို့ကြောင့် ဦးဆောင်ပြုလုပ်သူ Wangmo အနေဖြင့်လည်း တတ်နိုင်သမျှ သတင်းများ ဖြန့်ထားပေသည်။ International ဆိုသည့် အတိုင်း ဤပွဲသို့ ဗုဒ္ဓဘာသာဝင် ဟုတ်သူရော, မဟုတ်ရော၊ Free-thinker များပါမကျန် တက်ရောက်ကြပေလိမ့်မည်။ ပြီးခဲ့သည့် ၄-ရက်လောက်က သတင်းပို့ချက်အရ တက်ရောက်ဖို့ register လုပ်ထားသူပေါင်း ၂၃၀-ကျော်သွားပြီဖြစ် ကြောင်း သိရ၏။ နေရာချထားရေးနှင့် ကျွေးမွေးရေးများတွင် အဆင်ပြေစေရန် အောက်ပါ registration form တွင် register လုပ်ဖို့လည်း တိုက်တွန်းထား၏။

http://lbdfi.givezooks.com/events/1st-international-tipitaka-chanting-program-berkeley-us

အများသူငါ တက်ရောက်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ချိ ထား၏။ အဓိကလှုပ်ရှားသူ Wangmo ၏ ပြောပြချက်အရ လောကယ် တီဗွီသတင်းဌာန၊ သတင်းစာတိုက်၊ ဂျာနယ်တိုက်များကို သတင်းပို့ထားသည်ဟု သိရ၏။ ကပ်လျက်ရှိသော ဘားကလေတက္ကသိုလ်ထဲမှ အရှေ့တိုင်းဆိုင်ရာဘာသာ လေ့လာရေးဌာနမှ ဆရာ,ဆရာမများနှင့် ကျောင်းသားများလည်း တက်ရောက်ကြမည်ဟု သိရ၏။

မိမိတို့ မြန်မာကွန်မြူနတီမှ တက်ရောက်လိုသူများ၊ ဤသုံးရက်အတွင်း လုပ်အားပေးလိုသူများ၊ အစားအသောက်ဖြစ်စေ, အလှူငွေဖြစ်စေ လှူဒါန်းလိုသူများအနေဖြင့် (510) 809-1025 သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။ သို့မဟုတ် lbdfiorg@gmail.com သို့ အီးမေးလ်များပို့၍ သော်၎င်း၊ www.lbdfi.org ဝပ်ဆိုက်သို့ဝင်၍သော်၎င်း သတင်းများ ရယူနိုင်ပါသည်။ ယခုနောက်ဆုံး ဝင်လာသောသတင်းအရ လုပ်အားပေးများ လိုအပ်နေသေးကြောင်း သိရရှိပါသည်။

ဤပွဲကို လုပ်ရခြင်း၏ အခြားရည်ရွယ်ချက် တစ်ခုမှာ ကမ္ဘာ့လူသားများအားလုံး ငြိမ်းချမ်းစေရေးနှင့် အတူယှဉ်တွဲ နေနိုင်ရေး အတွက်လည်း ဦးတည်ချက်ထားသည်ဟု သိရ၏။ ယနေ့ခေတ်ကြီးတွင် မိမိတို့တစ်ဦးတည်း သပ်သပ်ခွဲကာ ခေါင်းမြီးခြုံ၍ နေလို့ မရတော့ပါ။ မိမိတို့နှင့် ဘာသာတူသူများရော၊ မတူသူများနှင့်ပါ အရာရာ ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။

ယခုပွဲသည် အပြည်ပြည်ဆိုင်ရာပွဲ ဖြစ်သဖြင့် အသားအရောင်စုံ၊ လေသံစုံ၊ ပုံစံစုံ၊ အဝတ်အစားစုံ တွေ့မြင်ရမည် ဖြစ်ပေ သည်။ ဤကဲ့သို့ စုံလင်နေမှုကို ပန်းပေါင်းစုံ ရောင်စုံဖူးပွင့်နေသည့် ဥယျာဉ်ကြီးတစ်ခုလို သဘောထားကြည့်ပါ။ သင်၏ ဆေးရောင်တစ်စက်သည် ဤဥယျာဉ်တော်ကြီး လှပဖို့အတွက် အလွန် အရေးကြီးလှပေသည်။ သင်၏ ပါဝင်လာမှုက ဤငြိမ်းချမ်းရေး ဥယျာဉ်တော်ကြီးကို ပို၍ လှပသွားပေလိမ့်မည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဥယျာဉ်ကြီးထဲတွင် သင့်ကိုလဲ တွေ့ရလိမ့်မည်ဟု ကျွန်ုပ် ရိုးသားစွာ မျှော်လင့်မိပါသည်။

လူတိုင်း သာယာငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ကြပါစေ။

စက်တင်ဘာလ ၂၃-ရက်၊ ၂၀၁၄-ခုနှစ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts