ရသဆောင်းပါးစုံ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ရန်သူကို မိတ်ဆွေလုပ်မလား၊ မိတ်ဆွေကို ရန်သူလုပ်မလား

အရှင်စန္ဒိမာ (မွန်စိန်တောရ)  – ရန်သူကို မိတ်ဆွေလုပ်မလား၊ မိတ်ဆွေကို ရန်သူလုပ်မလား
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၄

ဗုဒ္ဓဓမ္မဟာ လောကငြိမ်းချမ်းရေးတရား ဖြစ်ပါတယ်။ အတွေးအခေါ်လွတ်လပ်မှု၊ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်မှု၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အားပေးပြီး ကိုယ်တိုင်နားလည်သိမြင်မှုမှတဆင့် ပညာဥာဏ်အဆင့်ဆင့် မြင့်မားလာရေးဟာ ဗုဒ္ဓ္ဒဓမ္မရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဗုဒ္ဓ္ဒဓမ္မကို နားလည်သဘောပေါက်ပြီး လက်တွေ့ဘဝမှာ လိုက်နာကျင့်သုံးသူများလေလေ လောကကြီး ငြိမ်းချမ်းလေပါ။

ငြိမ်းချမ်းရေးအကြောင်းကို ပြောတော့ ဆရာကြီး ဒဂုန်တာရာရဲ့ “ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုတဲ့ ငြိမ်းချမ်းရေးစကားကို အမှတ်ရမိတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးစကားဟာ “န ဟိ ဝေရေန ဝေရာနိ” အစချီတဲ့ ဓမ္မပဒဂါထာကို အဓိပ္ဗါယ်ထင်ဟပ်ပါတယ်။ ရန်ပြုမှုကို လက်စားခြေခြင်း လက်တုန့်ပြန်ခြင်းဖြင့် ရန်ပြေငြိမ်းနိုင်မှာ မဟုတ်ပါဘူး။ သင်ပုန်းခြေခြင်း နားလည်ခွင့်လွှတ်ခြင်းဖြင့်သာ ရန်ပြေငြိမ်းနိုင်မယ်ဆိုတဲ့ အဓိပ္ဗါယ်ပါ။

အင်္ဂလိပ်တိုှု့ထံမှ လွတ်လပ်ရေးရခဲ့ချိန်မှ စလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ပြီး အပြစ်မဲ့ တိုင်းရင်းသားပြည်သူများရဲ့  ဒုက္ခဆင်းရဲတွေလည်း ရှည်ကြာခဲ့ရပါတယ်။ ယခု တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးစကားတွေ ပြောနေကြပါပြီ။ ရန်သူအချင်းချင်း သူသေကိုယ်သေ တိုက်ခဲ့ကြတဲ့ အနေအထားမှ မိတ်ဆွေအချင်းချင်း မျက်နှာချင်းဆိုင်ကာ ငြိမ်းချမ်းရေးစကားတွေကို ပြောဆိုဆွေးနွေးလာနိုင်တဲ့အထိ အသွင်ပြောင်းလာတာမို့ မင်္ဂလာရှိလှပါပေတယ်။

တကယ်တော့ မိတ်ဆွေအချင်းချင်းဆိုတာထက် တိုင်းရင်းသားညီအကိုအချင်းချင်းလို့ ပြောမှ ပိုမှန်ပါလိမ့်မယ်။ ဗုဒ္ဓဓမ္မအရ စဉ်းစားကြည့်ရင် လူသားအချင်းချင်းအကြား မရေမတွက်နိုင်တဲ့ အတိတ်ဘဝပေါင်းများစွာမှာ အမိ အဖ သား သမီး ဇနီး ခင်ပွန်း စသည်ဖြင့် မတော်စပ်ခဲ့ကြဖူးသူ မရှိပါဘူး။ ရှည်လျားလှတဲ့ ဘဝသံသရာနဲ့ ယှဉ်ကြည့်ရင် ဘဝတခုဆိုတာ အလွန်တိုတောင်းလှတဲ့ အချိန်ကာလပါ။

မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။

ကိုယ်ချင်းမစာနာမှု မရိုးသားမှု စေတနာမမှန်မှုနဲ့ သံသယတွေဟာ မုန်းတီခြင်းရဲ့  အရိပ်မဲတွေပါ။ မတရားမှု ပဋိပက္ခ စစ်ပွဲနဲ့ ဒုက္ခဆင်းရဲတွေဟာ မုန်းတီးခြင်းရဲ့ ပြယုဂ်တွေပါ။

ကိုယ်ချင်းစာနာမှု ရိုးသားမှု စေတနာမှန်မှုနဲ့ စိတ်ချယုံကြည်မှုတွေဟာ ချစ်ခြင်းမေတ္တာရဲ့ ရောင်ပြန်ဟပ်မှုတွေပါ။ တရားမျှတမှု သင့်မြတ်မှု ငြိမ်းချမ်းမှုနဲ့ သုခချမ်းသာတွေဟာ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တွေပါ။

ဆရာကြီး ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုတဲ့ စကားကို ပြန်စဉ်းစားတော့ “နိုင်ငံရေးဆိုတာ မိတ်ဆွေကို ရန်သူဖြစ်အောင်လုပ်တာ” ဆိုတဲ့ ဆန့်ကျင်ဖက် အဓိပ္ဗါယ်လည်း ထွက်နေတဲ့ သဘောပါ။ “ရန်သူကို မိတ်ဆွေလုပ်မလား။ မိတ်ဆွေကို ရန်သူလုပ်မလား” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ လက်ရှိခေါင်းဆောင်အသီးသီးတို့ရဲ့  ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာ အတိမ်အနက် အပေါ်မှာပဲ မူတည်နေပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းနေကြတဲ့ ခေါင်းဆောင်များရဲ့ ရင်တွင်းမှာ တရားမျှတမှု သင့်မြတ်မှု ငြိမ်းချမ်းမှုနဲ့ သုခချမ်းသာတွေကို ဆောင်ကြဉ်းလာနိုင်မယ့် ချစ်ခြင်းမေတ္တာများ  ကိန်းဝပ်တည်တံ့နိုင်ကြပါစေ။

Photo – nickstern.wordpress.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts