ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ငြိမ်ချမ်းအေး – မတူကွဲပြား ပေါင်းစည်းခြင်း အနုပညာ

ငြိမ်ချမ်းအေး – မတူကွဲပြား ပေါင်းစည်းခြင်း အနုပညာ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄

၂၁ ရာစု ခေတ်သစ် ဟာ နိုင်ငံတွေ ခွဲထွက်ရမယ့် အချိန်အခါ မဟုတ်တော့ကြောင်း၊ မတူကွဲပြားတဲ့ လူမျိုး၊ နိုင်ငံတွေ ပေါင်းစည်းခြင်း နဲ့ အင်အား တည်ဆောက်ရတယ် ဆိုတဲ့ အကြောင်းကို စကော့တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲ ရလဒ် က သက်သေ ထပ်ပြုတယ်။  ပဒေသရာဇ် ရနံ့ မပြယ်တဲ့ ဘုရင့်နိုင်ငံစု အဖြစ် ဆက် တည်ရှိနေတယ်၊ ကျွန်နံ့ လုံးလုံး မပျောက်ချင် ဆိုနိုင်ပေမယ့် လွတ်လပ်တဲ့ အုပ်ချုပ်ခွင့်ရ တန်းတူ နိုင်ငံကြီးသား တွေ အဖြစ် အတူတကွ ပေါင်းစည်း တည် ရှိနိုင်တယ်။

နိုင်ငံ နဲ့ လူမျိုး အကျိုး အတွက် ဖွံ့ဖြိုးတိုးတက် ချမ်းသာရေး ရှေးရှု လူမျိုး မတူကွဲပြားခြင်းတွေကို လက်ခံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်စွမ်း ရှိတာ ဟာ အမျိုးသားရေး လုပ်တာပဲ။  ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး  ရယ် သက်သက် ဆိုတဲ့ အစွဲ စိတ် ရှိမှ အမျိုးသားရေး မဟုတ်ဘူး။

စကော့တွေ ဆိုတာ “Braveheart” ရဲရင့်နှလုံးသား ပိုင်ရှင် မျိုးချစ်တွေပါ။  စကော့တွေ၊ အိုင်းရစ်တွေရဲ့ ရာစုများချီ ရှည်ကြာ အင်္ဂလိပ်တော်လှန်ရေး က ဗမာပြည် အင်္ဂလိပ်ကျွန်ဘဝ လွတ်မြောက်ရေး ဖြစ်စဉ် တလျှောက် စံနမူနာ ပြုစရာ စိတ်ဓာတ် ခွန်အားတွေ ဖြစ်စေခဲ့တာပါ။  သူတို့ကို မျိုးချစ်တွေလို့ မခေါ် ဘယ်သူ့ကို ခေါ်မလဲ။

အခု လွတ်လပ်ရေး အတွက် ထောက်ခံမှု ဆန္ဒ တစိတ်တဒေသ ပြခဲ့တဲ့ စကော့တလန် ရဲ့ အကြီးဆုံး မြို့ကြီး ဂလာစဂို ဟာ အင်္ဂလိပ် ကိုလိုနီ ဖြစ်ရင်းနဲ့ပဲ အတိတ် ဥရောပရဲ့ အချက်အချာ မြို့ကြီး အဖြစ် စည်ပင် ခမ်းနားခဲ့တယ်။  ၁၈ ရာစု စကော့ ဉာဏ်ပညာ အလင်းပွင့်မှု ခေတ်ကောင်းကြီးဟာ ဗြိတိသျှ နေမဝင် အင်ပါယာကြီး ကမ္ဘာပတ် ဗိုလ်ကျ ကြီးကျယ်စေဖို့ အထောက်အကူ ဖြစ်ခဲ့သလို စကော့လူမျိုးတွေရဲ့ ဂုဏ်ရည် သိက္ခာ ကို တက်စေ၊ လူမှု စီးပွား ကျန်းမာ ပညာ ဘဝတွေကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တာပါပဲ။

အရင်းရှင် စီပွားရေးစနစ်ရဲ့ ခေါင်းကိုင် ဖခင်ကြီး အဒမ်စမစ် အစ၊ ဗြိတိသျှ ထောက်လှမ်းရေး လူသတ်လိုင်စင်ရ အမှတ် ၀၀၇ ဇာတ်သရုပ်ဆောင် ရှောင်ကွန်နရီ အလယ်၊ ဗြိတိသျှ နံပါတ်တစ် တင်းနစ် ကစားသမား အင်န်ဒီမာရေး အဆုံး လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်၊ မနုဿဗေဒ၊ ဆေးပညာ၊ သင်္ချာ၊ အနုသုခုမ၊ အားကစား ဝိဇ္ဇာ သိပ္ပံ ပညာရပ်အားလုံးမှာ စကော့တွေ ထွန်းကားခဲ့တယ်။  လူမျိုး ဂုဏ်ရှိရှိ နိုင်ငံကြီးသားကောင်းများ ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့တယ်

အခု လွတ်လပ်ရေး ကို ငြင်းပယ်ခဲ့တဲ့ စကော့တွေရဲ့ အများစုဆုံးဖြတ်ချက်မှာ နောက်ခံ နိုင်ငံ့ စီးပွားရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး တွေ ပါတယ်၊ စကော့တလန်ဟာ ဥရောပသမဂ္ဂရဲ့ အကြီးဆုံး ရေနံအရန် အင်အား ပိုင်ဆိုင်ထားသူ စတဲ့ နောက်ခံ အချက်အများအပြား ရှိတယ် ဆိုတာတွေ မှန်တယ်။  ဒါပေမဲ့ အဓိက ကတော့ လက်ရှိ အခြေအနေဟာ လွတ်လပ် ဂုဏ်သိက္ခာ ရှိတဲ့ စကော့တလန်ပြည် ဖြစ်ပြီးနေလို့ပါ။  နိုင်ငံ အသစ် တသီးတသန့် ထီးထီးကြီး တည်စရာ မလိုတော့လို့ပါ။  အင်္ဂလန် နောက်ခံ ရှိခြင်းဟာ အချုပ်အချာ ထိပါးခြင်း ထက် ရပ်တည်မှု ခိုင်မာခြင်း ကို ပေးနေနိုင်လို့ပါ။

အင်္ဂလိပ် အာဏာရ၊ အတိုက်အခံ ပါတီစုံ နိုင်ငံရေးသမားများ နဲ့ အင်္ဂလိပ် စာနယ်ဇင်း ထူးထူးခြားခြား ညီညွတ် “‘No’ Vote” လော်ဘီ လုပ်ခဲ့ကြတယ် ဆိုတာလည်း မှန်တယ်၊ စကော့တွေရဲ့ စိတ်ထဲ အကြောက်တရား နဲ့ မလုံခြုံမှု ထည့်ပေးခဲ့တယ် ဆိုတာလည်း ဟုတ်တယ်၊ ဒါပေသည့် ဒါတွေ အားလုံးထက် ပိုတဲ့ တွန်းအားက လက်ရှိ စကော့တလန် ဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရ၊ ကိုယ်ပိုင် အာဏာအုပ်ချုပ်ခွင့်ရှိ၊ လွတ်လပ် သိက္ခာ ရှိ နိုင်ငံ နဲ့ လူမျိုး အဖြစ် တည်ရှိပြီး ဆိုတာကြောင့်ပါ။

လွန်ခဲ့တဲ့ ရာစုနှစ်များက အခြေအနေ ဆိုရင်တော့ စကော့တွေ လွတ်လပ်ရေး အတွက် ဆန္ဒမဲ ပေး ထောက်ခံကြရုံ တင်မက လက်နက်ပါ ကိုင် တော်လှန်ကြမှာပေါ့။  ကိုလိုနီ ကျွန်ပြုခံ ဘဝတူ စာနာစိတ် နဲ့ ကျနော်တို့ ဗမာတွေလည်း အားတက်သရော ထောက်ခံရပေမပေါ့။  မူဝါဒသဘောအရလည်း လွတ်လပ်ရေး ဆိုတာ နိုင်ငံတိုင်း လူမျိုးတိုင်းရဲ့ အခြေခံ အခွင့်အရေး၊ လူသားအတွက် ဘုရားသခင် က မွေးရာပါပေးခဲ့တဲ့ အချိုမြိန်ဆုံး ကောင်းချီး ဆုလာဘ်ဆိုတော့ ကြိုဆိုရမှာပါပဲ။

သို့သော်ငြားလည်း နိုင်ငံသားတိုင်း လူမျိုးစု မခြား၊ အယူဝါဒ မကွဲ တရားမျှတ၊ လွတ်လပ် တန်းတူ ညီမျှ ဖိနှိပ်ခွဲခြားမှု ကင်းမဲ့ လောကပါလ တရားများ ထွန်းကားပြီး ဆိုရင် “လွတ်လပ်ရေး” ဆိုကာ အပေါ်ယံ သကြားဖုံး နိုင်ငံရေး သဘော အမြတ်ထုတ်မှု နိုင်ငံအသစ် ခံယူခြင်းကို ဘာမက်စရာ လိုတော့မလဲ။  အမျိုးသားရေး ဆိုတာ တိုင်းပြည် နဲ့ လူမျိုး ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း တည်ငြိမ်ရေး က လိုရင်း မဟုတ်လား။  နိုင်ငံရေး နောက်မြီးဆွဲ စတန့် သမားများ အချောင်နှိုင်ဖို့ မဟုတ်ဘူး။

ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း အတွက် လွတ်လပ်ရေး အရ ယူခဲ့ပြီးမှ ကိုယ့် နိုင်ငံသားချင်း ကျွန်ပြု၊ လူမျိုးစုငယ်များကို ဖိနှိပ် ရန်ရှာရင်း စစ်ဖိနပ်အောက်မှာ “ညစ်ပလီ” လူမျိုး နဲ့ တိုင်းပြည် အဖြစ် အိမ်နီး၊ အိမ်ဝေး နိုင်ငံကြီးငယ်များရဲ့ ခေတ်သစ် ကျွန်ပြုခံဖြစ်လျက် “ဂွ(ခွ)ကောင်တွေ ခွေး ဖြစ်ပေါ့” ဇာတ်လမ်းခင်းခဲ့တဲ့ ဗမာပြည်အနေနဲ့ ဆိုရင် “လွတ်လပ်ရေး”ရဲ့ အနှစ်သာရ အဓိပ္ပာယ် ဟာ နာမည်ခံသက်သက်လား၊ မှီတင်းနေထိုင်နေတဲ့ လူမျိုး၊ ဘာသာစုံ တိုင်းသူပြည်သားများ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက် လူ့သိက္ခာ အပြည့်ရှိ လူစဉ်မီရေး က အဓိကလား ဆိုတာ သမိုင်းအမြင် ဘဝပေး အသိနဲ့ နားလည်နိုင်ပါတယ်။

ဒါ့အပြင် လက်ရှိ ခေတ်ကိုက ကွဲပြား သီးခြား ရပ်တည်တဲ့ ခေတ် မဟုတ်တော့ဘူး၊ မတူညီမှုတွေ ပူးပေါင်း ရပ်တည် ဘုံအကျိုးစီးပွား ဖြစ်ထွန်း အကျိုး တည်ဆောက်တဲ့ ခေတ်ကြီး ဖြစ်နေပြီ။  မျက်မှောက် စားသုံးသူအကြိုက် ခေတ်နည်းပညာဟာ  စုစည်းမှု နည်းပညာ ပါ။  စွယ်စုံသုံး အသိဉာဏ်ရှိ လက်ကိုင်ဖုန်း (Smart Phone) တွေကို ကြည့်ပါ၊ ပေါင်းစပ်ခြင်း နည်းပညာ ကို သုံးထားတယ်။  ခရီးဆောင် ကွန်ပျုတာ၊ အင်တာနက်၊ ရုပ်မြင်သံကြား၊ ကက်ဆက်၊ ရေဒီယို၊ နှိုးစက်၊ နာရီ၊ ပြက္ခဒိန်၊ မိုးလေဝသ၊ ဂဏန်းပေါင်းစက်၊ မှတ်စုစာအုပ်၊ စွယ်စုံကျမ်း အစရှိတဲ့ မတူညီတဲ့ အသုံးဝင်မှု လုပ်ဆောင်မှု အစုံ အားလုံး တစုတစည်းတည်း မိုဘိုင်းလ်ဖုန်း တလုံးတည်းမှာ တည်ရှိနေတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ရေးရာ အတွေးအခေါ်သစ်တွေကလည်း မတူညီမှုများ စုစည်း အင်အားတည်ဆောက် အကျိုးဖြစ်ထွန်းမှုကိုပဲ ရှေးရှုတော့တယ်။  ကွဲပြား၊ ခွဲခြား သီးသန့် ဖြစ်တည်မှုတွေကို အားမပေးတော့ဘူး။

လွန်ခဲ့တဲ့ နှစ် (၄၀) ကျော်အချိန်တုန်းက ဂျွန်လင်နွန် ဆိုတဲ့ ဂီတပညာရှင် ကမ္ဘာနိုင်ငံသားကြီးဟာ ကွန်မြူနစ် ကြေညာစာတန်း ပါ သဘောတရား ကို အခြေခံ ပြီး “စိတ်ကူးယဉ်” ဆိုတဲ့ သီချင်းလေး တပုဒ်ဖွဲ့ခဲ့တယ်။  ကောင်ကင်ဘုံ မရှိ၊ ငရဲ ဆိုတာ နိတ္တိ၊ ဘာသာတရား ဆိုတာတွေ မရှိ၊ နိုင်ငံဆိုတာ မရှိ၊ (ပုဂ္ဂလိက) ပိုင်ဆိုင်မှု မဲ့၊ အလို လောဘ ကင်းကင်း၊ ဆာလောင်မှု မရှိ၊ ဘာအတွက် နဲ့ မှ သတ် စရာ မလို၊ ဘာအကြောင်း နဲ့ မှ သေစရာ မလို၊ “စိတ်ကူးယဉ် ကြည့်စမ်းပါဗျာ..” တဲ့။

ဒါကို ဗမာပြည်က ကဗျာဆရာ ဝင်းမင်းထွေး က ထပ်ဆင့် ခံစား တေးပြုတယ်။  ရုပ်ရှင်ဒါရိုက်တာ ဝင်းဖေ (စာရေးဆရာ/ပန်းချီဆရာ) က ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင် အဆိုတော် လူသတ်ချင် စိတ်ပျောက်သွားစေတဲ့ သီချင်းတပုဒ် စပ်ဖို့ တာဝန်ပေး တိုက်တွန်းရင်း ကနေ အစပြုခဲ့တယ်လို့ ဆိုတယ်။

ကမ္ဘာမြေရယ်.. ငြိမ်းချမ်းပါ..
လူတွေ.. ငြိမ်းချမ်း..
ချိုလွင်.. ခေါင်းလောင်းသံ..
အမေတွေ.. ငြိမ်းချမ်းအပြုံး..

စိတ်ကူးယဉ်.. အိပ်မက်.. ငြိမ်းချမ်း..
ရင်မှာ.. ပျော်ပြီလေ.. ကြည်နူး..

ရန်သူဆိုတာ.. စကားလုံး.. အသံ..
ကမ္ဘာမှာ.. မသုံးဘူး..
ကျည်ဆံတွေဆိုတာ.. ပြတိုက်မှာ..
ဒီကမ္ဘာမှာ.. မလိုတော့ဘူး..

စိတ်ကူးယဉ်.. အိပ်မက်.. ငြိမ်းချမ်း..
ရင်မှာ.. ပျော်ပြီလေ.. ကြည်နူး..

မယုံဘူးလား.. အနာဂတ်.. ငြိမ်းချမ်း..
ဒီလောက်လှတဲ့.. အတွေးလေးကို..
ငါတော့.. အရူးအမူး.. ချစ်လွန်းလို့..
အနာဂတ်မှာ.. ဖြစ်လာမှာ..

(စကားလုံး – ဝင်းမင်းထွေး၊ ဆို – သန်းနိုင်၊ အချစ်လှေ (၁၉၈၄) ဇာတ်ဝင်တေး၊

“စိတ်ကူးယဉ် အိပ်မက်” တဲ့..။  တကယ်တော့ ဂျွန်လင်နွန် ရဲ့ နိုင်ငံ မရှိ ဆိုတဲ့ “ဒီလောက်လှတဲ့ အတွေးလေး” ဟာ မျက်မှောက်မှာ စိတ်ကူးယဉ် သက်သက် အိပ်မက်လို့ မဆိုနိုင်တော့ဘူး။  လက်ရှိ ကမ္ဘာဟာ တံတိုင်းတွေ ကျိုးပျက်၊ နိုင်ငံ နယ်နိမိတ် မျဉ်းတွေ မှေးမှိန်ကုန်ပြီ။  ဘယ်နိုင်ငံ လုပ် ပစ္စည်းလဲ ဆိုတာ မရှိတော့ဘူး၊ ဘယ် (နိုင်ငံတကာ) စီးပွားအုပ်စု ကုမ္ပဏီကြီးတွေ လုပ်သလဲ ပဲ ရှိတော့တယ်။  “ကျနော် ဘယ်နိုင်ငံ၊ ဘာလူမျိုး ပါ” ဆိုတာ က အရေးပါတဲ့ နှုတ်ဆက်စကား မဟုတ်တော့ဘူး၊ “ကျနော် ဘယ် အဖွဲ့အစည်း မှာ ဘာ တာဝန်ယူ အလုပ်လုပ်ပါတယ်” ဆိုတာပဲ မိတ်ဆက် ပြောဖို့ လိုတော့တယ်။

မီးဖိုချောင်သုံး ပစ္စည်း အစ၊ ကွန်ပျူတာ မိုက်ခရိုချစ်ပ် အလယ်၊ မော်တော်ကား၊ လေယာဉ်၊ ဒုံးပျံ အဆုံး ကမ္ဘာ့ ပထဝီ အနှံ့အပြား က နိုင်ငံစုံ ပေါင်းစပ်ခြင်း ရလဒ် ထုတ်ကုန်တွေချည်းပဲ ဖြစ်ကုန်ပြီ။  ပြင်သစ် ဖရန့်၊ ဂျာမာန် မတ်၊ အီတာလျံ လိုင်ယာ ဆိုတာတွေ အတိတ် မှာ ကျန်ခဲ့ပြီ၊ ယူရိုငွေ ကပဲ ဥရောပ က နိုင်ငံစုံ လူမျိုး စုံ ကို စုစည်းပြီး ပြဿနာစုံ ကို ဖြေရှင်း ပေးနေပြီ။  ဥရောပ တတိုက်လုံး နီးပါး နယ်စည်းမခြား ဖြစ်နေပြီ၊ ပြည်ဝင်ခွင့်လက်မှတ်ဆိုတာ အီးယူ နိုင်ငံတွေ အတွက် မလိုတော့ဘူး။  ကမ္ဘာမှာ နိုင်ငံကူးလက်မှတ် ဆိုတာတွေ နောင်ဆိုရင် လုံးလုံး ပြတိုက်ထဲ ရောက်တော့မယ်။  အာဆီယံ မှာကို အခု ပြည်ဝင်ခွင့် ကင်းလွတ် နိုင်ငံတွေ ဗမာပြည်လို “ဘိတ်” နိုင်ငံမျိုး အတွက်တောင် အတော်များများ ရလာနေပြီ မဟုတ်လား။

မျက်မှောက် ကမ္ဘာ မှာ ကျည်ဆံ တွေ ပြတိုက်ထဲ ပို့ဖို့ လိုနေသေးတယ် မှန်ပေသည့် နိုင်ငံတွေ အချင်းချင်း စစ်ဖြစ်စရာ မရှိသလောက် နည်းလာပြီး နိုင်ငံစုံ တပ်ဖွဲ့တွေပေါင်း တဖက်နဲ့ အကြမ်းဖက် အဖွဲ့အစည်း တွေ၊ အကြမ်းဖမ်သမားများ ကြီးစိုး အာဏာရနေတဲ့ မိစ္ဆာ နိုင်ငံတချို့ စစ်ခင်း ရတဲ့ အနေအထားကပဲ တနေ့တခြား များလာပြီ။  အခုပဲ ကြည့်ပါ၊ ဘာသာရေး နာမည်ခံ လူသတ် အကြမ်းဖက် ပြနေတဲ့ ISIS ကိုဆိုရင် ဘာသာတူ လူမျိုးတူ တွေ အပါအဝင် တကမ္ဘာလုံး နိုင်ငံစုံ လူမျိုးစုံ က ပူးပေါင်းနှိမ်နင်းဖို့ ကြိုးစားနေကြတာ မျက်မြင်ပါပဲ။

ယူအင်န်၊ အီးယူ၊ အေပက်၊ အာဆီယံ၊ ဂျီ-၈၊ ဂျီ-၂၀ အစရှိတဲ့ နိုင်ငံတကာ နဲ့ ဒေသတွင်း နိုင်ငံစုံ အဖွဲ့ကြီးတွေအဖြစ် ရပ်တည်ရင်း သွေးစည်း ညီညွတ် အတူယှဉ်တွဲ ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက် စီးပွားဖြစ်စေခြင်းတခုတည်းနဲ့ပဲ ရှေ့အနာဂတ် ကမ္ဘာ့ ကောင်းကျိုးကို တည်ဆောက်ရတော့မှာပါ။  သီးခြား နိုင်ငံ တည်ဆောက် ခွဲထွက် ရပ်တည်လိုမှုဟာ စိတ်ကူးယဉ် ရူးသွပ်မှု သက်သက်ပဲ ဖြစ်သွားပါပြီ။

ဆိုတော့ အခု စကော့တန်သားများ ဆုံးဖြတ်ချက် ဟာ ခေတ်မီမီ ကမ္ဘာ့ကြည့်ကြည့် ရေရှည် အကျိုး မြော်မြင်တတ်တယ်လို့ပဲ ဆိုရပါမယ်။  လင်နွန် တယောက်လည်း အသက်ထင်ရှားရှိနေရင် ဒီ ဖြစ်စဉ်ကို အင်္ဂလိပ်တယောက် အနေနဲ့ မဟုတ် သူ သေသည့်တိုင် စွဲမြဲ ခံယူခဲ့တဲ့ ‘ကမ္ဘာ’ နိုင်ငံသား၊ ‘လူ’ လူမျိုး တယောက် အနေနဲ့ ကျေနပ်နိုင်မယ် ထင်ပါတယ်။  “One Race, One Nation, One World” အဖြစ် လူသား ဆိုတဲ့ မျိုးနွယ် တခုတည်းဟာ ကမ္ဘာဆိုတဲ့ နိုင်ငံကြီးရဲ့ ကောင်းကင် တမိုးတည်းအောက်မှာ ချစ်ကြည်ရင်းနှီး ဘုံ စီးပွား ဖြစ်ထွန်း ပူးပေါင်း ရပ်တည်ခြင်းကသာ အနာဂတ် ကမ္ဘာပါ။

ကျနော်တို့ ဗမာပြည်လည်း သင်ခန်းစာ ယူတတ်ရပါမယ်။  ၁၉၆၂ ခုနှစ်ကည်းက ပြည်ထောင်စုကြီး ပြိုကွဲမှာစိုးလို့၊ လူနည်းစု လူမျိုးစုတွေ ခွဲထွက်ကုန်မှာ ကြောက်လို့ ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချ ကို စစ်အာဏာရှင် စနစ် အမြစ်တွယ် ရှင်သန်ရေး အလို့ငှာ အခါခါ ချပြခဲ့ကြတယ်။  တကယ်တော့ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူစဉ် ခွဲထွက်ခွင့် သာချိန်မှာတောင် ဘယ်သူ့မှ မခွဲခဲ့ကြဘူး။  အခုအချိန်ကျမှလည်း ခွဲထွက်စရာ ဘာအကြောင်းမှ မရှိဘူး။  သေနတ်တချက် မဖောက်ရဘဲ ခွဲထွက်လို့ရတဲ့ အခွင့်အရေး ကို အခု စကော့တွေ ငြင်းပယ်စေဖို့ ဖြစ်ခဲ့တဲ့ နောက်ခံအခြေအနေ ကောင်းမွန် မှန်ကန် သမမျှတတဲ့ လူမှု စီးပွား နိုင်ငံရေး စနစ် တခုသာ ဗမာပြည်မှာ တည်ဆောက်ပြလိုက်ရင် ပိုလို့တောင် ခွဲထွက်စရာ အကြောင်းမရှိတော့ဘူး။

ပြိုင်ကား တန်ဆာဆင် တလွဲ အခွင့်အရေးစုံ လာဘ်သပ်ပကာထိုး ပါမစ် ငြိမ်းချမ်းရေး နည်းနာ များ နဲ့ ချော့ချီ ခြောက်ချီ နည်းအလီလီ ကိုရပ်၊ လွတ်လပ်ရေး ယူစဉ်က ပြုခဲ့တဲ့ ကတိကဝတ် ပင်လုံစိတ်ဓာတ် ကိုသာ တိုင်းပြည်မှာ နည်းလမ်းမှန် ရှင်သန်စေစမ်းပါ၊ “ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်” ဖြစ်အောင်သာ အုပ်ချုပ်ခွင့် ရ ဗမာ အစိုးရများ တကယ် လုပ်ပြလိုက်စမ်းပါ။  စစ်အာဏာရှင်စနစ် မှိုင်းတိုက်ခံ “ကြီးမြတ်လေသော မဟာမြန်မာ” စိတ်အခံများ ခွာချလိုက်စမ်းပါ။  စစ်ပွဲတွေ ချက်ချင်း ရပ်ပါတယ်။

တိုင်းပြည်မှာ လူမျိုးစုတိုင်း လွတ်လပ်၊ တန်းတူ၊ ငြိမ်းချမ်း ခံစားရစေတဲ့ လောကပါလ တရားသာထွန်းကားစေပြီး စစ်ဝါဒ နဲ့ တဖက်စွန်းရောက် အမျိုးသားရေးစိတ် ပြင်းထန်မှုများ၊ မျက်ကန်း မျိုးချစ်စိတ်များ လျော့ပါးအောင်သာ ကြံဆောင်ပါ။  ညီတူညီမျှ လူမှု၊ စီးပွား၊ ပညာမြင့်ဖို့သာ ဇောက်ချလိုက်ပါ တိုင်းရင်းသား ပြဿနာ၊ လူနည်းစု ပဋိပက္ခတွေ ဆန္ဒမဲ ခံယူစရာ မလို၊ စစ်တိုက်စရာ မလို လုံးဝဥဿုံ အလိုအလျောက် ရပ်သွားမှာပါ။

မုဆိုးခေတ် ကုန်ပြီမို့ လေးမြားတွေ သိမ်းနိုင်ဖို့ ဗမာပြည် ကြိုးစားရပါမယ်။

“God Save The Queen” ကို မဆိုချင်သလို “ကမ္ဘာမကြေ မြန်မာပြည်၊ ဒါ ဒို့မြေ ဒါ ဒို့ပြည်၊ မြန်မာစာသည် ဒို့ စာ၊ မြန်မာစကားသည် ဒို့ စကား၊ မဟာမြန်မာ” ဆိုချည်းပဲလည်း အသားပေး မလုပ်အပ်တော့ပါ။  အနာဂတ် ကမ္ဘာဟာ လင်နွန် ရဲ့ “စိတ်ကူးယဉ်” သာ နိုင်ငံတိုင်းရဲ့ နိုင်ငံတော်သီချင်း ဖြစ်လာတော့မှာပါ။  အခုကိုပဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (၂၁ စက်တင်ဘာ) မှာ ယူအင်န် ရဲ့ကြီးမှူးမှုနဲ့ “စိတ်ကူးယဉ်” ကို နိုင်ငံပေါင်း (၅၀) ကျော်က သီဆိုခဲ့ကြပြီ။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ တမျိုး၊ တဘာသာ ချည်း ဆိုတဲ့ သတ်မှတ်ချက်တွေဟာ နောင်မှာ တဖြည်းဖြည်း လျော့နည်းကွယ်ပျောက်ရတော့မှာပါ။  မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဆိုတာတွေကို လူသားတဦးချင်းရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ လူဖြစ်တည်မှု  အသိမြှင့်တင်ခြင်းဘက်အဖြစ် ပုံစံပြောင်း တည်ရှိတော့မှာပါ။  အနာဂတ်မှာ ဖြစ်လာမှာပါ။  အခုလည်း စဖြစ်နေတာ ထင်ရှားပါပဲ။

နိဂုံးချုပ်ရရင် စကော့လူမျိုးတွေ ရွေးချယ်လိုက်တဲ့ လွတ်လပ်ရေး ဖွင့်ဆိုချက် အဓိပ္ပာယ်ကနေ တဆင့် မတူကွဲပြား ပေါင်းစည်းခြင်းရဲ့ လှပတဲ့ ရသ အနုပညာ၊ ခွင့်တူညီမျှ ရှိခြင်းရဲ့ အကျိုး၊ အနာဂတ် ကမ္ဘာရဲ့ သွေးစည်းညီညွတ်မှု ဗဟိုပြု ဖြစ်လာမယ့် အလားအလာများကို မြော်မြင် ကြည့်စေချင်ပါတယ်။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၂၊ ၂၀၁၄

(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါးပါ အာဘော်နှင့် ပတ်သက်၍ ဝေဖန်ရန် nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts