ကဗျာ ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – တရားမျှတမှုကိုသာ အမေတောင်းဆိုတယ်

ရဲရင့်သက်ဇွဲ – တရားမျှတမှုကိုသာ အမေတောင်းဆိုတယ်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၄
ခြေထောက်တွေကို
ခြေချင်းခတ်ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည …..

လက်တွေကို
လက်ထိပ်ခတ်ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည …….

ပါးစပ်ပေါက်တွေကို
အဓမ္မ ပိတ်ဆို့ ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည ……

မျက်လုံးအစုံကို
ထိုးဖောက်ခံခဲ့ရပီးတဲ့နောက်
ထွက်သွားတဲ့ည ……

ချီထားတဲ့လက်အုပ်ဟာ နှလု့းသားရဲ့ အလိုမတူပဲ
တဆတ်ဆတ်တုန်ခါနေ
အမေအိုခမျာ မျက်ရည်မကျပဲနဲ့ 
ရှိုက်ရှိုက်ငိုကာ ခန္ဓာကိုယ်ဟာ
တဆတ်ဆတ်တုန်ခါနေ…..

ညကတော့ အမေနဲ့ သားကြားမှာ
တဆတ်ဆတ်တုန်ခါနေ ……

တခါ တခါ အဝေးက သေနတ်သံဟာ
အမေ နဲ့  သားရဲ့  ကြားက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်

အမေ့ကို ဦးအချမှာ မျက်ရည်တစ
ကျမ်းပြင်ပေါ်ကြွေကျသွားတယ် ……

အမေ့ဆီကလာတဲ့အသံ
ခပ်တိုတိုးလေးဆိုပေမယ့် တင်းမာပြတ်သားတဲ့အသံ

ရှင်မလား သေမလား
ပြန်ဆုံမှာလား မဆုံနိုင် နိုင်တော့ဘူးလား

မရေရာမသေချာလှဘူး
သေချာတာတခုက

အသက်စွန့် သွားတဲ့ အမေ့သားတွေအတွက်
အသက်တချောင်းကို အသက်တချောင်းခြင်း

မျက်လုံးတလုံးကို မျက်လုံးတလုံးခြင်း
ရင်းစားပြန်ရချင်တဲ့
တရားမျှတမှုမျိုးကိုသာ အမေတောင်းဆိုတယ်
အမေ့သား… သွားတော့ …. သွားတော့

အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် …….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts