Yan Naung (Bo Ta Htaung) ခေတ်ပြိုင်အတွေ့အကြုံ

ရန်နောင်(ဗိုလ်တထောင်) – နည်းပညာတိုးတက်မှုကို ကောင်းမွန်စွာ အသုံးချနိုင်ဖို့

ရန်နောင်(ဗိုလ်တထောင်) – နည်းပညာတိုးတက်မှုကို ကောင်းမွန်စွာ အသုံးချနိုင်ဖို့
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၄

“မမြရီ   ညည်းအခု ဘယ်မှာလဲ။ ငါ ဒီမှာ တံမြက်စည်း လှည်းတာ လှည်းမကောင်းလို့ လှည်းမကောင်းလို့ ငှားချင်လို့ ”။

“  အစ်မကြီး ကျနော့်ကို ဒီနေ့ ပေးလိုက်တဲ့ မြေပဲတွေက အဆန်ချောင်တွေပါတာ များနေတယ်။ ဒီမှာ ဝယ်သူတွေကို မျက်နှာပျက်နေရတယ် ”။

“ဗျာ … နိုင်တီတူးနဲ့ ငါးရာဖိုး၊ ဆင်ကနဲ နဲ့ ငါးရာဖိုး ၊ ဟုတ်ကဲ့ အဆင်သင့်လုပ်ထားပါ့မယ်နော်။ ”

အထက်ပါ စကားစု များသည် ယနေ့ခေတ်တွင် တော့ အထူးအဆန်း မဟုတ်တော့သော်လည်း ဟိုလွန်ခဲ့သည့် အနှစ်နှစ်ဆယ် နီးပါးလောက်တွင်တော့ အိပ်မက် မက်နေတာပဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယခုအခါ အပြိုင်အဆိုင် ပေါ်လာသော နည်းပညာများ ကြောင့် လည်းကောင်း၊ ပြောင်းလဲလာသော အစိုးရ၏ (သူတို့ စားလို့ ဝ၍ ပစ်ချလိုက်သောကြောင့် လည်းကောင်း) ဖုန်းဆင်းကဒ် တစ်ခုလျှင် ငွေကျပ် တထောင့်ငါးရာနှင့် လူတိုင်းမည်သူမဆို ဝယ်ယူနိုင်သောကြောင့် မြန်မာပြည်တဝှမ်း ထူးခြားစွာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး အထက်ပါကဲ့သို့ စကားစု များကို အောက်ခြေလူတန်းစား ပြည်သူများ ပြောဆိုကာဆက်သွယ် နိုင်ပြီဖြစ်ပါတယ်။

သို့သော်လည်း ဖုန်းဆင်းကဒ် ထောင့်ငါးရာ တည်းနှင့် အလွယ်တကူ ဝယ်လို့ရသလို တရုတ်ပြည်ဖြစ် အပေါစားဟန်းဆက်များကလည်း သုံးစွဲနိုင်သူ အတိုင်းအတာအလျောက် နည်းပညာစုံဖြင့် ဖန်တီးထားလေရာ ထိုနည်းပညာ များအတွင်းမှ ဂိမ်းများ၊ သီချင်းများ၊ရုပ်ရှင်များက ပင် လူတွေကို ဒုက္ခပေးပြန်ပါတော့သည်။

ဖုန်းထဲ သီချင်းများ၊ရုပ်ရှင်များ၊ ဂိမ်းများ ကို မိမိကြိုက်နှစ်သက်ရာသွင်း နိုင်ခြင်းတို့ကြောင့် နားကြပ်လေးတပ်ကာ သီချင်းနားထောင်ရင်း ကားတိုက်မှု၊မတော်တဆမှု များဖြစ်ခဲ့ရသည်ကား အကြိမ်ကြိမ်ပင် ဖြစ်ပါတယ်။ ကာတွန်းဆရာများကပင် ကာတွန်းများထဲတွင် လမ်းလျှောက်ရင်းဖုန်းပြော၊မြောင်းထဲပြုတ်ကျသော ရေးကွက်များဖြင့် သရော်ထားသည့် ကာတွန်းကွက်များတောင် ပေါ်ထွက်လာပါသေးပေါ့။

နောက်ထပ်တစ်ခု ကတော့ စားသောက်ဆိုင် အကြီးများတွင်တော့ ဒါမျိုးဖြစ်လေ့ဖြစ်ထမရှိပေ။ အဆင့်အတန်းမြင့် စားသုံးသူများကို စနစ်တကျ သင်ယူထားသည့် ဝန်ထမ်းများဖြစ်သည့် အတွက်လည်း ဖြစ်မယ်ထင်ပါတယ်။ အလတ်စား၊ အသေးစား စားသောက်ဆိုင်၊လက်ဘက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြသော စားပွဲထိုးလေးများသည်ကား အနှီဖုန်းလေးများကိုကိုင်ကာ တယောက်နှင့် တယောက်လိုအပ်သည့် အရာများကို ကူးယူနေခြင်း၊ဂိမ်းများကို အတူတူ ကစားနေခြင်းဖြင့် စားသုံးသူ ကို အရေးမစိုက်မှုများ ဖြစ်နေသည်ကိုလည်း ဆိုးရွားစွာမြင်တွေ့နေရပါတယ်။ ထို အကြောင်းနှင့် ပတ်သက်၍ လက်ဘက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သူ မိတ်ဆွေအား ပြောပြသောအခါ

“ ဟုတ်တယ်ဗျာ။ တကယ်တမ်း သူတို့ကို ဒီလိုမလုပ်ဖို့ပြောလည်း သူတို့က ဂရုမစိုက်ဘူးဗျ၊ ကျနော်တို့က ဖုန်းကို ကောင်တာမှာ အပ်ထားဆိုလည်း မအပ်ထားတဲ့သူ၊ ဆိုင်လာစားတဲ့သူတွေဆီ ငေးမောနေတာပဲဗျ၊ အဆိုးဆုံးက ပြောလိုက်၊ ဆိုလိုက်ရင် အလုပ်ထွက်မယ်ဘာညာ ဖြစ်ကုန်တာပဲလေ။ လူကရှာရတာ မလွယ်တော့လည်း ချော့ခိုင်းနေရတာပေါ့ဗျာ ”။   ငြီးညူစွာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံကိုလည်း ပြောပြခဲ့ပါတယ်။

တကယ်တော့ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေပါ။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ  လွတ်မြောက်ပြီး အဖွဲ့ချုပ် ရုံးတွင် ပြောကြားသော မိန့်ခွန်းထဲ့ ကောက်နှုတ်ဖော်ပြရရင်

“   ကျမ ဒီတခေါက် အပြင်ရောက်တော့ လူတိုင်းနီးပါး ဖုန်းလေးတွေ  ကိုယ်စီကိုင်နိုင်တာ တွေ့ရပါတယ်။ ဒီဖုန်းလေးတွေကို အကျိုးရှိရှိ တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း အသုံးချနိုင်ပါစေ။ ”

ဒီလိုမျိုးပြောခဲ့တာပါ။ တိုင်းပြည် ခေါင်းဆောင် တစ်ယောက်က ပြောတဲ့ စကားကို နားမထောင်ပဲ အမေစုကို ချစ်ပါတယ် လို့ အော်နေရုံနဲ့ ၊ ဂိမ်းထိုင်ပွတ်နေရုံနဲ့ ၊ တိုင်းပြည်ကြီးတိုးတက်လာမှာ မဟုတ်ပါဘူး။

ဖုန်းဟန်းဆက် အသစ်ပေါ်လာရင် ဝယ်ကိုင်နိုင်ဖို့ အတွက် တစ်လလုံး ပင်ပန်းကြီးစွာ ရှာဖွေထားတဲ့ လုပ်ခလစာကို နှမြောမှုမရှိ ပက်ခနဲဝယ်နေတဲ့ အခြေခံလူတန်းစားလေးတွေကို ကြည့်ရင်း သံဝေဂရမိပါတယ်။ ဖုန်းတလုံး မှာ ပါတဲ့ နည်းပညာ တွေကို အကျိုးရှိရှိ အသုံးချနိုင်အောင်လည်း စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတာလည်း ပါမယ်ထင်ပါတယ်။ ဖုန်းထဲကို သီချင်းသွင်းတာ၊ ရုပ်ရှင်ထည့်တာ အတွက်လည်း ငွေကြေးက ထပ်ထပ်ကုန်ပါသေးတယ်။

“ကျနော်တို့ ဆိုင်မှာ လုပ်နေတဲ့ လူငယ်အများစုဟာ မူလတန်းစာကိုတောင်ကျေညက်စွာသင်ခဲ့ရတဲ့သူတွေ မဟုတ်ပါဘူး။ဒါပေမဲ့ ဂိမ်းပေါင်းစုံကိုတော့ ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တာကိုတော့ တွေ့ရပါတယ်။ ကလေးအရွယ် ဆိုတာ ဘာသင်သင် တတ်လွယ်၊ သိလွယ်တဲ့ အရွယ်ကိုး၊ ဂိမ်းကစားလောက်ကိုတော့ မပြောပါဘူး၊ မဟုတ်တဲ့ ညစ်ညမ်းကားတွေကို ကူးပေးတဲ့ဆိုင်က ကူးပေးပြီး အလွယ်တကူ ကလေးအရွယ်တွေ ကြည့်ခွင့်ရနေတော့ အရွယ်မတိုင်ခင် မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပဲပေါ့ ဗျာ”

ဟု အလတ်စား စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ပြောပြခဲ့ တာကို မှတ်မိပါသေးတယ်။

အရင်က အိပ်မက် ဖြစ်ခဲ့သော ၊စွဲလမ်းခဲ့ရသော၊လက်ကိုင်ဖုန်းလေးများကို လွယ်လင့်တကူ  ကိုင်နိုင်သလို နည်းပညာ ပိုင်းကိုလည်း အကျိုးရှိရှိ လူငယ်များ သုံးစွဲ နိုင်ပါစေလို့မျှော်လင့်ရင်း …

Photo – www.aljazeera.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts