အတွေးအမြင်

နေလင်းညီ – အဆိုးမြင်ခြင်း အကောင်းမြင်ခြင်း နှင့် အမှန်မြင်ခြင်း

 
နေလင်းညီ – အဆိုးမြင်ခြင်း အကောင်းမြင်ခြင်း နှင့် အမှန်မြင်ခြင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၄
အဆိုးမြင်ဝါဒကို လုံးဝမလိုလားအပ်သောဝါဒမျိုးဟု ရေးသားပြောဆိုကြသည်။ အဆိုးမြင်သူသည် ကျန်းမာရေးထိခိုက်၍ အသက်တိုတတ်သည်ဟုလဲ ဆိုကြ၏။ သို့သော် အဆိုးကို အဆိုးဟု တကယ်မြင်ခြင်းသည် ဆိုးကျိုးကို ပေးမည်မဟုတ်။ ဥပမာ ရပ်ကွက်၌ အမှိုက်များ၊ သစ်ရွက်ခြောက်များ စုပုံနေခြင်းသည် ပေါ့ဆမီး၊ ဆေးလိပ်မီးကို ဖိတ်ခေါ်နေခြင်းဖြစ်ရာ ဤကိစ္စကို အဆိုးမြင်ခြင်းဟု ပြော၍မရပေ။ ပရဟိတဆောင်ရွက်နေသူကို ကိုယ်ကျိုးရှာသမားဟု အပုပ်ချစွပ်စွဲနေခြင်းသည်သာ အဆိုးမြင်ခြင်းဟု ဆိုရန်ရှိသည်။ ပရဟိတဆောင်ရွက်နေသယောင်ဖြင့် ကိုယ်ကျိုးရှာသူကို ကိုယ်ကျိုးရှာသမားဟု အမှန်ဖော်ထုတ်ခြင်းမှာ အဆိုးမြင်ခြင်းမဟုတ်။ အမှန်မြင်ခြင်းသာ ဖြစ်သည်။ အမှန်မြင်ခြင်းဖြင့် ကိုယ်ကျိုးရှာသူများကို တားမြစ်၍ ပရဟိတသမားများကို ချီးမြှောက်နိုင်ခွင့် ရ၏။
အကောင်းမြင်ခြင်းသည် အလွန်ကောင်း၍ ကျန်းမာစေ အသက်ရှည်စေသည်ဟု ဆိုကြပြန်၏။ သို့သော် ဥစ္စာရှိသူ၊ အာဏာရှိသူကို ကြံဖန်မြှောက်ပင့်၍ အကောင်းပြောခြင်းသည် ကောင်းကျိုးကို ပေးဖို့ မဖြစ်နိုင်ပေ။ တကယ်ကောင်းသူ၊ တကယ်ကောင်းသော လုပ်ရပ်ကို တကယ်ကောင်းကြောင်းပြောမှသာ အကျိုးရှိမည်ဖြစ်သည်။
ထို့ကြောင့် ပုဂ္ဂိုလ်မှန်သမျှ ဖြစ်ရပ်မှန်သမျှကို အဆိုးချည်းဟု ရှုမြင်ခြင်းသည် အဆိုးမြင်ဝါဒ အစွန်းတစ်ဖက်ဖြစ်၍ ပုဂ္ဂိုလ်မှန်သမျှ လုပ်ရပ်မှန်သမျှကို အကောင်းချည်းဟု ရှုမြင်ခြင်းသည် အကောင်းမြင်ဝါဒ အစွန်းတစ်ဖက်ဖြစ်လေသည်။
ပုဂ္ဂိုလ်တစ်ဦး၏ ကောင်းကွက်ကိုလည်းကောင်း၊ ဆိုးကွက်ကို လည်းကောင်း အမှန်အတိုင်း လေ့လာသုံးသပ်ခြင်းသည်သာ အကျိုးစီးပွားကို ဖြစ်စေ၏။ ဖြစ်ရပ်တစ်ခု၏ ကောင်းကွက်ကိုလည်းကောင်း၊ ဆိုးကွက်ကို လည်းကောင်း၊ အမှန်အတိုင်း လေ့လာသုံးသပ်ခြင်းသည်သာ အကျိုးစီးပွားကို ဖြစ်စေ၏။ အကျိုးရှိခြင်းကိုသာ လိုလားအပ်၍ အကျိုးမဲ့ခြင်းကို မလိုလားအပ်ပေ။ အကျိုးရှိခြင်းဟူသည် ကုသိုလ်၊ ပညာ၊ ဥစ္စာတို့ တိုးပွားခြင်းဖြစ်၍ အကျိုးမဲ့ခြင်းဟူသည် ကုသိုလ်၊ ပညာ၊ ဥစ္စာတို့ ဆုတ်ယုတ်ခြင်းဖြစ်သည်။ ကုသိုလ်နှင့် ပညာသည် အပြန်အလှန်အကျိုးပြုကြ၍ ကုသိုလ်နှင့် ပညာသည် ဥစ္စာထက် မြတ်၏။ အဘယ်ကြောင့်ဆိုသော် ကုသိုလ်နှင့် ပညာတို့၏ အစွမ်းကြောင့် ဥစ္စာကို အလွယ်တကူ ရရှိနိုင်သောကြောင့် ဖြစ်ပေသည်။
သိလွယ် မြင်လွယ်ခြင်းငှာ ဖော်ပြရသော် အဆိုးမြင်ဝါဒသည်လည်း အစွန်းတစ်ဖက်ဖြစ်၍ အကောင်းမြင်ဝါဒသည်လည်း အစွန်းတစ်ဖက်ဖြစ်သည်။ အကယ်စင်စစ်အားဖြင့် ထိုဝါဒ ၂ ရပ်ကို စွန့်ပယ်၍ အမှန်မြင်ဝါဒကိုသာ ကိုင်စွဲကျင့်သုံးရမည်ဖြစ်၏။ ကောင်းသောအချက်များကို လည်းကောင်း၊ ဆိုးသောအချက်များကိုလည်းကောင်း ယထာဘူတကျကျ အရှိကို အရှိအတိုင်း လေ့လာသုံးသပ်ခြင်းသည်သာ အမှန်မြင်ဝါဒဖြစ်၏။
မိမိ၏ကောင်းသောအချက်များကို တိုးပွားစေ၍၊ ဆိုးသောအချက်များကို ယုတ်လျော့စေရန် အားထုတ်နိုင်သူသည် အမှန်မြင်ဝါဒကို ကိုင်စွဲကျင့်သုံးခြင်းဖြင့် အကျိုးစီးပွားကို ဖြစ်ထွန်းစေသူဟု ဆိုအပ်၏။
ဗုဒ္ဓတရားတော်၏ လိုရင်းအနှစ်ချုပ်မှာ ‘ သစ္စာ ’ ပင်ဖြစ်သည်။ သိစရာမှန်သမျှ၊ မကျန်ရအောင်၊ လုံးဝကုန်စင်၊ အကုန်မြင် သဗ်ဗဉ်ဥာဏ်တော်အစွမ်းတည်းဟု အရှင်ဇနကာဘိဝံသက လကာင်္ပြုထား၏။ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီဖြည့်ဆည်းခဲ့သော ဘုရားလောင်းသည် နုစဉ်ကာလက သူတပါးအသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့သားမယားပစ်မှားခြင်း၊ သေရည်သေရက်သောက်ခြင်း ထို ၄ ပါးကို တစ်ခါတစ်ရံလွန်ကျူးခဲ့မိ၏။ သို့သော် ငါးပါးသီလအနက် လိမ်ညာပြောဆိုခြင်း မုသာဝါဒကံကိုကား ဘယ်သောအခါမျှ လွန်ကျူးခြင်းမရှိပေ။ သစ္စာတရားကို ရှာဖွေနေသော အလောင်းတော်အဖို့၊ လိမ်ညာခြင်းကို မကျူးလွန်တော့၊ လိမ်ညာခြင်းနှင့် သေခြင်း …ထို ၂ ခုကို ရွေးစေလျှင် သေခြင်းကိုသာ ရွေးမည်။ လိမ်ညာမည်ကားမဟုတ်ပေ။
အိုခြင်း၏ ကောင်းကွက်မှာ ဗဟုသုတစုံခြင်း၊ အတွေ့အကြုံစုံခြင်းဖြစ်၏။ အိုခြင်း၏ ဆိုးကွက်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဟောင်းနွမ်းပျက်ဆီးလာခြင်း၊ ကျန်းမာရေးထိခိုက်လာခြင်းတို့ ဖြစ်သည်။ အိုမင်းရင့်ရော်သူအဖို့ ဗဟုသုတ အတွေ့အကြုံများကို အသုံးချခြင်း၊ ကျန်းမာရေးကို ဂရုစိုက်ခြင်းတို့ဖြင့် အမှန်မြင်ဝါဒကို အသုံးချ၍ အကျိုးစီးပွားကို ရှာဖွေရမည်ဖြစ်၏။
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း၏ နောက်ဆုံးပန်းတိုင် ( အန္တိမ ရည်မှန်းချက် ) မှာ သစ္စာတရားကို သိမြင်ရန်ဖြစ်သည်။ ဂုဏ်တော် ၉ ပါးအနက် အရဟံ ဟူသည်မှာ သစ္စာလေးပါး၊ မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်ခြင်းဂုဏ်တော်ဖြစ်သည်။ ဆင်းရဲခြင်း အမှန်တရားကို သိခြင်း၊ ဆင်းရဲကြောင်း အမှန်တရားကို ပယ်ခြင်း၊ ဆင်းရဲကင်းခြင်း အမှန်တရားကို ဆိုက်ရောက်ခြင်း၊ ဆင်းရဲကင်းကြောင်း အမှန်တရားကို ပွားများခြင်း တို့သည် သစ္စာလေးပါးပင် ဖြစ်သည်။
သစ္စာလေးပါးသည် အဆင့်အမြင့်ဆုံးသော အမှန်မြင်ဝါဒဖြစ်၏။ ဆင်းရဲခြင်းအမှန်တရားကို သိခြင်းသည် အဆိုးမြင် ၀ါဒ မဟုတ်ပေ။ အမှန်မြင်ဝါဒသာ ဖြစ်၏။ ဆင်းရဲကင်းခြင်းအမှန်တရားကို ဆိုက်ရောက်ခြင်းသည် အကောင်းမြင်ဝါဒ မဟုတ်ပေ။ အမှန်မြင်ဝါဒသာ ဖြစ်၏။
အဆင့်မြင့်ဆုံး အမှန်တရားကို ကိုင်စွဲကျင့်သုံးခြင်း မပြုနိုင်သည့်တိုင်အောင်၊ နေ့စဉ်ဘ၀ လောကီကိစ္စများတွင် ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များ၏ ကောင်းကွက်နှင့် ဆိုးကွက်များကို အရှိအတိုင်း ရှုမြင်သုံးသပ်၍ ကုသိုလ်၊ ပညာ၊ ဥစ္စာတိုးပွားရေးအတွက် အမှန်မြင်ဝါဒကို  ကိုင်စွဲကျင့်သုံးကြရမည်ဖြစ်ပါသည်။

 

နေလင်းညီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts