ရသဆောင်းပါးစုံ

စံပယ်ဖြူ – မလေးရှားလူငယ်များနှင့် ပညာရေးအခွင့်အလမ်း

စံပယ်ဖြူ – မလေးရှားလူငယ်များနှင့် ပညာရေးအခွင့်အလမ်း
စက်တင်ဘာ ၁၆၊ ၂၀၁၄

လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပဲဆိုတာကို အစိုးရတိုင်း နားလည်မယ်ထင်ပါတယ်။ လူငယ်တွေရဲ့ ဘ၀ကို ပညာနဲ့မြှင့်တင်ပေးရမယ် ဆိုတာကိုလည်း မြန်မာပြည်အစိုးရ  အပါအ၀င် တိုင်းပြည်ခေါင်းဆောင်မှန်သမျှ သိကြပြီသားပါ။ ဒါပေမဲ့ တိုင်းပြည်အပေါ် တကယ်စေတနာ ရှိတဲ့ ခေါင်းဆောင်းတွေသာ  လူငယ်တွေ အညွှန့်တလူလူနဲ့ ပညာရဲရင့် ပွဲလယ်တင့်အောင် မြေဆီကြွေး ရေလောင်းပေး ကြပါတယ်။ လက်ရှိ မြန်မာပြည် ပညာရေးအခြေအနေကြည့်ရင် အမျိုးကိုအင်မတန်ချစ်သော လူကြီးမင်းများရဲ့ စေတနာကို ထင်ထင်ရှားရှား မြင်ရပါတယ်။

တိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ မယှဉ်ပဲ မလေးရှားနိုင်ငံနဲ့ ယှဉ်လိုက်ရင်တောင် မြန်မာပြည် ပညာရေးက အများကြီး နောက်ကျကျန်နေပြီ။ ယခုလက်ရှိ မလေးရှားစိုးရ လက်ထက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး၊ လူမျိုးဘာသာခွဲခြားမှုနဲ့ နိုင်ငံရေးမှာခြစားမှုတွေ ရှိနေပေမဲ့၊ အစိုးရက တိုင်းပြည်အပေါ် စေတနာ ရှိနေတာကို တွေ့ရပါတယ်။ အစိုးရသည် ပြည်သူလူထုအကျိုးကို ဆောင်ရွက်ရမယ် ဆိုတဲ့စိတ်ဓာတ်  ရှိတာကိုလည်းတွေ့ ရပါတယ်။ တိုင်းပြည်အနာဂတ် ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေကို ပညာပြည့်ဝအောင် ထောက်ပံ့ပေးထားပါ တယ်။ ယခုလက်ရှိ အခြေအနေမှာ မလေးရှားလူငယ်တွေရဲ့ ပညာရေးနဲ့  အခွင့်အလမ်းတွေကို ကျွန်မ သိမြင်မိသလောက် တင်ပြလိုပါတယ်။

မလေးရှားမှာ ကျောင်းနေအရွယ် ကလေးကိုးဆယ် ရာခိုင်နှုန်းကျော် စာသင်ကျောင်းကို ရောက်ကြပါတယ်။ ၂၀၁၂ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံ စာတတ်မြောက်သူဦးရေး (၉၃) ရာခိုင်နှုန်းကျော်ရှိတယ်လို့ မလေးရှားအစိုးရက တရားဝင် ထုတ်ပြန်ကြေညာထား ပါတယ်။ ဝေးလံခေါင်ပါးတဲ့ တောရွာတွေက ဆင်းရဲတဲ့ လူအနည်းစုဟာ သူတို့သားသမီးတွေကို ကျောင်းမပို့နိုင်ကြဖူးလို့ ဆိုပါတယ်။ မြို့ပေါ်မှာတော့ ကလေးတိုင်းကျောင်းတက် ရပါတယ်။ မိဘကကျောင်းမထားပေးနိုင်တဲ့ ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကို လူမှုရေးအဖွဲ့ အစည်းတွေက စောင့်ရှောက်ပြီး ပညာသင်ပေးပါတယ်။ မလေးရှားမှာ သူတို့နိုင်ငံသား စစ်စစ်ထဲက ကလေးအလုပ်သမား မရှိပါ။ တရားမ၀င် ရောက်လာတဲ့ နိုင်ငံခြားသား ကလေးအလုပ်သမားတော့ရှိတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်ပြီးသူတိုင်း တက္ကသိုလ် သို့မဟုတ် ကောလိပ်တက်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ မလေးလူမျိုးအများစုနဲ့ အစိုး ရ၀န်ထမ်း သားသမီးတွေဆို ပညာသင်စရိတ် အလွန်သက်သာတဲ့ အစိုးရတက္ကသိုလ်တွေကို အလွယ်တကူဝင်ခွင့် ရကြပါတယ်။ မလေးရှား ပညာရေးစနှစ်ကို မကြိုက်တဲ့ ပညာတတ် လူချမ်းသာတွေကတော့ သူတို့သားသမီးတွေကို အမေရိကန်၊ ယူကေနဲ့ သြစတေးလျနိုင်ငံက တက္ကသိုလ်တွေကို ပို့ကြပါတယ်။ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေကတော့ မလေးရှားတက္ကသိုလ်တွေမှာပဲ ပညာသင်ကြပါတယ်။ ထူးချွန်တဲ့ ကျောင်းသားတွေ အစိုးရတက္ကသိုလ်ကို မကြိုက်ရင် သို့မဟုတ် ၀င်ခွင့်မရရင်  ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ပညာသင်ဆု အလွယ် တကူ ရနိုင်ပါတယ်။

မလေးရှားနိုင်ငံမှာ စီးပွားရေးအခြေအနေကောင်းတော့ သူတို့နိုင်ငံသားတွေရဲ့ ပညာရေးအတွက် အရင်းအနှီးပြု ထောက်ပံ့ပေးနိုင်ကြတာ အားကျစရာကောင်း ပါတယ်။ အစိုးရကပေးတဲ့ ပညာသင် ထောက်ပံ့ကြေး မရတဲ့ ကျောင်းသားတွေအတွက် ပုဂ္ဂလိကဖွဲ့အစည်းနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ပညာသင်ထောက်ပံ့ကြေးတွေ ပေးပါတယ်။ အောင်မြင်နေတဲ့ ပုဂ္ဂလိကပိုင် တက္ကသိုလ်တွေက နှစ်စဉ်ပညာသင်ဆုတွေကို အကန့်အသတ်နဲ့ ပေးပါတယ်။ မလေးရှားမှာ အောင်မြင်နေတဲ့ ကုမ္ပဏီကြီး တွေကလည်း ပညာသင်ဆုတွေ ပေးကြပါတယ်။ အချို့ပညာ သင်ဆုတွေကတော့ ကျောင်းပြီးရင် ထောက်ပံ့ပေးတဲ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စာချုပ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပညာသင်ဆုတွေ လူတိုင်းနီးပါးအတွက် အဆင်သင့်ရှိနေတာကို ကျွန်မသဘောကျပါတယ်။

ပညာသင်ဆု ရလောက်တဲ့ထိ မထူးချွန်တဲ့ ကျောင်းသားတွေအတွက် ပညာသင်စရိတ် ချေးငွေ (study loan) ထုတ်ပေးတဲ့ အဖွဲ့အစည်းလည်း ရှိပါတယ်။ ကျောင်းပြီးလို့ အလုပ်ရတဲ့အခါ ချေးထားတဲ့ငွေကို လစဉ်အရစ်ကျနဲ့ ပြန်ဆပ်ရပါတယ်။ သူ့တိုင်းပြည်မှာ သူ့လူငယ်တွေ ပညာတတ်ပြီး၊ လူတန်းစေ့နေရအောင် အစိုးရနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို ၀န်းရံထောက်ပံ့ကြတာ အားကျစရာပါ။ မြန်မာပြည်မှာ ဒီလို အခြေအနေ ဖြစ်လာအောင် ဘယ်လာက်ကြာကြာ စောင့်ရအုံးမလဲ။ အဲဒီလို ဖြစ်လာဖို့ မျှော်လင့်ချက်ရော ရှိပါရဲ့လား။ ကျွန်မတို့ မျိုးဆက်မှာ မရခဲ့တဲ့ အခွင့်အရေးတွေကို နောင်မျိုးဆက်သစ်တွေ ရစေချင်ပါတယ်။ မျိုးဆက်သစ်တွေရဲ့မျက်နှာတွေ ပညာအရောင်နဲ့ တောက်ပလန်း ဆန်းပြီး၊ တိုင်းပြည်အနာဂတ်ကို ကောင်းစွာ ဖန်းတီးနိုင်သူတွေ ဖြစ်စေချင်ပါတယ်။

ပညာသင်တယ်ဆိုတာ အမှန်တရားကို ရှာဖွေခြင်းဖြစ်မယ်ဆိုရင် ပညာတတ် တယောက်ဟာ အမှန်နဲ့ အမှားကိုကောင်းစွာ ခွဲခြားသိမြင်နိုင်သူ ဖြစ်ရမယ်။ ပညာဖြင့်အသက်မွေးသူဟာ ဖြောင့်မတ်မှန်ကန်ရမယ်၊ အမှန်တရားကို ချစ်မြတ်နိုးလျှက်၊ အမှန်ဘက်ရပ်တည်ရဲတဲ့ သတ္တိမျိုး ရှိရပါမယ်။ ဖြောင့်မတ်မှန်ကန်စွာ အသက်မွေးရပ်တည်နိုင်ဖို့  အခြေအနေပေးမှလဲ ဖြစ်နိုင်ပါတယ်။ မြန်မာပြည် ၀န်ထမ်းလောကနဲ့ ပညာ တတ်လောကပျက်စီးရတာ လစာမလောက်ခြင်းက အဓိကတရားခံပါ။ မလေးရှားမှာတော့ ဘွဲ့ရတယောက်ရဲ့ အနိမ့်ဆုံးလစာက ရင်းဂစ် ၂၀၀၀၊ မြန်မာငွေ ငါးသိန်းနဲ့ ခြောက်သိန်း ကြားမှာ ရှိပါတယ်။ နှစ်စဉ်လစာ တိုးနှုန်းတွေ၊ ရာထူးတက်လို့ တိုးလာတဲ့ လစာတွေ ပေါင်းလိုက်ရင် ကျောင်းဆရာမ သို့မဟုတ် သူနာပြုတယောက် ပင်စင်ယူချိန်မှာ အနိမ့်ဆုံးလစာက ရင်းဂစ် ငါးထောင် (ဆယ့်ငါးသိန်း) အောက် မလျော့ပါ ဘူး။ လုံလောက်တဲ့လစာ ရတဲ့အပြင် ၀န်ထမ်းအခွင့်အရေးတွေ အပြည့်အ၀ရကြတော့ အကျင့်ပျက်တာတွေ အနည်းအကျဉ်းရှိပေမဲ့ အခြေအနေ ကောင်းနေပါသေးတယ်။ အစိုးရပင်စင်စား တစ်ယောက်ရဲ့ လစာငွေနဲ့ ကျန်းမာရေးထောက်ပံ့စရိတ်ဟာ လူတစ်ယောက် အိုစာ မင်းစာအတွက် ကောင်းကောင်း လုံလောက်ပါတယ်။

မြန်မာပြည်က လုပ်ငန်းရှင်တွေ မသိချင်ယောင်ဆောင်နေတဲ့ ပုဂ္ဂလိက ၀န်ထမ်းတွေရဲ့ အခွင့်အရေး ကိုလည်း တင်ပြချင်ပါသေးတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ စက်ရုံတွေမှာ အလုပ်လုပ်တဲ့ အောက်ခြေ ၀န်ထမ်းအပါအ၀င် ပညာတတ်ဝန်ထမ်း တယောက်ရဲ့ အလုပ်ချိန်က တနေ့ (၈)နာရီထက် မကျော်ရပါဘူး။  အောက်ခြေ ၀န်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာကို ရင်းဂစ် ၉၀၀ (မြန်မာငွေ နှစ်သိန်းခွဲကျော်) သတ်မှတ်ထား ပါတယ်။ အလုပ်ချိန် (၈) နာရီထက်ပိုရင် အချိန်ပိုကြေးပေးရပါတယ်။  ၀န်ထမ်းတိုင်း တပတ်ကို ပိတ်ရက် (၁) ရကြပြီး၊ အစိုးရတရားဝင် သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်မှန်သမျှ ပိတ်ရက်ပေးရ ပါတယ်။ အမျိုးသားနေ့လို နှစ်သစ်ကူးလို ပိတ်ရက်မျိုးမှာ အလုပ်ဆင်းရတဲ့ ဆေးရုံဝန်ထမ်း ပို့ဆောင်ရေးနဲ့ လုံခြုံရေးဝန်ထမ်းတွကို လုပ်ခသုံးဆ ပေးရပါတယ်။ အရာရှိအဆင့်ရှိတဲ့ ပုဂ္ဂလိက ၀န်ထမ်းတွေ ပိတ်ရက်အလုပ်ဆင်းရရင် အချန်ပိုကြေးအစား၊ ပိတ်ရက်ပြန်ပေး ပါတယ်။ အဲဒီလို ပိတ်ရက်တွေအပြင် ၀န်ထမ်းမှန်သမျှု လုပ်သက်နဲ့ ရာထူးအဆင့်ကို လိုက်ပြီး နှစ်စဉ် အားလပ်ခွင့်ကို အနည်းဆုံး (၉)ရက် ခံစားခွင့်ရှိပါတယ်။

နိုင်ငံခြားသားဆိုရင် လစာနဲ့ အခွင့်အရေးတွေ လျှော့ပေးခံရတဲ့ ကျွန်မတို့တွေ မြန်မာပြည်မှာ မရတဲ့ အခွင့်အရေး တွေရပါတယ်။ စရင်ဘန်းမှာတုန်းက တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ရပြီး၊ နှစ်စဉ် အားလပ်ခွင့် (၁၃)ရက် ရပါတယ်။ နှစ်သစ်ကူးလို ပိတ်ရက်တွေမှာ ငွေပိုရလို့ ကျေကျေနပ် နပ်ကြီး အလုပ်ဆင်းခဲ့ ပါတယ်။ UCSI တက္ကသိုလ်တုန်းက စနေ၊တနင်္ဂနွေပိတ်ရက်အပြင် အခြားရုံးပိတ်ရက် မှန်သမျှ ပိတ်ရက်ရပါတယ်။ မလေးရှားက မြန်မာပြည်လိုပဲ ပိတ်ရက်တွေ သိပ်များတော့ တနှစ်ကို ပိတ်ရက် အနည်းဆုံး (၁၅)ရက် ရှိပါတယ်။ ဒီပိတ်ရက်တွေအပြင် အားလပ်ခွင့် (၉)ရက်၊ လုပ်သက်ခွင့် (၁၆) နှစ်စဉ် ရပါတယ်။ ၀န်ထမ်းတွေရဲ့ စဉ်ဆက်မပြတ် ပညာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာ ညီလာခံတွေ တက်နိုင်ဖို့အတွက် ကုန်ကျစရိတ်ကိုလည်း နှစ်စဉ် အကန့်အသတ်နဲ့ ပေးပါတယ်။

မလေးရှာမှာ တက္ကသိုလ်ဘွဲ့ရ တယောက်လုပ်ငန်းခွင်ဝင်ရင် အနိမ့်ဆုံး junior executive အဆင့် ရပါတယ်။ ဘွဲ့ရလူငယ်တွေ အငယ်တန်း မန်နေဂျာ အဆင့်လောက်မှာ လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိအောင် ပြင်ဆင်ပေးတဲ့ ပညာရေးစနစ် ရှိနေပါတယ်။ သင်ထားတဲ့ ပညာရပ်ကို လက်တွေ့အသုံးချနိုင်ဖို့ လိုအပ်တဲ့ အသုံးအဆောင်နဲ့ ပစ္စည်းကိရိယာ အဆင့်သင့်ရှိနေတယ်။ လုပ်ငန်းခွင်မှာလည်း ၀န်ထမ်းတွေရဲ့ ဘ၀ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းရှင် အကြီးအကဲတွေက စီမံဆောင်ရွက်ပေး ပါတယ်။ အခြေခံ အဆောက်အဦးနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးထောက်ပံ့ ပေးနိုင်တဲ့ မလေးရှားနိုင်ငံမှာ လူငယ်တွေ ကြိုးစားရင် ကြိုးစားသလောက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။ သို့သော်လည်း အချို့သော မလေးပညာတတ် လူငယ်တွေ အခွင့်အရေးကို လွယ်လွယ်ရတော့ အေးရာအေးကြောင်းနေပြီး၊ ကြိုးစားအားထုတ်မှု လျော့နည်းနေတာ ဘ၀င်မကျစရာပါ။ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ ရပ်ဝန်းမှာ ကြောင့်ကြမဲ့နေရတာ အကျင့်ပါလာရင် အချိန်နဲ့ငွေကို တန်ဖိုးထားဖို့ မေ့လျော့တတ်တဲ့ လူ့သဘာဝကိုလည်း ကျွန်မ လေ့လာမိခဲ့ပါတယ်။

မြန်မာပြည်မှာ ဆယ်တန်းအောင်တဲ့သူ အများစု အဝေးသင်တက္ကသိုလ်ပဲ တက်နိုင်ကြတော့ ဘွဲ့ရတယောက် ရှိသင့်တဲ့ အရည်အချင်းတွေမရ၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေလည်း မရှိတော့ လူငယ်တွေရဲ့ အနာဂတ်က ရင်မောစရာ။ အဝေးသင် ကျောင်းသားတွေထက်စာရင် အနီးကပ် အတန်းတက်တဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာပိုရတယ်ဆိုပေမဲ့ စာမေးပွဲမှာ အမှတ်ကောင်းဖို့ ကျူရှင်တက်ရတဲ့ ပညာရေးစနစ်ကို ကျွန်မ တော်တော်လေး ဘ၀င်မကျပါဘူး။ ကျူရှင်အားကိုးပြီး ကျောင်းပြီးလာတဲ့ ဘွဲ့ရတစ်ယောက် မိမိရဲ့ ကိုယ်ပိုင်အရည်အချင်းကို အပြည့်အ၀ ယုံကြည်မှု ရှိနိုင်ပါ့မလား။ တက္ကသိုလ် ဆရာဆရာမများနဲ့ တာဝန်ရှိသူများ နိုင်ငံတကာ ပညာရေးစနစ်ကို မျက်စိကျယ်ကျယ် ဖွင့်ကြည်စေချင်ပါတယ်။ ဆိုတော့က တက္ကသိုလ် ဆရာဆရာမတွေ ကျူရှင်သင်ပြီး၊  အပိုဝင်ငွေ ရှာစရာမလိုအောင် လစာကောင်းကောင်း ပေးနိုင်ဖို့လည်း လိုပါတယ်။ မလေးရှားမှာ တက္ကသိုလ်နည်းပြ တယောက်ရဲ့ အနိမ့်ဆုံးလစာက ရင်းဂစ် ၃၅၀၀ (ဆယ်သိန်းဝန်းကျင်)၊ ကထိကလစာ အနိမ့်ဆုံး ရင်းဂစ် ၅၀၀၀ (ဆယ့်ငါးသိန်းနီးပါး)၊ ပါမောက္ခလစာ ရင်းဂစ် ၁၀၀၀၀ကျော် (နှစ်ဆယ့်ငါးသိန်းအထက်) ရှိပါတယ်။

မလေးရှားနိုင်ငံမှာ ပညာရေး ကျန်းမာရေးအတွက် ငွေလုံလောက်အောင် သုံးနိုင်ဖို့ ၀င်ငွေခွန်၊ အမြတ်ခွန်တွေ ရတယ်။ စစ်တပ်အသုံးစရိတ် အလွန်နည်းပြီး၊ သူ့တိုင်းပြည်မှာ ပြည်တွင်းစစ် မရှိတဲ့အတွက် ထိခိုက်ဆုံးရှုံးမှုတွေ မရှိသလောက် နည်းပါတယ်။ မလေးရှားနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကလည်း တော်တော်ကောင်းပါတယ်။ နိုင်ငံသားတိုင်း ပညာသင်ခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရခွင့်စတဲ့ အခြေခံနိုင်ငံသား အခွင့်အရေးတွေကို ရကြပါတယ်။ လက်ရှိမလေးရှားနိုင်ငံရဲ့
ပျမ်းမျှလူ့သက်တမ်းဟာ ၇၄ နှစ်ဖြစ်ပါတယ်။ အရင်က မြန်မာပြည်ကို မှီအောင် တော်တော်ကြိုးစား ယူရအုံးမယ်ဆိုတဲ့ တိုင်းပြည်ကို ကျွန်မတို့ မှီအောင်ပြန်လိုက် နိုင်ပါတော့မလား။

တိုင်းပြည်အပေါ် စေတနာမှန်သော ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေ နေရာမှန်ကို မရသရွေ့ မြန်မာလူငယ်တွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်က မရေမရာဖြစ်နေအုံးမှာပါ။ ဘာမှ မရေရာတဲ့ လမ်းပေါ်မှာ စမ်းတ၀ါးဝါး လျှောက်လှမ်းရတဲ့ ဘ၀လမ်းက ခါးသီးလွန်းတယ်ဆိုတာ ကိုယ်တွေ့ ကြုံနေရလို့ နောင်မျိုးဆက်သစ်တွေကို ကျွန်မတို့ မျိုးဆက်လို မဖြစ်စေချင်တာ ရင်ထဲက စေတနာပါ။ ပစ္စုပ္ပာန်ကို အဆင်ပြေသလို ရင်ဆိုင်ရင်း၊ အနာဂတ်မှာ ဘာလုပ်မလဲဆိုတာ မရေရာတဲ့ ဘ၀အခြေအနေမျိုးကို စိတ်ကုန်စွာ ဖက်တွယ်ထားရတဲ့ အဖြစ်။ အဆင်ပြေ လားမေးရင် ဒီလိုပါပဲ၊ ဘာဆက်လုပ်မှာလဲမေးရင် အခြေအနေ အရပဲ ဆိုတဲ့ အဖြေမျိုးတွေကို နောင်လူငယ်လေးတွေ မဖြေကြရပါစေနဲ့ လို့သာ ဆန္ဒပြု ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
စံပယ်ဖြူ
၁၃၊၀၉၊၂၀၁၄။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts