ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဟောဒီက … ပဲပြုတ်


ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဟောဒီက … ပဲပြုတ်
စက်တင်ဘာ ၁၆၊ ၂၀၁၄
 

ပရဟိတဟူသည် အသင်းအဖွဲ့များ၊ အုပ်စုများနှင့် စုပေါင်း၍ အများအကျိုးအတွက် ထမ်းရွက်ပေးပါ မှ ပရဟိတ မဆိုအပ်ပေ။ တစ်ဦးချင်း တစ်ယောက်ချင်း ဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု၍ လူသားချင်း စာနာကာ ကိုယ်ချင်းစာနာ၍ မွေးဖွားကြသောသူများမှသာ ပရဟိတသမား ဟုခေါ်ဆိုအပ်ပေသည်။

ဥပမာအားဖြင့် ကျောင်းသားလူငယ်ကလေးများသည် မိမိနှင့် ကျောင်းနေဘက် သူငယ်ချင်းများ အား စာနာစိတ်ဖြင့် စာအုပ်၊ ခဲတံ မှအစ ထိုင်ခုံနေရာ အခက်အခဲဖြစ်လာပါက မိမိထိုင်ခုံနေရာအား အနည်း ငယ် နေရာရွှေ့ပေးခြင်း၊ ငှားရမ်းခြင်း၊ ကူညီပေးခြင်းလည်း ပရဟိတ ကျောင်းသားလူငယ်များ ဖြစ်ပေလိမ့် မည်။ ဆောက်လုပ်ရေး အင်ဂျင်နီယာများအနေဖြင့် မိမိဆောက်လုပ်ရသော နေအိမ်တိုက်တာ အဆောက် အဦးများအား စေတနာပါပါဖြင့် ခိုင်ခံမှုရှိအောင် ဆောက်လုပ်ရေးခွင်သုံး ပစ္စည်းများအား အခိုမကပ်သော စိတ်စေတနာဖြင့် ဆောက်လုပ်ပေးပါက ပရဟိတ အင်ဂျင်နီယာများပင် ဖြစ်ပေလိမ့်မည်။ ဆရာဝန်များ အနေဖြင့်လည်း မိမိကုသပေးရသော ကျန်းမာရေးချို့ယွင်းနေသော လူနာများအား ကျန်းမာရေးကောင်း မွန်လာရန် အကြင်နာ၊ ဂရုဏာ၊ ကိုယ်ချင်းစာစိတ်များဖြင့် ဆေးဝါးအကုန်အကျ သက်သာစွာ ကုသပေး ပါကလည်း ပရဟိတဆရာဝန်များ ဖြစ်ပေသည်။ လက်နက်ကိုင်ဆောင်ထားကြသော တပ်မတော်သားများ အနေဖြင့်လည်း ပြည်သူလူထုတို့အပေါ် ကျရောက်လာမည့်အန္တရာယ်များ၊ ပြည်ပထိုးစစ်ရန်များအား ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ် ပြည်သူလူထုသို့ ငြိမ်းချမ်းသာယာစွာ၊ စိတ်အေးချမ်းသာစွာ လုပ်ကိုင် စားသောက် နေထိုင်နိုင်ရန်အတွက် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုပါက ဗြဟ္မစိုရ်စစ်တပ် (သို့) တပ်မတော်သားများ ဖြစ်ပေလိမ့်မည်။ ထိုနည်းတူစွာ ဝမ်းစားအတွက် ရှာဖွေရောင်းချပေး နေကြသော သမာအာဇီဝ ဈေးသည်များအနေဖြင့် မိမိရောင်းချသော စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူအားပေး ကြသော ပြည်သူလူထုတို့အတွက် ကျန်းမာရေးနှင့် ကိုက်ညီ၍ ဘေးအန္တရာယ်မရှိစေရန် သန့်ရှင်းလတ် ဆတ်ပြီး အာဟာရဖြစ်စေပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည်ဆိုပါက ပရဟိတဈေးသည် ဟု ခေါ်ဆိုနိုင်သည်။

အသက် (၅၈) နှစ်ရှိသူ ဒေါ်မြဝေ သည် အိမ်ထောင်ကျပြီးသည့်နောက် မိသားစုဝမ်းရေးအတွက် ရပ်ကွက်အတွင်း လမ်းများသို့  နေပူ၊ မိုးရွာမရှောင် လှည့်လည်၍ သမာအာဇီဝ ပဲပြုတ်ရောင်းချ နေသူဖြစ် သည်။ သားသမီး (၅) ယောက်၊ မြေး (၁) ဦးရရှိသည်အထိ မိသားစုဝမ်းရေးအတွက် တဖက်တလမ်းမှ ရှာဖွေနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ် (၂ဝ) ခန့်က နေပူ၊ မိုးရွာမရှောင် လမ်းမပေါ်တွင် လျှောက်လှမ်း၍ ပဲပြုတ်များရောင်းချခဲ့ရင်း လွန်ခဲ့သော သုံးလခန့်တွင် ဒေါ်မြဝေ ၏ မျက်စိအမြင်အာရုံ သည် ဝေဝါးလာခဲ့သည်။ ယင်းနောက် ဝယ်ယူအားပေးသူများတို့အား ပဲပြုတ်ထုပ်များအား မှားယွင်းပေး ခြင်း၊ ပြန်အမ်းငွေများအား မှားယွင်းခြင်း၊ လှမ်းခေါ်သည့် နေအိမ်များသို့ မှားယွင်း၍ သွားရောက်မိခြင်း တို့အပြင် အဆိုးဆုံးသည်က ကားလမ်းမများဆီသို့ ဖြတ်သန်းချိန်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်က္ကား၊ မော်တော်ကားများ သဲကွဲစွာမမြင်တွေ့ရသည့်အချိန် ရံဖန်ရံခါ၌ ထိခိုက်ပွန်းပဲ့မှုများကိုလည်း ကြုံတွေ့ခဲ့ရ သည်။ ထိုအခါ သူမ၏ မိတ်ဆွေ ဈေးရောင်းဖော်များတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ် ဆေးခန်းသို့ သွားရောက်ရန် တိုက်တွန်းခဲ့သော်လည်း မိမိဝမ်းရေးအတွက် နေ့/ညမအား ရှာနေရသည့် အ တွက် မလာရောက်နိုင်ခဲ့ချေ။ တစ်ချိန်တွင် သူမ၏ ဆွေမျိုးများမှ အစိုးရမျက်စိဆေးရုံကြီးသို့ မျက်စိဝေဒနာ ရှင်တစ်ဦးအား သွားရောက်ပြသခဲ့ရာ ဒေါ်မြဝေသည် အဖော်အဖြစ် လိုက်ပါသွားခဲ့ပြီး ကြုံကြိုက်၍ သူမ၏ မျက်စိအား ပြသခဲ့သည်။ မျက်စိအထူးကု ဆရာဝန်ကြီးမှ မျက်စိခွဲစိတ်ရမည်ဟု ပြောကြားသောအခါ ခွဲစိပ် စရိတ် အကုန်အကျ မခံနိုင်သောကြောင့် ဒေါ်မြဝေတစ်ယောက် လက်မှိုင်ချ၍ နေအိမ်သို့ ပြန်လာခဲ့သည်။ အမြင်အာရုံချို့တဲ့စွာဖြင့် ပဲပြုတ်ရောင်းချခြင်းအား ဆက်လက်ရောင်းချနေမှုကို အိမ်နားနီးချင်းများက နာ ရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မျက်စိခွဲစိတ်ပေးမှုအား ကုသိုလ်ဖြစ် အခမဲ့ လုပ်ပေးနေကြောင်း သတင်းပါးသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အရဲစွန့်၍ ရောက်ရှိလာခဲ့ သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးကုသလိုသော လူနာများသည် တယ်လီဖုန်းဖြင့် တစ်ရက်ကြို တင်၍ တိုကင်ယူရသည့်အတွက် နောက်တစ်နေ့တွင် တယ်လီဖုန်းဖြင့် မျက်စိအား ပြသလိုကြောင်း ဆက် သွယ်၍ တိုကင်ယူဆောင်ခဲ့ပြီး ဒေါ်မြဝေ ၏ မျက်စိဝေဒနာအား ကုသိုလ်ဖြစ်ဆရာဝန် ဒေါက်တာ ဦးမိုးလွင် မှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ခွဲစိပ်ကုသမှုများ ပြုလုပ်ခဲ့သည်။ ယခုဆိုလျှင် ဒေါ်မြဝေ၏ အမြင် အာရုံသည် သာမန်လူများကဲ့သို့ ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရပြီဖြစ်သည်။

သုံးလကျော် အမြင်အာရုံချို့တဲ့ခဲ့သော ဒေါ်မြဝေ သည် အမြင်အာရုံအလင်းတန်းများ ထွက်ပေါ် လာသည်နှင့်အညီ ခွဲစိတ်ပေးသော မျက်စိဆရာဝန် ဒေါက်တာဦးမိုးလွင်နှင့် ကုသိုလ်ဖြစ် ကုသပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကူညီဖေးမပေးခဲ့သော ဝန်ထမ်းများ၊ နွေး ထွေးစွာ ဖေးမကူညီပေးခဲ့သော လုပ်အားပေးမောင်မယ်များ ခွဲစိတ်ကုသပေးခဲ့သော ကုသိုလ်ဒါနကို အ ကောင်အထည်ဖော်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အားလုံးတို့၏ ကျေးဇူးတရားအား အသိအမှတ်ပြုသည့်အနေဖြင့် ဒေါ်မြဝေ ၏ အိမ်ဘေးတွင် နေထိုင်သော တူ/တူမများ ၏ ဘိုးဘွားလက်ထပ်မှ လက်ငုတ်လက်ရင်းဖြစ်သော ကနုကမာဖြင့် ဖန်တီးသရုပ်ဖော်ထားသော ပဉ္စဝဂ္ဂီ ငါးပါး၏ ကားချပ်ဖြင့် အမှတ်တရကျေးဇူးပြုသည့်အနေဖြင့် လက်ဆောင်ပေးရန် ဒေါ်မြဝေ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် တူ/ တူမများ၏ လက်မှုပညာရပ်ဖြင့် ဒေါ်မြဝေ ၏ စိတ်ကူးထဲတွင် ပေါ်ပေါက်လာသော ဗုဒ္ဓ မြတ်စွာဘုရား ပဉ္စဝဂ္ဂီငါးပါးတို့အား တရားထူးတရားမြတ် ဓမ္မစင်္ကြာတရားဟောကြားနေသည့် ကနုကမာ ပန်းချီးကားနှစ်ချပ်သည် ဒေါက်တာ ဦးမိုးလွင်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သီးတင်ကျွတ်လဆန်း မတိုင်ခင် မင်္ဂလာရှိစွာဖြင့် ရောက်ရှိခဲ့တော့သည်။

ထို့ကြောင့် သမာအာဇီဝဖြင့် ရိုးသားစွာ စားဝတ်နေရေးအတွက် ပဲပြုတ်ရောင်းချနေသော မျက်စိ ဝေဒနာရှင် ဒေါ်မြဝေ တစ်ယောက် ယခုဆိုရင် ဗုဒ္ဓမြတ်စွာဘုရား၏ အရိပ်အာဝါသအောက်၌ အမြင်အာရုံ ပြန်လည်ကြည်လင် တောက်ပစွာဖြင့် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကာ “ဟောဒီက … ပဲပြုတ်” ဟူ၍ ဟစ်ကြွေးနိုင်တော့မည်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts