သတင်းပဒေသာ

လင်းသစ် – လက်ပံတောင်းအရေးဆောင်ရွက်နေသော ကျောင်းသူတဦး ဖမ်းဆီးခံရ

လင်းသစ် – လက်ပံတောင်းအရေးဆောင်ရွက်နေသော ကျောင်းသူတဦး ဖမ်းဆီးခံရ

Yangon Globe News Group, ရန်ကုန်၊ စက်တင်ဘာ ၁၅

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး တက်ကြွလှုပ်ရှားသူ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို သောကြာနေ့ နေ့လယ်ပိုင်းက မန္တလေး ပုသိမ်ကြီးမြို့နယ် နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဝမ်ပေါင် ကုမ္ပဏီဝန်ထမ်း တရုတ်လူမျိုး သုံးဦးကို ပြန်ပေးဆွဲသည်ဟု ၎င်းအပါအဝင် ၇ ဦးကို စွဲချက်တင်ခဲ့ပြီး ရုံးချိန်း မတက်ရောက်သည့်အတွက် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ယူဆကြောင်း အထက်ဗမာပြည် ဗကသ ကျောင်းသားဟောင်း ကိုအောင်မှိုင်းဆန်း ကပြောသည်။

‘ မုံရွာထောင်မှာ ထားတယ်လို့ သိရတယ်။ ပုဒ်မ ၃၆၈ နဲ့ ဖမ်းတယ်လို့ ဖမ်းတဲ့အချိန်မှာ လာဖမ်းတဲ့ရဲက ပြောပါတယ်’ ဟု ၎င်းက ဆိုသည်။

လက်ပံတောင်းတောင်ပြည်သူ့ အကျိုးစီးပွား ဖော်ဆောင်ရေးကော်မတီ၏ ယခုလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသော ကြေညာချက်တွင် မဖြူနှင်းထွေးသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဆုံးရူံးနစ်နာမှု အမျိုးမျိုး ကြုံတွေနေရသော ဒေသခံပြည်သူများဘက်မှ မားမားမတ်မတ် ရပ်တည်၍ တရားမျှတရေးတိုက်ပွဲဆင်နွှဲခဲ့သူဖြစ်၍ ယခုကဲ့သို့ ဖမ်းဆီးခံရသော်လည်း ဂုဏ်ယူပါကြောင်း ဖော်ပြထားသည်။

မုံရွာမြို့ တဘက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံအများအပြားက ၎င်းတို့၏ နေအိမ်၊ လယ်ယာများမှ ဖယ်ရှားပေးခဲ့ရသည်။

အထက်မြန်မာပြည်တစ်ဝှမ်း တွင် ယခင်အစိုးရဟောင်း လက်ထက် သိမ်းဆည်းထားသော မြေယာများ ပြန်လည်ရရှိရေး တောင်းဆိုမှုများကြောင့် တရားစွဲဆိုခံထားရသူ ၅၀၀ကျော်ရှိပြီး အများစုမှာ ဓါးမဦးချ လုပ်ကိုင် သူ တောင်သူလယ်သမားများဖြစ်သည်ဟု သိမ်းဆည်းခံလယ်ယာမြေအရေး လိုက်ပါ ဆောင်ရွက်နေသူ ၈၈ ကျောင်းသားဟောင်း ကိုမင်းထက်ငြိမ်းချမ်းက ဆိုသည်။

##

သောကြာနေ့က အထိန်းသိမ်းခံလိုက်ရသည့် မဖြူနှင်းထွေး

(The Yangon Globe ရဲ့ သတင်းများ ပုံမှန် ဖတ်ရှုနိုင်ဖို့ https://www.facebook.com/TheYangonGlobe ကို Like လုပ်ထားပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts