မောင်ရင်ငတေ ရေခြားမြေခြား မြန်မာများ

မောင်ရင်ငတေ – အတွေးစတစ ထိုင်ခုံတခုံ

မောင်ရင်ငတေ – အတွေးစတစ ထိုင်ခုံတခုံ
စက်တင်ဘာ ၁၁၊ ၂၀၁၄

ထိုင်ခုံတလုံးနဲ့ အတွေးများ (ဓါတ်ပုံ မရငတ)

ထိုင်ခုံဆိုလို့ သိပ်ကြီးကြီးမားမား မတွေးလိုက်ပါနဲ့။ ဟိုးအရင် အနှစ် အစိတ်ကျော် သုံးဆယ်ဝန်းကျင်က မြန်မာနည်း မြန်မာ့ဟန် စနစ်တခုနဲ့
ကိုးလက်မ ပိုမြင့်ပြီး ပိုကြီးတဲ့ ထိုင်ခုံတခုံရဲ့ သောင်းပြောင်းထွေလာ အကြောင်းလည်း မဟုတ်ပါဘူး။ မနေ့တနေ့က မောင်ရင်ငတေဆီကို ရောက်လာတဲ့ ထိုင်ခုံလေးတလုံးရဲ့ အကြောင်းလေးပါ။ ဘာမှတော့ သိပ်မထူးဆန်းလှတဲ့ ခွေးခြေလို့ခေါ်နိုင်မယ့် ထိုင်ခုံလေးတလုံးပါ။ ဒီ ထိုင်ခုံလေးကြည့်ပြီး အတွေးတွေကတော့ ဆပွားတွေးမိရပါတယ်။

ထိုင်ခုံပိုင်ရှင်ကတော့ လူလောကမှာ မရှိတော့ဘူး ထင်ပါတယ်။ ပြင်သစ်အဖိုးအဖွားတယောက်ယောက်ရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းလေးပါ။ ဘယ်နိုင်ငံထွက်တဲ့ ဘယ်သစ်သားနဲ့ ပြုလုပ်ထားတာလည်းတော့ သေချာမသိပါဘူး။ မိတ်အင်ဘားမား ကျွန်းသားတော့ ဖြစ်ဟန်မတူပါဘူး။ ဥရောပထွက် သစ်သားတမျိုးမျိုးနဲ့ ပြုလုပ်ထားဟန်တူပါတယ်။ သက်တမ်းအတော်ကြာပြီလို့ထင်ရတဲ့ အဲဒီထိုင်ခုံပုလေးဟာ သစ်သား ကောင်းကောင်းနဲ့ အတော်လေးသပ်သပ်ရပ်ရပ်လုပ်ထားတာ ဖြစ်ပါတယ်။ ခိုင်ခိုင်ခံ့ခံ့လည်း ရှိပါတယ်။ အဲဒီထိုင်ခုံပုသေးသေးလေးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်ကသာ ….. (သို့တည်းမဟုတ် ရွှေပြည်တော်က တနေရာရာမှာသာ) တွေ့မြင်လိုက်ရရင်တော့ ဘာမှ စာတစောင် ပေတဖွဲ့ ဖွဲ့စရာ ရှိမှာမဟုတ်ပါဘူး။  ဒါပေမယ့်လို့ပေါ့ …..  ဒီကနေ့ မောင်ရင်ငတေရောက်ရှိနေတဲ့နေရာဒေသမှာက အဲဒီလိုမျိုး ရှေးကျကျပုံစံ ပရိဘောဂပစ္စည်းတခုဟာ ကာလပေါက်ဈေး သိန်းသန်းချီပြီး မတန်ခဲ့ရင်တောင်မှ ကြိုက်နှစ်သက်သောသူများ တွေ့ရှိသွား ရင်တော့ တော်ရုံတန်ရုံ ခေတ်ပေါ် ပလပ်စတစ်ဖိုင်ဘာပစ္စည်းတခုထက် ဈေးနှုန်းက လေးငါးဆယ်ဆ ဆယ့်ငါးဆ ဈေးတက်သွားနိုင်ပါတယ်။

 Marché de brocante (ဓါတ်ပုံ မရငတ)

အဲဒီလိုမျိုး ရှေးဟောင်းလက်ကျန် အိမ်အသုံးအဆောင်ပစ္စည်းတွေရဲ့ဈေးကွက်ကလည်း သီးသန့်ရှိပြီးသားပါ။ တန်ဖိုးကြီးတာရော တန်ဖိုး နည်းတာရော အစုံပါ။ ဥရောပရဲ့ မြို့တွေ ရွာတွေ တော်တော်များများမှာ တပါတ်တခါ သို့မဟုတ် တလတခါ ဆိုသလို လမ်းဘေး သို့မဟုတ် ကွက်လပ်တွေမှာ ဈေးခင်းရောင်းချတာတွေ ရှိပါတယ်။ အဲလို Marché de brocante ဈေးမျိုးတွေမှာ အဲဒီခုံမျိုးလို မလိုအပ်တော့တဲ့ အိမ်အသုံးအဆောင် ပစ္စည်းအဟောင်းအမြင်းတွေ တပတ်ရစ်တွေကို ဈေးချရောင်းတာပါ။

အဲဒီခုံမျိုးတွေနဲ့ ခပ်ဆင်ဆင်တူတာကို ပြင်သစ်ဘုရင်ကြီးတွေ နေသွားတယ်ဆိုတဲ့ ပြတိုက်တွေမှာ ဘုရင့်ဆွေမျိုးတသိုက်ရဲ့ လက်ကျန်ပစ္စည်း တွေနဲ့အတူ ပြသထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဘယ်မိဖုရားကြီးရဲ့ မီးဖိုချောင်ထဲကပစ္စည်းပါဆိုပြီး ပြသထားတာတွေကို တွေ့ခဲ့ရဖူး ပါတယ်။ ဒါကြောင့် အဲဒီလို သစ်သားထိုင်ခုံပုလေးမျိုးကို တွေ့လိုက်ရရင် ငေးမောကြည့်ရင်း မောင်ရင်ငတေစဉ်းစားမိရတာကတော့ အစုံ လင်ပါဘဲ။ အခုတော့ ကိုယ့်အိမ်ကိုမှ တည့်တည့်ရောက်လာတာလေ။

အဲဒီ ထိုင်ခုံမျိုးလေးတွေကို ရွှေပြည်တော်မှာ အတွေ့ရများခဲ့တာက တောကျေးလက်ဒေသများနဲ့ အိမ်နောက်ဖေးက ထမင်းဟင်းချက်ပြုတ်ရာ မီးဖိုချောင်များမှာ ဖြစ်ပါတယ်။ မောင်ရင်ငတေတို့လည်း နိစ္စဓူဝ ထိုင်ခဲ့ဖူးပါတယ်။ အဲဒါကြောင့်လည်း သတိယမိရတာပါ။ အဲဒီလိုခုံပု လေးမှာထိုင် ထင်းမီးဖို မီးသွေးဖို မီးမွှေးရင်း အသားငါးကိုင်ရင်း ထမင်းအိုးတည်ရင်း စကားပေါခဲ့ရတာတွေကိုလည်း အမှတ်ရစရာပါ။ ရွာက ကြီးတော်ကြီး ဒီိလိုခုံမှာထိုင် ငရုတ်သီးထောင်းနေတာလည်း ပြန်မြင်ယောင်မိပါတယ်။

မန္တလေးက မင်္ဂလာဈေး ခေါ်မလား ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဈေးနဲ့ မနီးမဝေး ဘုံဆိုင်တနေရာမှာ နောင်တော်ကြီးတွေ ကောင်းမှုနဲ့ ထိုင်ခဲ့ဖူးတာလည်း အမှတ်ရနေဆဲပါ။ ရန်ကုန်မြေနီကုန်းက အဖြူရောင် ဘုံဆိုင်တချို့မှာလည်း အဲဒီလို ထိုင်ခုံလေးတွေမှာထိုင်ရင်း ဝေဖန် လေကန် စကားကြီး စကားကျယ်တွေ ပြောခဲ့တာတွေကလည်း အမှတ်ရနေမိပါတယ်။ ပလက်ဖောင်းဆိုင်ကလေးများ ခေတ်စား လာခဲ့စဉ်မှာတော့ ဒီခုံပုလေးတွေထက် နည်းနည်းပိုမြင့်တဲ့ ခွေးခြေပုလေးများက ရှောင်လွဲလို့မရနိုင်တဲ့အရာများ ဖြစ်လာပါတယ်။

ဒါ့ပြင် ဒီလိုခွေးခြေပုကလေးများရဲ့ အသုံးတဲ့မှုက နယ်ပယ်ကျယ်ပြန့်လာပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းထဲမှာ အရေးပါအရာရောက် လာပါတော့တယ်။ မဟာရန်ကုန်ရွှေမြို့တော်ကြီးမှာ လိုင်းကားစီးဖူးသူတိုင်း အမှတ်ရကြမှာပါ။ ဒတ်ဆန်း ဟိုင်းလက်ဆိုတဲ့ သင်္ဘော သားကားတွေ ရန်ကုန်မြို့တော် လိုင်းကားလောကထဲရောက်လာခဲ့တဲ့အခါမှာတော့ အလယ်ခုံစီးနည်း အတွယ်အတာစီးနည်းတွေ ဆိုတာ ဟာ ကမ္ဘာပေါ်မှာ ရန်ကုန်သူ ရန်ကုန်သားတွေသာ နားလည်ကျွမ်းကျင်တဲ့ပညာရပ်တွေ ဖြစ်လာပါတော့တယ်။ အဲဒီလိုခုံပုလေးတွေကို အများအပြား တခြားသောနိုင်ငံများမှာတော့ အသုံးပြု မပြု မသိပါဘူး။ မောင်ရင်ငတေရောက်ခဲ့ဖူးတဲ့ ထိုင်း ကိုရီးယား မလေးရှားတို့လို နိုင် ငံမျိုးတွေ အခုနောက်ပိုင်း ဥရောပနိုင်ငံတွေရောက်တော့လည်း အများအပြား အသုံးပြုတာမျိုး မတွေ့ဖူးပါဘူး။ ရှိတော့ ရှိတယ် သုံးတော့ သုံးကြတယ် မောင်ရင်ငတေတို့ ရွှေပြည်လောက်တော့ မဟုတ်ပါဘူး ဆိုရပါမယ်။

ဒါပေမယ့်လည်း ဒါတွေဟာ လွမ်းမယ်ဆို လွမ်းစရာ တခုပါ။ တန်ဖိုးသိပ်မရှိတဲ့ပစ္စည်းတခုရဲ့ မူရင်းတန်ဖိုးဟာ လွမ်းစရာပါ။ အဲဒီ ထိုင်ခုံမျိုး လေးတွေလည်း အသုံးနည်းပါးလာနေပါပြီ။ မောင်ရင်ငတေ မမြင်ဖူးခဲ့တာလည်း အတော်ကြာပါပြီ။ အတူထိုင်ခဲ့ဖူးသူတွေလည်း တချို့ မရှိတော့ပါဘူး။ တချို့လည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေကြပြီလဲ မသိပါဘူး။ တချို့တွေလည်း ဒီထက်ကောင်းတဲ့ ခုံအသစ်တွေမှာ ထိုင်ရင်း ငယ်ဘဝတွေကို မေ့လို့နေကြပါပြီ။ တချို့တွေလည်း ခုတ်ထစ်ကျော်ဖြတ်ကြရင်း ခုံအသစ်တွေကို အာသာငမ်းငမ်း လှမ်းနေကြဆဲပါ။
မောင်ရင်ငတေကတော့ တနေ့ကရောက်လာတဲ့ ဒီထိုင်ခုံလေးမှာ ထိုင်ရင်းနဲ့ ….. ….. အတိတ်ကို အလည်အပတ်သွားလိုက်ပါအုံးမယ်။ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။

နွေယဉ်စွန်းတဲ့နေ့ ၀၉၊ ၀၉၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts