ဝိသေသ – လောကတွင် ညံ့ဖျင်းသူဟူ၍ မရှိ
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၄
စာရေးသူ၏ အစ်ကိုသည် အသက် ၄၆ နှစ်အရွယ် ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သွားပါသည်။ သူ၏ သမီး (အလတ်မ) လေးသည် တောင်ပေါ်ကျေးလက်ဒေသမှ နေ၍ ၁၀ တန်းစာမေးပွဲကို ဖြေဆိုရာ နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပါသည်။ ကွယ်လွန်သူ အစ်ကို၏ ကျေးဇူးကို အထူးသတိရသဖြင့် သူ၏သမီးလတ်ကို စာရေးသူရှိရာ ရန်ကုန်သို့ ခေါ်လိုက်ပါသည်။ မူလအစီအစဉ်အရ အတတ်ပညာတစ်ခုခုကို ပေါက်ပေါက်မြောက်မြောက် သင်ယူစေပြီး ဘ၀အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဆောင်ရွက်စေရန်ဖြစ်ပါသည်။ သို့သော် ဆယ်တန်းကို ဖြေဆိုအောင်မြင်လိုကြောင်းသာ တဂျီဂျီလုပ်နေသဖြင့် ပြန်ဖြေစေဖို့ သဘောတူလိုက်ပါသည်။
သူ၏ အခြေခံအရည်အချင်းကို သတိပြုနိုင်စေရန် ကျရှုံးခဲ့သောနှစ်က ၁၀ တန်းအမှတ်စာရင်းကို သွားရောက်ထုတ်ယူပေးခဲ့ပါသည်။ သူမသည် Eco တွဲ (၀ိပ္ပံ)ဖြင့် ဖြေဆိုခဲ့သူ ဖြစ်၏။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဓါတု၊ ရူပ၊ သချာင်္၊ စီးပွား ဘာသာများကို ဖြေခဲ့ရ၏။ ၀ိဇ္ဇာဘာသာ ၃ ခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ စီးပွား) တို့ကို အောင်၍ သိပ္ပံဘာသာ ၃ ခု (ဓါတု၊ ရူပ၊ သချာင်္) ကျရှုံးပါသည်။ မြန်မာစာနှင့် စီးပွားရေးဘာသာရပ်များမှာ အမှတ် ၇၀ နီးပါးရသဖြင့် ကျက်အားကောင်းသူ ဖြစ်မှန်း သိသာပါသည်။
ကျရှုံးသော သိပ္ပံဘာသာရပ်များတွင် ၁၈ မှတ် ၀န်းကျင် လောက်သာရသဖြင့် သိပ္ပံအခြေခံ အလွန်အားနည်းသူ ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ သူမကို မေးလိုက်လျှင်လည်း သိပ္ပံဘာသာရပ်များကို ဖြေနိုင်ကြောင်း၊ အောင်မှာ သေချာကြောင်းသာ ဖြေလေ့ရှိခဲ့သဖြင့် မိမိမှားယွင်းဖြေဆိုခဲ့မိတာကိုပင် အမှန်ထင်နေသူဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် စာရေးသူက ၀ိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုဖို့ အကြံပေးပါသည်။ သူမက လက်မခံချင်။ သိပ္ပံဘာသာရပ်များသည် အတန်းငယ်ငယ်ကပင် အခြေခံကျကျ စနစ်တကျ ကြိုးစားသင်ကြားဖို့ အလွန်လိုအပ်သည်။ သင်ပေးမည့် ဆရာကောင်းလိုအပ်သလို၊ ကျောင်းသားကလဲ အဆင့်ဆင့် ကြိုးစားဖို့ လိုအပ်ပါသည်။ သို့သော် တောင်ပေါ်ဒေသများ၌ ဆရာရှုားပါးမှု ပြဿနာ ရှိခဲ့သည့်အပြင် သိပ္ပံဘာသာရပ်ကို အခြေခံကျကျ သင်ပေးနိုင်သူလည်း ရှိဟန်မတူပေ။ (မအောင်မရှိ၊ ငါ့တပည့်) ဟူသော စနစ်ဆိုးကြီးကြောင့်လည်း အုတ်အရောရော ကျောက်ရောရော အောင်လာခဲ့ကြပုံ ရသည်။
တူမလေးက ၀ိဇ္ဇာတွဲ ယူရမှာကို အားငယ်စိုးရွံ့နေဟန်ရှိသည်။ မှားလေစွ။ နိုင်ငံတစ်ဝှမ်းလုံးတွင် မိဘဆရာအများစုနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးနီးပါးသည် ၀ိဇ္ဇာတွဲကို အထင်သေး အမြင်သေးဖြစ်ကြသည်။ အလွန့်အလွန် မှားယွင်းသော သဘောထား ဖြစ်သည်။ ၀ိဇ္ဇာတွဲဖြစ်စေ၊ သိပ္ပံတွဲဖြစ်စေ တကယ်ထူးချွန်၍ အသုံးချတတ်လျှင် အသုံးချခွင့်လဲ ကြုံလျှင် အသုံးဝင်သည်သာ ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု တို့သည်လည်းကောင်း၊ အမေရိကန်နိုင်ငံရှိ တိုင်းပြည်ခေါင်းဆောင်အများစုသည်လည်းကောင်း ၀ိဇ္ဇာတွဲ ယူခဲ့ကြသူများသာ ဖြစ်သည်။ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ‘သမိုင်းကို သင်ရတဲ့ ရည်ရွယ်ချက်က မ အ အောင်လို့’ ဟု ပြောခဲ့သည်။ သမိုင်းကို မသင်လိုကြခြင်း၊ မသိလိုကြခြင်းသည် တုံးတုံးအအ ဖြစ်လိုကြ၍လော ဟု မေးရမလို ရှိပါ၏။
စာရေးသူ၏ တူမလေးသည် နောက်ဆုံးတွင် ၀ိဇ္ဇာတွဲဖြင့် ဖြေဖို့ သဘောတူလိုက်ပါသည်။ အဖြေစုံ နှင့် မေးခွန်းဟောင်းများကို စုံလင်အောင် စာရေးသူက ၀ယ်ပေးပါသည်။
သူများကို ကူညီရန် ၀န်မလေးတတ်သော မစုစုက တူမလေးကို ခေါ်ထားပေးပြီး၊ အနီးကပ် သင်ပေးမည့် ဆရာမ တစ်ဦးကို စီစဉ်ပေးပါသည်။ တူမလေး လုံးဝ မသင်ကြားခဲ့ရဖူးသော ပထ၀ီနှင့် သမိုင်းကိုလည်း အထူးကြိုးစားကျက်မှတ်စေပါသည်။ အဓိက အချက်အလက်များကို မှတ်သားစေပါသည်။
စာရေးသူက တူမလေးသည် သိပ္ပံအခြေခံအားနည်းလှသဖြင့် မည်ရွေ့မည်မျှ တော်မွန်ထူးချွန်သောဆရာပင် ဖြစ်စေကာမူ အခြေခံများကို ပြန်လည်သင်ပေးဖို့ဆိုသည်မှာ မလွယ်ပေ။ အချိန်မပေးနိုင်သလို သီးသန့်တစ်ဦးတည်းကိုလည်း သင်မပေးနိုင်ပေ။ ပင်ပန်းသလောက် အရာမရောက်မှာကို စိုးရိမ်ရပါသည်။
ဤသို့ဖြင့် စာရေးသူ၏ တူမလေးသည် ၂၀၁၀ မတ်လ၌ ကျင်းပသော စာမေးပွဲကို အောင်မြင်သွားပါသည်။ ကျက်အား မှတ်အားကောင်းသူ အဖို့ ၀ိဇ္ဇာဘာသာတွဲ ယူလျှင် ကြိုးစားလျှင် အောင်မြင်သည်သာ ဖြစ်ကြောင်း သက်သေသာဓက ထူနိုင်ပါသည်။
သိပ္ပံမှ သိပ္ပံ ဖြစ်နေပြီး သိပ္ပံဖြင့် တ၀ဲလည်လည် ကျရှုံးနေသော ကျောင်းသားကျောင်းသူများကို တွေ့တိုင်း တူမလေး၏ အဖြစ်ကို မျှဝေခဲ့ပါသည်။ ( လောကမှာ ညံ့ဖျင်းသူ ဟူ၍မရှိ၊ မိမိ အားသန်ရာကို မသိရှိ၊ အသုံးမချသူများသာ ရှိနေသေးသည် ) ဟူသော စကားပုံကိုလည်း ရွတ်ပြလေ့ ရှိပါသည်။
ဝိသေသ
၃၁-၇-၂၀၁၄
Photo – ICT.com.mm