Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – ကဗျာဆရာတွေ ပေါများလာတာ၊ ကဗျာတွေမွေးဖွားလာတာ ခရိုနီတွေကျဆုံးစေဖို့ပါပဲ ဟု “လတ်လတ်ဆတ်ဆတ်ကဗျာများ” မိတ်ဆက်ပွဲမှာ ဆရာဝါဆိုကိုဦးပြော

 

ရန်နောင်(ဗိုလ်တထောင်) – ကဗျာဆရာတွေ ပေါများလာတာ၊ ကဗျာတွေမွေးဖွားလာတာ ခရိုနီတွေကျဆုံးစေဖို့ပါပဲ ဟု “လတ်လတ်ဆတ်ဆတ်ကဗျာများ” မိတ်ဆက်ပွဲမှာ ဆရာဝါဆိုကိုဦးပြော

(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၄                    “လတ်လတ်ဆတ်ဆတ်ကဗျာများ” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ၃၅ လမ်း( အလယ်) လမ်းရှိ  Rivver Ayeyarwaddy Gallery တွင် ၂ ၀၁၄ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့  နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လတ်လတ်ဆတ်ဆတ် ကဗျာများကို  မောင်ဆောင်းခ၊ ဘုဏ်းခရိုးရာ၊ မင်းရည်သွေး၊ တီဇတ်၊ ဟန်နွေလ၊ အီပန်း(နောင်ပိုအောင်)၊ ခိုင်လေညင်း(အောင်ပန်း)၊ ANOR၊ မယ်ကိုး၊ သျှင်မိုးပြေး တို့က ရေးစပ်သီကုံးဖွဲဆိုထားခြင်းဖြစ်သည်။

“ကဗျာဆရာတွေ၊ ကဗျာစာအုပ်တွေ များများထုတ်လာတာ ကောင်းပါတယ်။ ခရိုနီတွေကျရှုံးဖို့၊ ဆုံးရှုံးဖို့ နီးစပ်လာတာပဲ” ဟု ဆရာဝါဆိုကိုဦးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူငယ်အများစု ကဗျာကိုစိတ်ဝင်စားလာတာကို ကျနော် သဘောကျပါတယ်။(မူးယစ်ဆေးဝါးနှင့် အခြားအပျော်အပါးတွေကို စိတ်ဝင်စားတာထက် ပိုမကောင်းဘူးလား)။ လူငယ်တွေက လောကကြီးကို ပြုပြင်ပြောင်းလဲချင်စိတ်ရှိသည်။(သူပုန်စိတ်ခေါ်ရမလားမသိ) ပြီးတော့ ပွင့်လင်းလွတ်လပ်ရဲရင့်သည်။ အတွေးက ကဗျာဆရာတစ်ယောက်ဖြစ်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ ဤအတိုင်းပင် လူငယ်တွေရှေ့ဆက်ကာ ကဗျာတွေရေးကြဦးမည် … ဟု ဆရာသစ္စာနီက သူ၏အမှာစာတွင် ရေးသားဖော်ပြထားသည်။

ကဗျာစာအုပ်မိတ်ဆက်ပွဲတွင် တက်ရောက်လာသောကဗျာဆရာများက  “လတ်လတ်ဆတ်ဆတ်ကဗျာများ” စာအုပ်ထဲမှ ကဗျာများကို ရွတ်ဖတ် ဂုဏ်ပြုခဲ့ကြသည်။ ကဗျာအများစုသည် လူငယ်မာန်၊ လူငယ်ဟန်ဖြင့် အတွေးအခေါ်သစ်များကို ရေးဖွဲ့ထားတာ များပါသည်ဟု တက်ရောက်လာသော ကဗျာချစ်သူတစ်ဦးမှလည်းပြောကြားခဲ့သည်။

ကဗျာစာအုပ်အား မင်းသူရိန်၏ဒီဇိုင်းဖြင့် ဖွဲ့စည်းထားပြီး တန်ဖိုး တထောင်ကျပ်ဖြင့် နှင်းဆီနီစာပေက ဖြန့်ချိလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts