Uncategorized

စောငို – အရေးတော်ပုံတမ်းချင်း (ကဗျာ)

အရေးတော်ပုံ တမ်းချင်း
စောငို
အောက်တိုဘာ ၂၉၊ ၂၀၁၃


ရဂုံနန်း
သူပုန်လမ်းကို
မလွမ်းဘယ်မှာ
နေရာလော။
ဟိုတောင်ကြော့ခါးပန်း
ဒေါင်းတို့စခန်းကို
မြူခိုးတွေဖြန်းရင်
ချမ်းရှာပြီထင့်။
စီးဆင်းလျက်ပါ
ခရီးပြင်းထွက်ခွါ
တသက်တာ
ဝေဒနာအိမ်ဆောက်
လျှောက်သောလမ်းကား
မခမ်းနားသည်ဖြစ်စေ
ပရိယေသန သက်သက်တော့
တပ်မက်စရာ မဟုတ်တုံ။
အရေးတော်ပုံ
ကြုံရဆုံရ
ဒုလ္လဘ သူပုန်တဘ၀ကို
တယုတယမွေးမြူ
ပြည်သူတို့ တောင့်တတဲ့အလင်း
အရုဏ်ကျင်းချိန်ထိ
ရင်းနှီးပေးဆက်
သွေး အသက် စိတ် ၀ိညာဉ်ဖြင့်။
လ ရေးရေး
ည အေးအေး
ဘ၀ ဆွေးဆွေးမှာ
ခဏမှေးပါလှဲ့။
မြစ်ကြီးသံလွင်
ရေအလျဉ် မတန့်သရွေ့ပေါ့
တမြေ့မြေ့ သယ်ပိုးခဲ့တဲ့သမိုင်း
တောရိုင်းတွေရဲ့ အရပ်
မြတ်သောကုံလုံရာ
ဒဏ်ရာကိုထမ်း၍
ချမ်းမြမြ သည်ဆောင်း
ရှေးဟောင်းနှောင်းဖြစ်
ကာလသစ်ပါ့
မြစ်ကြီးသံလွင်
ဆီးနှင်းပြင်မှာ
သဘင်ငွေရတုကို
ပြုစုဆင်ယင်နေသည်လော။
ရေအလျဉ်
ငယ်ရုပ်ကိုဆင်၍
ရှိသမျှအားအင်ဖြင့်
ရှင်သန်စီးဆင်းခဲ့ပါ
ထွင်းဖေါက်ဖြတ်သန်းခဲ့သမျှ
ဘ၀ပင်လယ်ကို မတွေ့မချင်း။
ဒေါင်းက အိုးဝေ
တွန်သံစေ၍
အမိမြေမှာ
နေ၀ါထွန်းစေကြောင်း။     ။
အောက်တိုဘာ ၂၈၊ ၂၀၁၃
အမာရီလို

(ကျဆုံးသွားကြသော မကဒတ ရဲဘော်များကို အလေးပြုပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts