နိုင်ငံတကာရေးရာ

မောင်ဥက္ကလာ – ပြောမှတ်စရာ၊ ဆရာသမား နဲ့ အိမ်နီးနားချင်းများ


မောင်ဥက္ကလာ – ပြောမှတ်စရာ၊  ဆရာသမား နဲ့ အိမ်နီးနားချင်းများ
မိုးမခ၊ ထွေထွေရာရာ ဤကမ္ဘာ (စက်တင်ဘာလ ၆၊ ၂၀၁၄)

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။


 

Sorry ပါ ဆရာ

အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း အာရီဇိုးနားပြည်နယ်ဆိုတာ ကောင်းဘွိုင်တွေနေတဲ့ ပြည်နယ်တစ်ခုပေါ့။ တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်တယ်။ (အမေရိကန်ပြည်နယ် (၅၀) မှာ မတူညီတဲ့ တရားဥပဒေ ပြဌာန်းချက်တွေရှိတယ် –  တချို့ ပြည်နယ်တွေမှာ တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ရှိပြီး၊ တချို့ ပြည်နယ်မှာ ကိုင်ဆောင်ခွင့်မရှိ)။ အာရီဇိုးနားပြည်နယ်ကို ကမ္ဘာကျော် Grand Canyon အလွန်လှပ အံ့သြဖွယ်ကောင်းတဲ့ သဘာဝ ကျောက်တောင်ကြီးတွေကြောင့် လူသိများတယ်။ နောက် သေနတ်မျိုးစုံ (သေနတ်သေးသေးကနေ စက်သေနတ်အကြီးကြီးအထိ) ပစ်ခတ်နိုင်တဲ့ သေနတ်ပစ်ကွင်းတွေလည်း အဲဒီမှာ ရှိတယ်။ အဲဒီလို သေနတ်ပစ်ကွင်းတွေထဲမှာ ခရီးသွားဧည်သည်တွေ အရောက်သွားကြတဲ့နေရာ တစ်နေရာက Burgers and Bullets (တိုက်ရိုက်ဘာသာပြန်ဆိုရင်တော့ အသားညှပ်မုန့်များ နဲ့ ကျည်ဆံများ) သေနတ်ပစ်ကွင်း ဖြစ်တယ်။ အဲဒီနေရာမှာ လွန်ခဲ့တဲ့အပတ်က ကမ္ဘာကျော်သွားတဲ့ အဖြစ်အပြတ်တစ်ခု ဖြစ်ပွားခဲ့တယ်။

ကမ္ဘာကျော် အဖြစ်အပျက်ဆိုလို့ မြန်မာအလှမယ် မေမြတ်နိုး နဲ့ သူ့မိခင်တို့ အလှမယ်ပြိုင်ပွဲဘန်းပြ အမျိုးသမီးငယ်တွေကို အဆီကိုစားလို့ အသားမြိုနေတဲ့ တောင်ကိုရီးယား မာဖီးရားလူဆိုးဂိုဏ်ရန်ကနေ ထွက်ပြေးတိမ်ရှောင် သွားပုန်နေလို့ မဟုတ်ဘူး။ သေနတ်ပစ်ချင်လွန်တဲ့ (၉) နှစ် သမီးလေးနဲ့ မိဘတွေ ရောက်သွားကြပြီး၊ သမီးလေးရဲ့  အလိုဆန္ဒလား၊ မိဘတွေ တိုက်တွန်းလို့လားမသိ – အလွန်အင်အားပြင်းတဲ့ အူဇီစက်သေနတ် (Uzi) ကို ပစ်ခတ်ကြည့်တယ်။ ဝါရင့်နည်းပြဆရာ Charles Vacca က ဘေးနားရပ်ပြီး ဘယ်လိုကိုင်၊ ဘယ်လိုပစ် ကျည်တစ်ထောင့်ချင်း ပစ်ခတ်တာကို ဦးစွာသင်ပြ ပစ်ခတ်ခိုင်းပြီး၊ နောက်တဆင့် ကျည်အတွဲလိုက် ပစ်ခတ်နည်းကိုပြပြီး ပစ်ခတ်ချိန်မှာတော့ တပည်မလေးက ကျည်ကန်မှုကို မထိန်းနိုင်ဖြစ်ပြီး သေနတ်လည်ထွက်ကာ ကျည်တစ်ထောင့်က ဆရာဖြစ်သူခေါင်းကို ရုတ်တရက် ထိမှန်သွားတယ်။ ချက်ချင်း ဆရာသမားကို ဆေးရုံ ပို့ဆောင်ပေးမဲ့ ဝိညာဉ်က မရှိတော့။ မတော်တဆ ပစ်ခတ်မှုအတွက် ကလေးမကို တရားဥပဒေအရ အရေးယူခြင်းမရှိ။ မောင်းပြန်သေနတ်၊ စက်သေနတ်ကို ကစားစရာလို ငယ်ရွယ်သူတွေကို ခွင့်မပြုသင့်ဘူးလို့ ရဲမှူးကြီးက စောစောက မပြောဘဲ၊  ဖြစ်တော့မှပဲပြောတယ်။

နည်းပြသင်တန်းဆရာ သက်တမ်း (၁၄) နှစ်ရှိသူ အသက် (၃၉) နှစ်အရွယ် Charles Vacca တစ်ယောက် တစ်ချက်ပေါ့ဆမှုကြောင့် အသက်ပျောက်ခဲ့ရတယ်။ ကလေးမလည်း သေနတ်တွန်းကန်ချက်ကြောင့် ပုခုံးပွန့်ပဲ့ပြီး ဒဏ်ရာအနာတရ,ရကြောင်း မိသားစုက ပြောတယ်။ အထူးသဖြင့် သူ့ကြောင့် လူတစ်ဦး အသက်ဆုံးရှုံးရတာကို တသက်လုံး စိတ်ဝေဒနာဒဏ်ရာ ရသွားမယ်ဆိုတာကို မိဘတွေ သိသင့်ကြောင်း၊ အလေးထားသင့်ကြောင်း ကလေးစိတ်ပညာရှင်များက ပြောဆိုကြတယ်။ ဒီလိုမျိုး အူဇီသေနတ် အပစ်ကောင်းလို့ အသက် ရှစ်နှစ်အရွယ် ကောင်းလေးတစ်ယောက်လည်း မန်ချက်ချူဆက်ပြည်နယ် သေနတ်ပြပွဲမှာ ၂၀၀၈ ခုနှစ်က အသတ်ဆုံးရှုံးခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ (၁) နှစ်မှာ သေနတ်ကြောင့် သေဆုံးသူ ပျမ်မျှ သုံးသောင်း (ခလေး ၃၀၀၀ အပါအဝင်) ရှိတယ်။ မြန်မာအသုံးအနှုန်း သေနတ် ဆိုတဲ့အတိုင်း တကယ်ကို သေအောင်စွမ်းဆောင်နိုင်တဲ့ နတ်တပါးပါလား။ (huffingtonpost.com သတင်း)

 

နောက်ဆုံး ထွက်သက်အထိ

ရွှေမြန်မာ့တို့ သိပ်သိပ်ချစ်တဲ့ မြောက်ပိုင်းက ပေါက်ဖော်ကြီးတွေ။ အမှန်တော့ မြန်မာစစ်အစိုးရရဲ့  ကျေးဇူးရှင် တရုတ်ကြီးတွေ အစားအသောက်ကြမ်းချက်က ကမ္ဘာကျော် မဟုတ်လား။ တရုတ်တွေက စားလို့ရတာ အကုန်စားတယ် (ပုရွတ်ဆိတ်မကျန်၊ ဂေါ်ဇီလာအထိ စားလိုတဲ့လူမျိုး)။ တကယ်တော့ ပြောမယ်သာပြောတာ ရွှေဗမာတွေလည်း ပေါက်ဖော်တွေနဲ့ နင်လားငါလား စားချက်ပြင်းတာ အားလုံးအသိ။ အိမ်နီးချင်းကောင်း ဗိုလ်သန်းရွှေတို့ ဆရာသခင်ပေါက်ဖော်တွေရဲ့  လက်ချက်ကြောင့် လက်ပန်းတောင်၊ ကြေးနီတောင်တွေ ကုန်ပြီလို့ မျိုးချစ်မြန်မာတွေ အော်နေကြတာ၊ မြန်မာ့တောထဲရေထဲမှာလည်း ဘာအကောင်ပလောင်မှ မရှိတော့ဘူး။ ကဲ ထားလိုက်တော့ နိုင်ငံရေးတွေ ပါလာပြီ။

အစားအကြောင်း ဆက်ပြောရင် … တရုတ်ပြည်မှာ အလွန်အစားများ၊ လူကြိုက်များတဲ့ ထိပ်တန်းအစားအစာတစ်မျိုးက ဘာညာစွမ်းတယ်ဆိုတဲ့ မြွေသားဟင်း – ချက်ပြုတ်ကြော်လှော် စားသုံးသလို၊ မြွေသွေးနဲ့ချက်တဲ့ ဟင်းချိုလည်း ရှယ်ရောင်းကောင်းတယ် (ပြီးတော့ မြွေအရှင်ကို ပုလင်းဘူးထဲထည့် အရက်ကောင်းကောင်းနဲ့ နှစ်လကြာစိမ်ပြီး လိမ်ဆေး၊ သောက်ဆေးအဖြစ် စားသုံးကြတယ်)။ ဒီလို အစားကြမ်းတဲ့ စားသုံးသူများအတွက် တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒုန်မြို့  (Guangdong) က စားတော်ကဲကြီး ပန်ဖန် (Peng Fan) တစ်ယောက် အရသာထူးကဲတဲ့ မြွေဟင်းချို တခွက်ချက်ဖို့ တောကြီးမြွေဟောက်ခေါင်းကို ဖြတ်တောက်ပြီး၊ သွေးကိုထုတ်၊ အသားကိုလှီး လုပ်ကိုင်တော့တယ်။ မိနစ် (၂၀) အကြာ ချက်ပြုတ်ဖို့ အားလုံး အဆင်သင့်ဖြစ်တော့ အစောပိုင်းက ခုတ်ဖြတ်ထားတဲ့ မြွေဦးခေါင်းကို အမှိုက်ခြင်းထဲ ပစ်ဖို့ယူလိုက်ချိန်မှာ ခေါင်းပြတ်မြွေကြီးက စားတော်ကဲကြီးလက်ကို အမိအရ ကိုက်လိုက်တယ်။ သူ့ရဲ့  စူးစူးဝါးဝါး အော်ဟစ်သံကြောင့် အပြင်မှာ စားသောက်နေကြသူတွေတောင် လန့်သွားတယ်ဆိုတယ်။ ချက်ချင်း အလုပ်ရှင်နဲ့ အပေါင်းအဖော်တွေက သူကို ဆေးရုံပို့ဆောင်ကြပေမဲ့ ခေါင်းပြတ်မြွေကြီးရဲ့  အဆိပ်ကြောင့် သေပွဲဝင်ရတယ်။

မြွေအကြောင်း ကျွမ်းကျင်သူတွေရဲ့  အဆိုအရ မြွေဆိုတဲ့အကောင်က ခန္ဓာကိုယ် ဖြတ်တောက်ထားပေမယ့် သူတို့ရဲ့  သွေးလည်ပတ်မှု၊ အကြောအဆီတွေက ကာလရှည်ကြာ ဆက်ရှင်နေတယ်လို့ ဆိုကြတယ်။ မနှစ် ၂၀၁၃ အောက်တိုဘာမှာ သုံးလကြာ ပုလင်းထဲထည့် အရက်နဲ့စိမ်ထားတဲ့ မြွေက ရုတ်တရက် အသက်ဝင်လာပြီး ဆေးလိမ်းဖို့ ပုလင်းဘူး ဖွင့်လိုက်တဲ့ တရုတ်မလက်ကို ကိုက်လိုက်လို့ သေမလို  ဖြစ်သွားခဲ့တယ်။ ဖြစ်နိုင်တာက အီရတ်၊ ဆီးရီးယား က အစွန်းရောက် အစ္စလာမ် စစ်သွေးကြွ ISIS တွေလို တရုတ်စားတော်ကဲကြီး ရက်ရက်စက်စက် အရှင်လတ်လတ် ခေါင်းဖြတ်ခံရတဲ့ ဒီတောကြီးမြွေဟောက်က မြန်မာပြည်ကနေ အတင်းအဓမ္မဖမ်းသွားတဲ့ အကောင်ဖြစ်မယ်။ ဒါကြောင့် … (Daily Mail, UK သတင်း)

 

ပညာမွဲဖြင့် ပွဲလယ်မတင့်

ဒီရက်အတွင်း ရွှေမြန်မာတို့ အိမ်နီးနားချင်း အမီတာဘဂျမ်းတို့ အိန္ဒိယမှာ ဟိုလေးတကျော်ကျော် ဖြစ်နေတဲ့သတင်းက မြန်မာအလှမယ်လေး မေမြတ်နိုး စိန်သရဖူ ပြန်မပေးတဲ့ကိစ္စ၊ ဘာညာ ဖြတ်ဖောက်ချုပ်လုပ်လား၊ သူ့ဆရာမကြီး ဒေါ်လှနုထွန်းနဲ့ ဝေစုခွဲ မတည့်တဲ့ ပြဿနာ အပြန်အလှန် သတင်းစာရှင်းပွဲ၊ ကိုရီးယား မာဖီးယားဂိုဏ်တွေရဲ့  အလှမယ်တွေအပေါ် အတင်းအဓမ္မကြံ သွေးစုပ်တဲ့ကိစ္စ မဟုတ်ပါ။ တချိန်က အမီတာဘဂျမ်းတို့ရဲ့  ဘော်လီဝုဒ် (Bollywood) မှာ မင်းသမီးဖြစ်ခဲ့တဲ့ ဆမ်ရီတီ အိုင်ရနီ (Smriti Irani) တစ်ယောက် အိန္ဒိယအစိုးရရဲ့  လူသားစွမ်းရည် မြှင့်တင်ရေး ဝန်ကြီးဌာနရဲ့  ဝန်ကြီးဖြစ်လာတော့ သူမှာမရှိတဲ့ ပညာရေးဘွဲ့ အဆောင်အရောင်တွေကို ရှာကြံပြီးထုတ်ရှိုးတဲ့ ပြဿနာ။

ဖြစ်ပုံက နယူးဒေလီမြို့ မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသမီးညီလာခံတစ်ခုမှာ တက်ရောက်လာတဲ့ ဧည်ပရိသတ်ကို သူ့ကိုယ်သူ အမေရိကန်နိုင်ငံရဲ့  ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ယေးလ် (Yale) တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ကြောင်း၊ အဲဒီမှာ ကျောင်းတက်တုန်းက သူ့ရဲ့  ခေါင်းဆောင်မှုအရည်အချင်း၊ စီမံခန့်ခွဲမှုကို ယေးလ်တက္ကသိုလ်ကြီးက အထူးတလည် ဂုဏ်ပြုချီးကျူးကြောင်း ပြောဆိုလိုက်တယ်။ အမှန်တကယ်တော့ ဝန်ကြီးမ ယေးလ်တက္ကသိုလ် ရောက်ဖူးတာ အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး လေ့လာရေးအတွက် သူနဲ့ စုစုပေါင်း (၁၀) ယောက်ကို အမေရိကန်အစိုးရက ဖိတ်ကြားပြီး ယေးလ်တက္ကသိုလ်မှာ တစ်ပတ်ကြာ တက်ရတဲ့ ခေါင်းဆောင်မှုသင်တန်း ဖြစ်တယ်။

တစ်ပတ်သင်တန်းတက်ပြီး ဘွဲ့ရတယ်ဆိုရင်တော့ မြန်မာပြည်မှာ စစ်အစိုးရလက်အောက် လေးနှစ်တက္ကသိုလ်ဘွဲ့ကို (၂) နှစ်နဲ့ ဟိုနှယ်သည်နှယ်တက်ပြီး ရတဲ့ဘွဲ့က ပိုတန်းဖိုးရှိနေတယ်။ ကြုံလိုပြောရရင် ဗိုလ်သိန်းစိန်အစိုးရရဲ့  လွှတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေကလည်း အင်္ဂလန်၊ အမေရိကန်တက္ကသိုလ်တွေက သူလို ခရိုနီတစ်ယောက်ကို ဂုဏ်ထူးဆောင် ဘာညာဘွဲ့တွေပေးခဲ့တယ်လို့ ဟိတ်ကြီးဟန်ကြီးနဲ့ ဆိုခဲ့ဖူးတယ်။ တွေ့ရင် ဟုတ်မဟုတ် ထပ်မေးကြည့်ပေါ့။

အိန္ဒိယဝန်ကြီးမကိုတော့ သတင်းစာတွေ၊ အွန်လိုင်းတွေပေါ်မှာ မေးနေကြပြီး ယေးလ်တက္ကသိုလ် မပြောနဲ့ အိန္ဒိယနိုင်ငံတက္ကသိုလ် တစ်ခုခုက ဘွဲ့တောင်ရခဲ့ဖူးသလားတဲ့။ ထိုင်နေရင် အကောင်းသား၊ ထသွားမှ ကျိုးမှန်သိ ဖြစ်တော့တယ်။ အခုတော့ မီဒီယာတွေကေို ပတ်ပြေးနေတယ်။ ရွှေမြန်မာပြည်မှာလည်း အခုနောက်ပိုင်း နိုင်ဂံဂျားက ပြန်လာကြတဲ့ အကျော်အမော်တွေထဲမှာလည်း အဲ့ဂလို အဆောင်အရောင်တံဆိပ်တွေ ကပ်ပြီး ကြွားဝါနေကြတဲ့ ပုဂ္ဂိုလ်တွေကို တွေ့နေကြားနေရတယ်။ တနားစရာ သူတို့အကြောင်းကို  နောက်တော့ ပြောပြတာပေါ့… ( India Times သတင်း)

 

အကြံသမားရဲ့  မိသားစု စီမံကိန်း

မြောက်ပိုင်း၊ အနောက်ပိုင်း အိမ်နီးနားချင်းအတင်းတွေ ပြောပြီးတော့ မြန်မာအလုပ်သမား သန်းနဲ့ချီရှိတဲ့ ယိုးဒယားထိုင်းနိုင်ငံကို ဆက်ကြစို့။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအကြောင်းပြောဖို့ မဟုတ်။ ခလေးတွေ အများကြီး လိုချင်တဲ့ မြန်မာတို့ရဲ့  ချစ်မိတ်ဆွေ မောင်ဂျပန် တစ်ယောက်အကြောင်းပါ။ အလွန်အကြံကြီးတဲ့ အသက် (၂၄) နှစ်အရွယ် ဂျပန်လူမျိုး ကုဋေရှစ်ဆယ် သူဌေးသား မီဆူတိုကီ ရှိဂီတ (Mitsutoki Shigeta) ရဲ့  လုပ်ရပ်က ထိုင်းနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တွေကို အတော်လေး အလုပ်ရှုပ်စေခဲ့တယ်။ ငွေများငွေနိုင် အတွေးအခေါ်နဲ့ သူက ထိုင်းနိုင်ငံရဲ့  မရှိဆင်းရဲသူ မိန်းမများကို ကိုယ်ဝန်အငှားဆောင်လုပ်ငန်း အေဂျင့်စီများမှတဆင့် သူ့မျိုးဥနဲ့ သန္ဓေပွား ခလေးမွေးပေးဖို့ လုပ်ဆောင်ခဲ့တယ်။ ဆင်းရဲသားများကို တဖတ်တလမ်းက ကူညီပေးတဲ့သဘောပေါ့။ ဗိုက်အငှားလွယ်ပေးတဲ့ အမျိုးသမီးတစ်ဦးကို ဒေါ်လာ တစ်သောင်း ပေးတယ်လို့ဆိုတယ်။

ဒီလို ကိုယ်ဝန်အငှားဆောင်တဲ့ စီးပွားရေးလုပ်ငန်း ထိုင်းနိုင်ငံမှာ တရားဝင် အတော်များများရှိပြီး၊ ကြားမိသလောက် မြန်မာနိုင်ငံက မြန်မာ-တရုတ်တွေတောင် အဲဒီလို သားသမီး ရယူကြတယ်လို့ဆိုတယ်။ ဒီလို လုပ်ကိုင်နေတာကို ဘာဖြစ်လို့ မောင်ဂျပန်နဲ့မှ ပြဿနာ ဖြစ်ရသလဲဆိုတော့ ကိုယ်တော်ချောလေးက အဲဒီလို ခလေးတွေ အငှားမွေးခိုင်းထားတာ (၁၆) ယောက်တောင် ရှိနေလို့။ ဒီလို သံသယဖြစ်စရာ အူကြောင်ကြောင် လုပ်ရပ်ကြောင့် မောင်ဂျပန်ရဲ့  သန္ဓေသား ကိုယ်ဝန်ဆောင်ပေးတဲ့ ထိုင်းအမျိုးသမီး (၁၀) ယောက်ထဲက တစ်ဦးဖြစ်သူ၊ ကျူးကျော်ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ အသက် (၃၂) နှစ်အရွယ် ထိုင်းအမျိုးသမီး ဝါစနာ (Wassana) ကို စစ်ဆေးတဲ့အခါ အွန်လိုင်းကြော်ငြာကတဆင့် အဆက်အသွယ်ရပြီး လုပ်ခဲ့ကြောင်း။ သူ့အနေနဲ့ အလွန်ဆင်းရဲပြီး၊ မိသားစုအကြွေးတွေ ပေးဆပ်ချင်လို့ လက်ခံခဲ့ကြောင်း ဝန်ခံပြောဆိုတယ်။

မောင်ဂျပန် နေတဲ့ဆိုတဲ့ တိုက်ခန်းကို ဝင်ရောက်ရှာဖွေတော့ သူ့ကို မတွေ့ဘဲ ခလေး (၈) ယောက်နဲ့ ခလေးတွေကို စောင့်ရှောက်နေတဲ့ ခလေးထိန်း (၈) ယောက်ပဲ ရှိတယ် (ကျန် ခလေး (၄) ယောက်ကိုတော့ ကမ္ဘောဒီးယားနိုင်ငံကို ခေါ်ဆောင်သွားတယ်လို့ဆိုတယ်)။ ထိုင်းနိုင်ငံက ထွက်ခွါပြီး ဘယ်ရောက်ဘယ်ပေါက်ပြီး မောင်ဂျပန်တစ်ယောက် ခလေးတွေ ထပ်မွေးဖို့ ကြိုးစားနေလဲ မသိ။

သူ့ရှေ့ နေရဲ့  ထွက်ဆိုချက်က ရဲတွေ အာဏာပိုင်တွေ စွပ်စွဲသလို လူမှောင်ခိုကူး၊ ခလေးတွေကို ရောင်းဝယ်ဖို့ မဟုတ်ကြောင်း။ သူက ခလေးတွေကို တကယ်ချစ်ပြီး၊ မိသားစုအကြီးကြီး လိုချင်ကြောင်း။ သူ့ရဲ့  ရေရှည်စီမံကိန်း၊ ရည်မှန်းချက်ကြီးက (၁) နှစ်ကို ခလေး (၁၀) ယောက် (၁၅) ယောက်ယူပြီး၊ သူ့မှာ ခလေးတွေ အများကြီးရှိခဲ့ရင် သူဝင်ပြိုင်မယ့် ရွေးကောက်ပွဲတွေ (ဘယ်လို ရွေးကောက်ပွဲဆိုတာ မပြော) မှာ သူ့ခလေးတွေ၊ မိသားစုတွေရဲ့  ထောက်ခံမှုမဲနဲ့ အနိုင်ရမယ်လို့ မျှော်လင့်ယုံကြည်လို့ အခုလို မိသားစုအကြီးကြီး တည်ဆောက်နေကြောင်း ရှေ့ နေက ထွက်ဆိုတယ်။

ကောင်းလိုက်တဲ့ အကြံ … ကြံ့ဖွတ်ထက်တောင် သာသွားပြီ။ ဒီလောက် အကြံကြီးတဲ့ မောင်ဂျပန် အခုလောလောဆယ်တော့ မြေလျှိုးမိုးပျံ ရှောင်ပုန်နေပြီး။ သူထားရစ်ခဲ့တဲ့  ခလေး (၁၂) ယောက်ကိုတော့ ထိုင်းလူမှု့အကျိုးဆောင်အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ အဲဒါပြောတာပေါ့ လူအလို နတ်မလိုက်နိုင်ဖူးဆိုတာ။ (ABC သတင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts