စက်တင်ဘာ ၃၊ ၂၀၁၄
ဒီလို နိုင်ငံရေးအယူဝါဒ ကွဲလွဲမှုတွေကြောင့် အလုပ်သမားများကို ဂုဏ်ပြုနေ့ မတူတာ ခဏဘေးချိတ်။ (၃) ရက်ဆက်တိုက် အလုပ်မ သွားရတော့ အများပြည်သူ မိသားစုတွေ ကျေနပ်ကြတာပေါ့။ အထူးသဖြင့် ပူစပ်ပူလောင် နွေဦးရာသီကာလ ကုန်ဆုံး၊ သားသမီးတွေလည်း နွေရာသီကျောင်းပိတ်ရက်ကုန် စက်တင်ဘာလ (၂) ရက်နေ့ ကျောင်းပြန်တက်ရမယ်ဆိုတော့ ဒီ (၃) ရက် အလုပ်အားရက်မှာ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ စုဖွဲ့ပြီး ပင်လယ်ကမ်းခြေ၊ ရေကူးကန်တွေကို နောက်ဆုံးအခွင့်အရေးဆိုပြီး အပြေးအလွှာသွားကြတယ် (အမေရိကန်အရှေ့ ဖက်ခြမ်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဥတုရာသီပြောင်း (နွေအကုန် ဆောင်းအကူး) အနည်းငယ်အေးလာတော့ ပင်လယ်ကမ်းခြေ နဲ့ အပြင်ရေကူးကန်တွေ နောက်ဆုံးဖွင့်ရက်က အလုပ်သမားနေ့ ဖြစ်ပြီး ဆောင်းအကုန်မှ ပြန်ဖွင့်ကြတယ်)။
အများတကာလို ပင်လယ်ကမ်းခြေသွား အနားယူ၊ ခရီးဝေးသွားလာ မလည်ပတ်ချင်သူတွေက အခုနောက်ပိုင်း အမေရိကန်တွေ ထွင်လိုက်တဲ့ staycation စကားအသုံးအနှုန်းအတိုင်း ကိုယ့်အိမ်မှာ အေးအေးဆေးဆေး အနားယူ၊ အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ပန်းခြံ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေသွား၊ ဈေးဝယ်ထွက်ကြပေါ့။ စာရေးသူလည်း ခရီးဝေးသွားချင်တဲ့စိတ်မရှိ၊ နားနားနေနေ စာရေးစာဖတ်လုပ်ချင်တာနဲ့ အိမ်မှာ အနားယူနေခဲ့တယ်။ ဒါပေမဲ့ စနေနေ့ နေလယ်ပိုင်းမှာတော့ အိမ်ကနေ မြေအောက်ရထား နာရီဝက်လောက်စီးပြီး သွားနိုင်တဲ့ ဝါရှင်တန်ဒီစီမြို့ လယ်ရှိ ဝါရှင်တန် ကွန်ဗန်ရှင်းစင်တာကြီး (Washington Convention Center) မှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ အမျိုးသားစာအုပ်ပွဲတော် (National Book Festival) ကို သွားရောက်ခဲ့တယ်။ ဒီ စာအုပ်ပွဲတော်ကို အမေရိကန်ကွန်ဂရက် စာကြည်တိုက်ကြီး (Library of Congress) က ကြီးမှုးကျင်းပလာခဲ့တာ အခုနှစ်ဆိုရင် (၁၄) ကြိမ် ရှိလာခဲ့ပြီ။ ဒီပွဲတော်ကို အရင်နှစ်တွေက သွားရောက်ခဲ့ပေမယ့် စာရေးဖို့စဉ်းစားပြီး မရေးဖြစ်ခဲ့။
ဝါရှင်တန်ဒီစီရဲ့  စာအုပ်ပွဲတော်ကို သမ္မတဂျော့ခ်ျဘုရှ် (George Bush) ရဲ့ ကတော် လော်ရာဘုရှ် (Laura Bush) က ၂၀၀၁ ခုနှစ်မှာ ကွန်ဂရက်စာကြည်တိုက် နဲ့ စာရေးဆရာများ ပူးပေါင်းကျင်းပပြုလုပ်ဖို့ အကြံပြုတိုက်တွန်းပြီး စတင်ခဲ့တယ်။ သမ္မတကတော် မဖြစ်ခင် ပညာရေး နဲ့ စာကြည်တိုက်နည်းပညာဘွဲ့တွေ ရရှိခဲ့သူ မစ္စလော်ရာဘုရှ် က မူလတန်းဆရာမ နဲ့ စာကြည်တိုက်မှူး အလုပ်တွေကို တက်ဆက်ပြည်နယ် (Texas) မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး၊ ခလေးသူငယ်များ ပညာရေး နဲ့ စာပေများကို အထူးစိတ်ဝင်စား၊ အားပေးပြီး၊ ခလေးသူငယ်၊ လူရွယ်များ စာများများ ဖတ်ကြဖို့၊ စာပေချစ်မြတ်နိုးဖို့ လှုံဆော်ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် တက်ဆက်ပြည်နယ် (Texas) အုပ်ချုပ်ရေးမှူးကတော် ဖြစ်ချိန်မှာ တက်ဆက်ပြည်နယ် စာအုပ်ပွဲတော် (Texas Book Festival) ကို ဦးဆောင်ကျင်းပခဲ့တယ်။ သမ္မတကတော် ဖြစ်လာတော့လည်း ကွန်ဂရက်စာကြည်တိုက်နဲ့ လက်တွဲပြီး အမျိုးသားစာအုပ်ပွဲတော် ဖြစ်မြောက်ရေး၊ နှစ်စဉ်ကျင်းပနိုင် ရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့တယ်။ နောက်ပိုင်း အခုလက်ရှိ သမ္မတကတော် မစ်ရှယ်လ် အိုဘားမား (Michelle Obama) က တာဝန်ယူပြီး ဆက်လက်ကျင်းပခဲ့တယ်။ နှစ်စဉ် သြဂုတ်လ နောက်ဆုံးပတ်မှာ ဒီ စာအုပ်ပွဲတော်ကို ဝါရှင်တန်ကျောက်တိုင် (Washington Monument) နဲ့ Capitol လွှတ်တော်အဆောက်အဦးကြား စမစ်ဆိုနီယမ် (Smithsonian) အမျိုးသားပြတိုက်များရှေ့  Mall မြက်ခင်းပြင်ကြီးပေါ်မှာ ကျင်းပခဲ့တယ်။ ဒီနှစ်မှာတော့ လူစည်းကားတဲ့ ဝါရှင်တန်ဒီစီ တရုတ်တန်းအနီးရှိ မိုးလုံလေလုံ ကွန်ဗန်ရှင်းစင် တာကြီးမှာ ပြုလုပ်ခဲ့တယ်။
မနက် (၁၀) နာရီကနေ ည (၁၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲတော်ကို အမေရိကန် နဲ့ နိုင်ငံတကာမှ အထင်ကရ စာရေးဆရာများ၊ ကဗျာဆရာများ၊ သတင်းစာဆရာများ၊ ပန်းချီ ဓါတ်ပုံဆရာများ၊ ကာတွန်းပန်းချီဆရာများ (၈၀ – ၁၀၀) ကျော် ပါဝင်ဆင်နွှဲကြပြီး၊ သူတို့ရဲ့  စာပေဘဝခရီး၊ စာပေလုပ်ငန်းများ၊ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်များအကြောင်းကို ဆွေးနွေးဟောပြောကြတယ် (စာဖတ်ပရိသတ်ကလည်း မေးခွန်းများမေး၊ အတွေးအမြင်များကို အပြန်အလှန် တင်ပြဆွေးနွေးနိုင်တယ်)။ ဒီပွဲတော်ကို ပုံမှန်အားဖြင့် စာဖတ်ပရိသတ် (၅) သောင်းနီးပါး လာရောက်ကြတယ်။ တနေ့ကုန် တခန်းဝင်တခန်းထွက် စာရေးဆရာများရဲ့  ဟောပြောဆွေးနွေးပွဲတွေကို လွတ်လွတ်လပ်လပ် နားထောင်နိုင်တယ်၊ ပါဝင်ဆွေးနွေးနိုင်တယ်။ အခမ်းအနား တက်ရောက်ဟောပြောကြတဲ့ စာရေးဆရာများရဲ့  စာအုပ်တွေကို စာအုပ်များရောင်းချတဲ့ ခန်းမမှာ ဝင်ယူပြီး၊ သတ်မှတ်ထားတဲ့ အချိန်မှာ စာရေးဆရာများက စာဖတ်သူများ၊ စာအုပ်ဝယ်သူများကို အလှည့်ကျတွေ့ဆုံပြီး အော်တိုဂရပ်ဖ် လက်မှတ်များ ရေးထိုးပေးတယ်။
ကြက်ပျံမကျ စည်းကားတဲ့ စာအုပ်ပွဲတော်ရဲ့  အလွန်ကြည်နူးစရာ အကောင်းဆုံးက ခလေးသူငယ်များအတွက် သီးသန့်စီစဉ်ပေးထားတဲ့ ခလေးစာပေပြခန်း “Let’s Read America” ဖြစ်တယ်။ အဲဒီနေရာမှာ မိသားစုတွေ နဲ့ များပြားလှတဲ့ ခလေးတွေကို တိုးမပေါက်အောင် တွေ့ရတယ်။ အဲဒီပြခန်းနဲ့တွဲပြီး ခလေးများအတွက် စာတွေအရုပ်တွေ ရေးဆွဲဖို့နေရာ၊ ခလေးတွေ အလွန်နှစ်သက်တဲ့ ပုံပြင်စာအုပ်တွေထဲက ဇာတ်ကောင်အရုပ်တွေနဲ့ ဓါတ်ပုံရိုက်နိုင်ဖို့၊ ဆော့ကစားဖို့ကိုလည်း စီစဉ်ပေးထားတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု ပြည်နယ် (၅၀) နဲ့ အမေရိကန်ပိုင် ကျွန်းနိုင်ငံများ ခင်းကျင်းပြသထားတဲ့ ပြည်နယ်ပြခန်းများကို တပြည်နယ်ဝင် တပြည်နယ်ထွက်ပြီး အခမဲ့ ပေးဝေတဲ့ ပြည်နယ်ဒေသများရဲ့  စာရေးဆရာတွေအကြောင်း၊ လက်ကမ်းစာစောင်၊ စာညှပ်ကပ်ပြား၊ ရင်ထိုး၊ ရုပ်ပုံကားချပ်၊ လမ်းညွှန်မြေပုံ၊ ချော့ကလတ်၊ သကြားလုံးတွေကို အခမဲ့ ရယူနိုင်တယ်။ ခလေးတွေ အကြိုက်ဆုံးက အမေရိကန်ပြည်ထောင်စု မြေပုံစာရွက်ပေါ်မှာ ပြည်နယ်တဆိပ်တုံးလေးတွေကို ပြည်နယ်ကိုယ်စားလှယ်များရှိတဲ့ နေရာများကို သွားရောက်ရယူခြင်းဖြစ်တယ်။
ကမ္ဘာ့အကြီးဆုံး ကွန်ဂရက်စာကြည်တိုက်ကလည်း လူငယ်လူရွယ်လူကြီး စာဖတ်ပရိသတ်အတွက် နိုင်ငံတော်အစိုးရရဲ့  အဓိက စာကြည်တိုက်ကြီးဖြစ်တဲ့ ကွန်ဂရက်စာကြည်တိုက်အကြောင်း ရှင်းလင်းပြသထားတယ် – အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်တွေ၊ အစိုးရဝန်ထမ်းတာဝန်ရှိသူတွေ ဒီ စာကြည်တိုက်ကြီးမှာ ဘယ်လို အသုံးချ လေ့လာကြပုံတွေကို လေ့လာနိုင်တယ်။ ကြိတ်ကြိတ်တိုး စည်းကားလှတဲ့ နောက်တနေရာက စာအုပ်ပွဲတော် တက်ရောက် ဟောပြောကြတဲ့ စာရေးဆရာများရဲ့  စာအုပ်တွေ၊ အရောင်းရဆုံး (best sellers) စာအုပ်တွေကို အမျိုးအစားခွဲပြီး ရောင်းချပေးတဲ့ စာအုပ်အရောင်ခန်းမ ဖြစ်တယ်။ အီးဘုတ် (e-book)၊ ဒစ်ဂျယ်တယ် (digital) စာအုပ်တွေ ခေတ်စားလာပေမဲ့ ဒီနေ့ဒီအချိန်အထိ စာအုပ်ကိုင်ပြီး ဖတ်ရတာကို ပိုနှစ်သက်တဲ့ စာချစ်သူတွေက စာအုပ်တွေဝယ်ယူပြီး၊ စာရေးဆရာတွေရဲ့  လက်မှတ်ကို သူတို့ဝယ်ထားတဲ့ စာအုပ်တွေပေါ်မှာ အမှတ်တရလက်မှတ် (autograph) ရယူကြခြင်းဖြစ်တယ်။
ညီလာခံခန်းမကြီး (၃) ထပ်အပြည့် ခင်းကျင်းပြသထားတဲ့ စာအုပ်ပွဲတော်ကို တနေ့ကုန် တခန်းဝင်တခန်းထွက် စာရေးဆရာတချို့ ရဲ့  ဟောပြောချက်တွေကို နားထောင်၊ ပြခန်းတွေ ကြည့်၊ စာအုပ်ဝယ်၊ အခမဲ့ပေးဝေတဲ့ စာရွက်စာတမ်းတွေကို C-SPAN booktv.org က ပေးတဲ့ အမှတ်တရ လက်ဆောင်အိတ်ကြီးထဲထည့်ပြီး ညမိုးချုပ် ပွဲတော်ပိတ်ချိန်မှ ပြန်လာခဲ့တယ်။ ဒီ ပွဲတော်ကိုရောက်တိုင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်က မြန်မာပြည်မှာ ဒီလို တခမ်းတနား စာအုပ်ပွဲတော်မျိုးတွေ မြို့ ရွာတွေမှာ ကျင်းပနိုင်ရင် ကောင်းမယ်ပေါ့။
မြန်မာနိုင်ငံမှာ စာပေဟောပြောပွဲတွေ (ဓမ္မသဘင် တရားပွဲတွေလောက်မများ) ကျင်းပကြပေမဲ့ လူတွေရဲ့  စာပေတန်းဖိုး ကျွမ်းဝင်မှု၊ နားလည်းမှုက အတော်အားနည်းသေးတယ်။ တချိန်တည်းမှာ စာအုပ်ဖြန့်ဝေမှု ဈေးကွက်က တိုးတက်လာမှုမရှိ။ အထူးသဖြင့် ကျေးရွာတွေမှာ စာအုပ်စာတမ်းရှားပါး၊ စာဖတ်လူဦးရေ အထူးနည်းသေးတာ မိုးမခ စာဖတ်သူများအသိ။ မြို့ ရွာတချို့ မှာ စာကြည်တိုက်များ ကြိုးစားတည်ထောင်ဖွင့်ကြပေမဲ့ စာအုပ်စာတမ်းတွေ မပြည့်စုံ၊ ထိန်းသိမ်းစောင့်ရှောက်မှု စနစ်မကျ၊ ဖွင့်ချိန်မှာ စာဖတ်သူရှိပြီး နောက်ပိုင်း စာဖတ်သူ မရှိသလောက်ဖြစ်တာကို တွေ့ရတယ်။ အစောပိုင်း ထွန်းကားခဲ့တဲ့ စာအုပ်အငှားဆိုင်များလည်း လက်ရှိအခြေအနေမှာ ပျောက်ကွယ်နည်းပါးလာ၊ လူတွေလည်း နေ့တဓုဝ ရုန်းကန်နေရတဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ဂျာနယ်စာစောင်၊ စာအုပ်တွေ များသလောက် (ထုတ်ဝေဖြန့်ချီတဲ့ အရေအတွက် အလွန်နည်းသေး – လူသန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံမှာ အုပ်ရေ ၅၀၀-၁၀၀၀ ထုတ်) ဝယ်မဖတ်နိုင်ကြဘူးလို့ အသိမိတ်ဆွေ စာအုပ်လုပ်ငန်းရှင်က ပြောပြဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း၊ စာအုပ်တိုက်များ၊ စာရေးဆရာများ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး ပွဲကြိုက်တဲ့ မြန်မာလူမျိုးကို စာအုပ်ပွဲတော်များနဲ့ စွဲဆောင်တိုက်တွန်း လုပ်ဆောင်နိုင်ကြရင် ကောင်းလေစွလို့ တွေးမြင်မိပါတယ်။
စာအုပ်ပွဲတော်မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတချို့  —