ရသဆောင်းပါးစုံ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အစဉ်အလာ

အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အစဉ်အလာ
စက်တင်ဘာ ၂၊ ၂၀၁၄
 
 

ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ပြန်လည် မျှဝေချင်ပါတယ်။ ပုံပြင်ရဲ့ နောက်ခံတည်နေရာအရပ်ဒေသက အိန္ဒိယနိုင်ငံ ရွာတစ်ရွာရဲ့ ဟိန္ဒူဘုရား ကျောင်းတစ်ကျောင်းမှာ ဖြစ်ပါတယ်။ ရွာသူရွာသားများဟာ ညနေခင်းရောက်တိုင်း ဘုရားကျောင်းကို လာပြီး ဟိန္ဒူနတ်ဘုရားကို ပူဇော်ကြ တယ်။ ဘုရားကျောင်းမှာ မွေးထားတဲ့ကြောင်တစ်ကောင်လည်း ရှိတယ်။ ထိုကြောင်ဟာ ဟိန္ဒူနတ်ဘုရားကို ပူဇော်ရာနေရာမှာ လာရောက် ဆော့ကစားလေ့ရှိတယ်။ ဒါကြောင့် ကျောင်းထိုင်ဖြစ်တဲ့ ဟိန္ဒူဘုန်းကြီးဟာ ဘုရားပူဇော်ချိန်မတိုင်မှီမှာ ကြောင်ကို ဖမ်းပြီး တစ်နေရာရာမှာ ပိတ်လှောင်ထားရတယ်။ ဤနည်းဖြင့် ဘုရားပူဇော်ချိန်မတိုင်မှီ ကြောင်ဖမ်းရတဲ့အလုပ်ဟာ ကျောင်းထိုင်ဟိန္ဒူဘုန်းကြီးရဲ့ နေ့စဉ်ပုံမှန်အလုပ် တစ်ခု ဖြစ်လာတယ်။

နှစ်ပေါင်းများစွာ ကြာလာပြီး တစ်နေ့မှာ ကျောင်းထိုင်ဟိန္ဒူဘုန်းကြီးကွယ်လွန်တော့ လက်ထောက်ဖြစ်တဲ့ ဟိန္ဒူဘုန်းကြီးက ယခင်ကျောင်းထိုင်ဟိန္ဒူဘုန်းကြီး တာဝန်ယူခဲ့တဲ့ အလုပ်တွေကို ဆက်လက်တာဝန်ယူရတယ်။ တစ်နေ့ကျတော့ ကျောင်းမှာ မွေးထားတဲ့ ကြောင်လည်း သေဆုံးသွားခဲ့တယ်။ ဒုတိယမြောက် ကျောင်းထိုင်ဟိန္ဒူဘုန်းကြီးဟာ ကြောင်မရှိတော့တာကြောင့် ဘုရားပူဇော်ချိန်မတိုင်မှီ လုပ်နေကျ  ကြောင်ဖမ်းခြင်းတာဝန်လည်း မရှိတော့ပါဘူး။ သို့သော် ထိုကျောင်းထိုင်ဟိန္ဒူဘုန်းကြီးဟာ ကြောင်ဖမ်းခြင်းတာဝန် မပါဝင်တဲ့ ဘုရားပူ ဇော်ခြင်းဟာ ပြည့်စုံတဲ့ ဘုရားပူဇော်ခြင်းမဖြစ်ဘူးလို့ မှတ်ထင်ခဲ့တယ်။ ဒါကြောင့် ရွာထဲမှ အခြားကြောင်တစ်ကောင်ကို ရှာယူခဲ့ပြီး ကျောင်း မှာ မွေးမြူခဲ့ပြန်တယ်။ ဤနည်းအားဖြင့် ကျောင်းထိုင်ဟိန္ဒူဘုန်းကြီးဟာ ယခင်ကလိုပဲ ဘုရားပူဇော်ချိန်မတိုင်မှီမှာ ကြောင်ဖမ်းခြင်းတာဝန်ကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့တယ်။ ပုံပြင်က ဒီမျှသာ ဖြစ်ပါတယ်။

ဒီပုံပြင်ရဲ့ ဆိုလိုရင်းရည်ရွယ်ချက်ကို စာဖတ်သူများ သဘောပေါက်ပြီ ထင်ပါတယ်။ ထုံးတမ်းအစဉ်အလာတစ်ခုကို  မစဉ်းစားမဆင်ခြင် လိုက်နာကျင့်သုံးချင်တတ်ကြတဲ့ နောင်လာနောက်သားများကို ပညာပေးချင်တဲ့ ပုံပြင်တစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ မူလဟိန္ဒူကျောင်းထိုင်ဘုန်းကြီးလုပ်ခဲ့ရတဲ့ ကြောင်ဖမ်းခြင်းအလုပ်ဟာ လိုအပ်ချက်အရ လုပ်ခဲ့ရခြင်းသာ ဖြစ်ပါတယ်။ သို့သော် နောက်ဆက်ခံတဲ့ ကျောင်းထိုင်ဟိန္ဒူဘုန်းကြီးကျတော့ ကြောင်ဖမ်းခြင်းအလုပ်ကို ဘုရားပူဇော်ရာမှာ လိုက်နာကျင့်ဆောင်ရမယ့် အစဉ်အလာအင်္ဂါရပ်တစ်ခုအဖြစ် မှတ်ယူခဲ့တယ်။ ကြောင်ဖမ်းတာ မပါတဲ့ ဘုရားပူဇော်ခြင်းဟာ ပြည့်စုံတဲ့ ဘုရားပူဇော်မှု မဟုတ်ဘူးလို့ မှတ်ထင်ယူဆခဲ့တာကြောင့် ထိုဟိန္ဒူဘုန်းကြီးဟာ အခြားကြောင်တစ်ကောင်ကို ရှာယူမွေးမြူကာ ကြောင်ဖမ်းခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

မစဉ်းစားမဆင်ခြင်ဘဲ ရှေးအစဉ်အလာတွေကို လက်ခံယုံကြည် လိုက်နာကျင့်သုံးတတ်ကြတဲ့ လူတွေရဲ့ သဘောသဘာဝကို သိမြင်တော်မူ တဲ့ မြတ်စွာဘုရားရှင်ဟာ ရှေးရှေးက အစဉ်အလာကျင့်သုံးလာခဲ့တဲ့ ဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်ရုံမျှဖြင့်လည်း အဟုတ်အမှန်လို့ မမှတ် ယူကြဖို့ရန် ကာလာမသုတ်မှာ ထည့်သွင်းလမ်းညွှန်ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ရှေးအစဉ်အလာဓလေ့ထုံးတမ်းတိုင်းလည်း အမှန်မဟုတ်။ ပညာရှိများ ချီးမွမ်းကြတဲ့ တရားလည်း ဖြစ်တယ်။ မှန်တယ်၊ အပြစ်ကင်းတယ်၊ အကျိုးရှိတယ်လို့ ကိုယ်တိုင်သိမြင်နားလည်ပြီးမှသာ ယုံကြည်လက်ခံကျင့်သုံးကြဖို့ရန် မြတ်စွာဘုရားရှင် မိန့်မှာထားခဲ့တာပါ။

သို့သော် လူအများစုအနေနဲ့ မှားယွင်းတဲ့ အစဉ်အလာတစ်ခုကို တွန်းလှန်ဖယ်ရှားရန်ထက် အသားကျပြီးသား အစဉ်အလာတွေနောက်ကို မှားမှားမှန်မှန်  ဝေဖန်ပိုင်းခြားမနေတော့ဘဲ လွယ်လွယ်ကူကူ လက်ခံစီးမျောလိုက်ပါနေကြတာက များပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ကာလာမသုတ်လာ ဗုဒ္ဓရဲ့ လမ်းညွှန်မိန့်ကြားချက်ကို ဘယ်လောက်အထိ လိုက်နာကျင့်သုံးမှု ရှိနေကြပါ သလဲ။ ဆန်းစစ်သင့်လှပါတယ်။ အမှန်တကယ်တော့ အာဏာရှင်စစ်အုပ်စုရဲ့ အာဏာအပိုင်စီးမှု အစဉ်အလာမှ စပြီး ပြည်သူပြည်သားများရဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို အလေးမထားမှု အစဉ်အလာ၊ မြို့ရွာသန့်ရှင်းသပ်ရပ်ရေးကို အရေးမစိုက်ဘဲ စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်မှု အစဉ်အလာအဆုံး ခေါက်ရိုးကျိုးနေတဲ့ မှားယွင်းတဲ့ အစဉ်အလာတွေရဲ့ နောက်မှာ စီးမျောလိုက်ပါနေကြသူတွေက ပိုပြီး များနေတာပါ။

၁၉၆၂ ခုနှစ်မှ စပြီး ဦးနေဝင်းဟာ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို စတင်မွေးဖွားခဲ့တယ်။ ၁၉၆၂ မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီစစ်အာဏာရှင်စနစ်နဲ့ ၁၉၇၄ မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တယ်။ ၁၉၈၈ မှ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ နဝတ နအဖ စစ်အာဏာရှင်စနစ်ကို ဦးနေဝင်းကို ဆက်ခံတဲ့ စစ်ဗိုလ်ချုပ်တွေက ဆက်လက်ကျင့်သုံးခဲ့တယ်။ ၂၀၁၁ ခုနှစ်မှစပြီး အရပ်ဝတ်ပြောင်း စစ်ဗိုလ်ချုပ်တွေကပဲ စစ်တပ်လွှမ်းမိုးတဲ့ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံး လာခဲ့တာ ယနေ့အထိပါ။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ တိုင်းပြည်အာဏာကိုယူထားကြသူအဆက်ဆက်ဟာ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတဦးသန်းစိန်ရဲ့ အစိုးရဟာ အရပ်သားဒီမိုကရေစီအစိုးရမဟုတ်ဘူးလားလို့ စောဒကတက်ရင်တော့ ပြည်သူတွေကို လှည့် စားထားတဲ့ ဒီမိုကရေစီအတုသာ ဖြစ်တယ်လို့ ဖြေရပါလိမ့်မယ်။ ယခင် စစ်အာဏာရှင်စနစ်အတိုင်း စစ်ဗိုလ်ချုပ်တွေ လွှမ်းမိုးချုပ်ကိုင်ခွင့် ရထားတဲ့ ရေရောဒီမိုကရေစီသာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ ယနေ့ကျင့်သုံးနေတဲ့ ဒီမိုကရေစီအတုရဲ့ ကြောရိုးပါ။ ကြောရိုးဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံကျင့်သုံး နေသရွေ့  ၁၉၆၂ ခုနှစ်မှ စခဲ့တဲ့ ဦးနေဝင်းချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်အစဉ်အလာဟာ ရှင်သန်ကြီးထွားနေအုံးမှာပါ။ မြန်မာနိုင်ငံကို ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်စေခဲ့တဲ့ စစ်အာဏာရှင်စနစ်အစဉ်အလာကို စစ်ဗိုလ်ချုပ်အဆက်ဆက်က လက်ဆင့်ကမ်းလာခဲ့တာဟာ ယနေ့ သမ္မတဦးသိန်းစိန်လက်ထက်တိုင်အောင်ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောရိုးဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေတည်မြဲနေသေး သရွေ့ စစ်အာဏာရှင်အစဉ်အလာကို အနာဂတ်စစ်ဗိုလ်ချုပ်တွေက လက်ဆင့်ကမ်းသွားကြပါလိမ့်အုံးမယ်။

တနည်းအားဖြင့် အဓမ္မဝါဒ အာဏာရှင်စနစ်ဆိုးကြီးရဲ့ အတွင်းအဇ္ဈတ္တဖြစ်တဲ့ ကိုယ်ကျိုးအတ္တ ဝိသမလောဘ ဒေါသအာဃာတ မောဟ စတဲ့ ဦးနေဝင်း စတင်မီးမွှေးခဲ့တဲ့ ကိလေသာအပူမီးဟာ နောင်မျိုးဆက် စစ်ဗိုလ်ချုပ်တွေရဲ့ သန္တာန်မှာ ကူးစက်လောင်မြိုက်သွားခဲ့တာ ယနေ့အထိပါ။ ယခုဆိုလျှင် ထိုအတွင်းအဇ္ဈတ္တမီးရဲ့ အပူရှိန်နဲ့ ပမာဏဟာ ယခင်ကထက် အဆမတန် ပြင်းထန်ကြီးထွားလာခဲ့ပါပြီ။ ထိုအဇ္ဈတ္တမီးဟာ စစ်ဗိုလ်ချုပ်တွေကိုသာမက ခရိုနီတွေဆီကိုလည်း ကူးစက်လောင်မြိုက်သွားပါပြီ။ ထိုအဇ္ဈတ္တမီးဟာ ငရဲမီးနဲ့ ကူးလူးဆက်ဆံ သွားနိုင်ဖွယ် ရှိနေပါတယ်။

အာဏာရှင်စနစ်အစဉ်အလာကို ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံးက အဆုံးသတ်ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက အာဏာရှင်စနစ်အစဉ်အလာရဲ့ အတွင်းအဇ္ဈတ္တကိ လေသာမီးကို ဆက်လက်လောင်မြိုက်စေခဲ့ပြန်တာ ယနေ့အထိတိုင်ပါ။

အတွင်းအဇ္ဈတ္တကိလေသာမီးက မီးတောင်တစ်ခုရဲ့ အတွင်းမှ ချော်ရည်ပူနဲ့ အလားသဏ္ဍာန်တူပြီး အာဏာရှင်စနစ်အစဉ်အလာကတော့ ပြင်ပကို ပေါက်ကွဲစီးထွက်လာတဲ့ ချော်ရည်ပူနဲ့ အလားသဏ္ဍာန်တူတယ်လို့ ဆိုနိုင်ပါတယ်။

ဂျပန်နိုင်ငံဟာ သဘာဝမီးတောင်ရှင်တွေ အလွန်ပေါများတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သို့သော် မြန်မာနိုင်ငံမှာ ထိုသဘာဝမီးတောင်တွေထက် အဆပေါင်းများစွာ အန္တရာယ်များတဲ့ ရှင်သန်ပေါက်ကွဲနေဆဲ ကိုယ်ကျိုးအတ္တဝိသမလောဘမီးတောင်ကြီးတွေနဲ့ အာဏာရှင်စနစ်ချော်ရည် ပူတွေ မြေပြင်အနှံ့ ပြန့်ကြဲစီးဆင်းနေဆဲ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

မီးတောင်ကြီးတွေ ရှင်သန်နေသရွေ့ ချော်ရည်ပူတွေလည်း ဆက်လက်ပေါက်ကွဲစီးဆင်းနေအုံးမှာပါ။  မီးတောင်ရှင်ကြီးတွေကို မီးတောင် သေတွေဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲ။ တကယ်တော့ ခက်ခဲတဲ့ အရာတော့ မဟုတ်ပါ။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ကာလာ မသုတ်မှာ လမ်းညွှန်ချက်ရှိပြီး ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လမ်းညွှန်ချက်ကို လက်တွေ့ကျင့်သုံးရန်သာ လိုအပ်နေတာပါ။ လိုအပ်ချက်က မှားယွင်းတဲ့ အစဉ်အလာတွေကို စွန့်ပယ်ရန်သာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts