နိုင်ငံတကာရေးရာ

ဇာဝါရီ – တောင်ကိုရီးယား အလှမယ်ပြိုင်ပွဲမှ ထွက်ပြေးခဲ့တဲ့ အင်္ဂလန်အလှမယ်

ဇာဝါရီ – တောင်ကိုရီးယား အလှမယ်ပြိုင်ပွဲမှ ထွက်ပြေးခဲ့တဲ့ အင်္ဂလန်အလှမယ်
စက်တင်ဘာ ၁၊ ၂၀၁၄

ရှုပ်ထွေးပွေလီနေတဲ့ အရှုပ်တွေများနဲ့ မြန်မာပြည်မှာ ဒီရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ အလှမယ် မေမြတ်နိုးရဲ့  ပြဿနာကလည်း နိုင်ငံသိမဟုတ်၊ ကမ္ဘာကျော် ဖြစ်နေတယ်ဆိုတော့ ဒီ ရုပ်ဆိုးညစ်စုတ်လှတဲ့ အလှမယ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဖတ်မိတဲ့ သတင်းတပုဒ်ကို မိုးမခစာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ် (Bristol) မြို့  အလှမယ် Amy Willerton က သူ့အနေနဲ့ Miss Asia Pacific World အလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ တောင်ကိုရီးယားအလှမယ်အဖွဲ့နဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုလိုက်တယ်။

အင်္ဂလန်နိုင်ငံ ၂၀၁၃ Miss Universe Great Britain သရဖူပိုင်ရှင်၊ ၂၀၁၀ အသက် (၁၇) နှစ်မှာ ဘရစ်စတိုလ်မြို့  အလှမယ်သရဖူ ရရှိခဲ့သူ၊ ၂၀၁၁ မှာ Miss Bath နဲ့ ၂၀၁၂ မှာ Miss Wales  ဆုတွေ ဆွတ်ခူးထားသူ အလှမယ် အေမီ က ဒီနှစ်အစောပိုင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Miss Asia Pacific World ပြိုင်ပွဲကာလအတွင်း သူ့ရဲ့  လုံခြုံရေးအတွက် ပြိုင်ပွဲမှာ ထွက်ခဲ့ကြောင်း ပြောဆိုတယ်။

အသက် (၁၉) နှစ်သူ အေမီ က အင်္ဂလန်နိုင်ငံ Wales ပြည်နယ်ကိုယ်စားပြုပြီး ဒီနှစ်အစောပိုင်း မေလမှာ တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia Pacific World (မေမြတ်နိုး အနိုင်ရရှိခဲ့ပြီး သရဖူးပြန်သိမ်းမယ် ဘာညာအရှုပ်အရှက် ပြဿနာများဖြစ်နေတဲ့ ပြိုင်ပွဲ) အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်တယ်။

အေမီရဲ့  စွပ်စွဲပြောဆိုချက်တွေထဲမှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူတွေကို လိင်ပိုင်ဆိုင်ရာ နှောက်ယှက်မှုတွေ၊ လာဘ်စားမှုတွေ ရှိသလို၊ အစားအသောက်လည်း မကျွေးခဲ့ဘူးလို့ ဆိုတယ်။

အလှမယ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Lawrence Choi က ဒီလို ပြိုင်ပွဲဝင်သူတွေရဲ့  ပြောဆိုမှုတွေကို သူ့အနေနဲ့ တောင်းပန်ကြောင်း။ သူ့ရဲ့  အီးမေးလ်မှာ ဒီလိုလုပ်ရပ်တွေက အလှမယ်ပြိုင်ပွဲကို ထိခိုက်ပျက်စီးစေခဲ့ပြီး ဆိုးဝါးတဲ့လုပ်ရပ်တွေလို့ ပြောဆိုထားတယ်။

အလှမယ်သရဖူ အနိုင်ရရှိသူအနေနဲ့ ဆုငွေ ဒေါ်လာနှစ်သောင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အခမဲ့ ခွဲစိတ်ပြုပြင်ပေးမယ့် ဒီအလှမယ်ပြိုင်ပွဲကို နိုင်ငံ (၅၀) မှ အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။

ကျမတို့ကိုထားတဲ့ ဟိုတယ်အခန်းတွေဆိုရင် အိပ်ရာအခင်းအကျင်း ဘာမှမရှိဘူး။ အစားအသောက်လည်း မပေးဘူး။ ဒါကို ကျမအနေနဲ့ ချက်ချင်း ကန့်ကွက်ပြောဆိုတော့ သူတို့က ဒီလို ပူညံပူညံ လုပ်နေရင် ပြိုင်ပွဲမှာ အနိုင်ရစရာ အခွင့်မရှိဘူးလို့ ခြိမ်းခြောက်ပြောဆိုတယ်။

နောက်တဆင့် တက်လာတာက ပြိုင်ပွဲမှာ ဆုရဖို့အတွက် လာဘ်ထိုးဖို့၊ ပြီးတော့ လိင်ကာမပိုင်းဆိုင်ရာ အနှောက်အယှက်တွေ တောင်းဆိုမှုတွေ ပြုလုပ်လာတယ်။ တော်တော်လေးကို ဆိုးဝါးတဲ့ အခြေအနေဖြစ်လာခဲ့တယ်။  ဒီလို လွန်ကျူးတဲ့ ကာမပိုင်ဆိုင်ရာ အနှောက်အယှက်တွေ ရှိလာတော့ သူနဲ့ ပြိုင်ပွဲဝင် အလှမယ်တချို့ က သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားတိုင်ကြားခဲ့တယ်။

ရဲတွေရောက်ရှိလာပြီး ပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌကို ခေါ်ယူမေးမြန်းစစ်ဆေးတဲ့အခါ ကျမတို့ကို ပြိုင်ပွဲစီစဉ်သူတွေက တားမြစ်ထားပြီး စကားပြောဆိုခွင့် လုံးဝမပေးခဲ့ဘူး။ ပြီးတော့ ရဲကို ပြိုင်ပွဲဥက္ကဋ္ဌ က ပိုက်ဆံအိတ်ဖွင့်ပြီး ငွေပေးလာဘ်ထိုးလိုက်တယ်။ ကျမတို့ ဘာသာပြန်က ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေနဲ့ ရဲတွေ ပြောဆိုချက်တွေကို ဘာဆိုဘာမှ ဘာသာမပြန်ပေးဘူးလို့ အေမီ က သတင်းထောက်များကို ပြောဆိုတယ်။

ဒါနဲ့ မစ္စအေမီ က သူ့အစီအစဉ်နဲ့သူ ပြိုင်ပွဲကနတ်ထွက်ပြီး အိမ်ပြန်သွားခဲ့တယ် (အေမီနဲ့အတူ Guyana နဲ့ Costa Rica နိုင်ငံတို့မှ အလှမယ်များလည်း ပြိုင်ပွဲမှ နုတ်ထွက်ပြီး၊ အတူထွက်ပြေးခဲ့တယ်။ ပြိုင်ပွဲကျင်းပသူတွေက လေယာဉ်ကွင်းအထိ လိုက်လံပြီး နှောက်ယှက်တားဆီးခဲ့ကြတယ်လို့ သူတို့က ထွက်ဆိုတယ်)။ ပြိုင်ပွဲဝင်ဖို့အတွက် လာရောက်ခဲ့တဲ့ လေယာဉ်ခရီးစရိတ်ကို ပြန်ပေးမယ်လို့ ပြောဆိုထားတဲ့ကတိကို ပြိုင်ပွဲကော်မတီက ငြင်းဆိုပြီး ပြန်မပေးခဲ့ဘူး။ ဒါကြောင့် နိုင်ငံတကာတရားဥပဒေနဲ့ ဒီပြိုင်ပွဲကျင်းပသူတွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေကြောင်း မစ္စအေမီ က ပြောဆိုတယ်။

ဘီဘီစီ က ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူ မစ္စတာ Choi ကို မစ္စအေမီ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးကြားပေမယ့် အကြောင်းပြန်ဆိုခြင်း မရှိခဲ့ဘူး။  သူ့ရဲ့  အီးမေးလ် တုန့်ပြန်ချက်ကတော့ ပြိုင်ပွဲအခမ်းအနား ဝင်ရောက်တဲ့ အလှမယ်များ နေထိုင်ဖို့ နဲ့ သွားလာဖို့အတွက် စီစဉ်ထားတဲ့ ဟိုတယ် နဲ့ ခရီးသွားလာရေးကုမ္ပဏီက သူတို့နဲ့ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အခုလို လိုအပ်ချက်တွေ ရှိခဲ့ကြောင်း ရှင်းလင်းပြောဆိုထားတယ်။

အချုပ်ပြောရရင် ဒါဟာ ကျနော့်ရဲ့  အမှား၊ အပြစ်ပါ။ ကျနော်မှာ အမြင်စိတ်ကူးရှိပေမယ့် တကယ့်လက်တွေ့မှာ ရင်ဆိုင်ရမှာတွေကို အလေးပေး မပြင်ဆင်မဖြေရှင်းခဲ့ဘူး။ ဒီလိုမျိုး ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော်အနေနဲ့ အထူးဝမ်းနည်းမိပါတယ်လို့ ပြောဆိုထားတယ်။

ဘီဘီစီသတင်းဌာနက တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့  ရဲစခန်းကို ဆက်သွယ်စုံစမ်းတဲ့အခါ အာဏာပိုင်များက သူတို့ စုံစမ်းစစ်ဆေးချက်တွေအရ ရဲအရာရှိများအနေနဲ့ ဒီပြိုင်ပွဲတာဝန်ရှိသူများထံမှ လာဘ်ငွေခြစားမှု မရှိကြောင်း၊ တခြားပါဝင်ပတ်သက်မှုများ မတွေ့ရကြောင်း ပြောဆိုတယ်။ တာဝန်ရှိသူများကို ပိုက်ဆံအိတ်ဖွင့်ပြီးပေးတာ ငွေကြေးမဟုတ်ဘဲ၊ မစ္စတာ Choi ရဲ့  စီးပွားရေးလုပ်ငန်း ကတ်ပြားဖြစ်ကြောင်း ရဲဌာနက ပြောဆိုတယ်။

ကိုးကားသတင်း – http://www.bbc.co.uk/news/uk-england-bristol-15369197


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဇာဝါရီ – တောင်ကိုရီးယား အလှမယ်ပြိုင်ပွဲမှ ထွက်ပြေးခဲ့တဲ့ အင်္ဂလန်အလှမယ်
  1. I wonder why Burma won then. It s a shame that Burmese people don’t have dignity or respect and don’t know how to behave. Not sure if this is a reputable contest because people are supposed to be professional and also contestants need to be respectful and not be selfish or self absorbed.

  2. People need to have class . It s not something that money can buy. Keeping the crown and stealing it doesn’t make you a beauty queen. It makes you a thief. Myanmar girls should be careful for if they don’t show respect to others and abuse the opportunity , the whole world will know . So they should be careful.

Comments are closed.