တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အပစ်အခတ်ရပ်စဲရေး ခေါင်းလောင်းကြီး အရင်ဆယ်ကြပါဦး

တူမောင်ညို – အပစ်အခတ်ရပ်စဲရေး ခေါင်းလောင်းကြီး  အရင်ဆယ်ကြပါဦး
သြဂုတ်လ ၂၇၊ ၂၀၁၄
 

ဓာတ်ပုံ (မရငတ) ဆီမှ ကူးယူသည်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်၊ ဝန်ကြီး ဗိုလ်အောင်မင်း တို့ အာဘောင်အာရန်းသန်သန်ပြောဆိုနေကြသော “နိုင်ငံရေးဆွေးနွေးပွဲနဲ့  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးရေးကိစ္စ” တို့သည် “ဓမ္မစေတီ ခေါင်းလောင်း” ဆယ်နေကြသည့် ကိစ္စနှင့် အခြေအနေခြင်း အတော်ဆင်တူပါသည်။

ဗိုလ်အောင်မင်းတို့ကို “အပစ်အခတ်ရပ်စဲရေးခေါင်းလောင်းဆယ်နေကြသူများ” လို့ ဆိုရင် အားလုံး က လက်ခံကြလိမ့်မည်ဟု ထင်ပါသည်။ အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးတော့ ထိုးကြလိမ့်မည် သို့သော် ဘယ်နေ့မှန်းမသိ။ ဘယ်နေ့ လက်မှတ်ထိုးဖြစ်မလဲ ဆိုသည့် နေ့ကောင်းရက်သာကို (ဗိုလ်)ဗိုလ်အောင်မင်းတို့  နဂါးထံ တိုးတိုးတိတ်တိတ်သွားပြီး မေးထားသင့်သည်။ ကျနော့်အကြံပေး သည်ပင် နောက်ကျ နေပြီလားမပြောတတ်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်၊ ကာချုပ် ဗိုလ်မင်းအောင်လှိုင်တို့က UWSA “ဝ” အဖွဲ့၊ NDAA (မိုင်းလား) အဖွဲ့နဲ့ SSA (ဝမ်ဟိုင်း)အဖွဲ့ တို့ အား သြဂုတ်လ ၂၅ နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာ၌ သမ္မတ(ဗိုလ်) ဦးသိန်းစိန် နှင့် ကာချုပ် ဗိုလ်မင်းအောင်လှိုင် ဘယ်လိုစကားတွေပြောခဲ့သည်တော့မသိ အစိုးရပိုင် နှင့်စစ်တပ်ပိုင် (မြန်မာ့အလင်း/ ကြေးမုံ/မြဝတီ)သတင်းစာတွေကတော့ ထုံးစံအတိုင်း သူတို့ဘက်ကပြောခဲ့သည့် စကားတွေသာ တစ် ဖက် သတ်ဖော်ပြထားသည်။ တစ်ဖက်အဖွဲ့အစည်းက ဘာတွေ မေးပြီး ဘာတွေဆွေးနွေးသည်၊ ဘယ်အချက်တွေ သဘောတူညီကြပြီး၊ ဘယ်တွေ ကွဲလွဲကြသည်ကိုမူ ဘယ်တုန်းကမျှ အသေးစိတ်ဖော်ပြခြင်းမရှိခဲ့။ “ဆွေးနွေးသည်၊ မှာကြားသည်၊ ရှင်းပြသည်” စသဖြင့် “အမေးနွားကျောင်းသား – အဖြေဘုရားအလောင်း” ဆိုသော အချိုးမျိုးဖြင့် သူတို့ ဘက်မှ ပြောဆိုမှုများကိုသာ ရင့်ရင့်သီးသီး ကွက်ပြီး ဖော်ပြစမြဲဖြစ်သည်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန် ပြောကြားချက်ထဲမှ အောက်ပါအချက်တစ်ခုတည်းကိုသာ သတင်းစာ ၃ စောင်စလုံးက  အဓိက ထားဖော်ပြထားသည်။

“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်သည်နှင့် တစ်ပြိုင် နက် ပညာရေး၊ ကျန်းမာရေး၊ပြန်လည်ထူထောင်ရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း” တဲ့။

ခေါင်းလောင်းက ဘယ်ဝယ်၊ ဘယ်ဆီနစ်မြှုပ်နေမှန်းရေရေရာရာမသိသေးဘူး။ ခေါင်းလောင်းပေါ်လာရင် ဘယ်နားထားကြ မလဲ။ ခေါင်းလောင်းဆယ်သူတွေကိုနိုင်ငံတော်ကဘယ်လိုဂုဏ်ပြုချီးမြှောက်မလဲ ဆိုသည့်ကိစ္စများကို ပြောနေကြဘိသကဲ့သို့ မုန့်ဆီကြော် နဲ့ နှုတ်ခမ်းနာတည့်ပါ့မလား ဆိုသလို  ဖြစ်နေကြသည်။

တဆင့်ခြင်းပြောရလျှင် အပစ်အခတ်ရပ်စဲရေးစာချုပ်ပဲ လက်မှတ်ထိုးနိုင်အောင်လုပ်ကြပါဦး။

ဤအချက်သည် ဘယ်ဆီဘယ်ဝယ်မှန်းမသိသေးသည့် “နိုင်ငံရေးဆွေးနွေးမှု ဆိုသည်များ” အတွက် တစ်ဖတ်သတ်ကြိုတင် စည်းကမ်းသတ်မှတ်ချက် ဖြစ်နေသည်။ အုပ်ချုပ်ရေးနှင့်စီးပွားရေးကိစ္စများကို တမင်ချပ်လှပ်ထားသလော သို့တည်းမဟုတ်  အုပ်ချုပ်ရေး ကိစ္စသည်“နိုင်ငံတော်”ကသာပိုင်ဆိုင်သော အရေးအရာကိစ္စဖြစ်သဖြင့် ထမင်မထည့်ခြင်းလော၊ ထိုကိစ္စများကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက သဘောတူလက်ခံ/လက်မခံ ဆိုသည့် ကိစ္စကိုလည်း သတင်းစာများ၌ဖော်ပြမထား၍မသိရ။ ကြည့်ရမြင်ရသည် မှာတော့ သမ္မတ (ဗိုလ်)သိန်းစိန်နှင့်ဝန်ကြီး ဗိုလ်အောင်မင်းတို့ ဘက်က မထွေးလေးမြွေမြိုသလို တစ်ရစ်ပြီးတစ်ရစ်၊ တစ်ဆင့်ပြီး တစ် ဆင့် မြိုမည့်သဘော၊ ရန်သူ့ ခံကတုတ်ကျင်းများကို တစ်ခုချင်း၊ တစ်ပိုင်းချင်းသိမ်းယူမည့် ခြေလှမ်းပင်။

သဘောထားရိုးရိုးဖြင့်စဉ်းစားကြည့်လျှင် တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းဆွေးနွေးကြပြီး နိုင်ငံရေးပြေလည်မှုရှိပြီးမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းက ပို၍ကျိုးကြောင်းဆီလျော်မည်ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲထားမည် ဆို သည့် ရည်ရွယ်ချက်ကပင် နိုင်ငံရေးဆွေးနွေးမှုများကို စိတ်အေးလက်အေး လုပ်ဆောင်နိုင်ကြရေးဖြစ်သည်။ နိုင်ငံရေးကို တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းနေကြစဉ် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စများကြောင့်ဖြစ်ပေါ်လာနိုင်သည့် မမျှော်မှန်းနိုင်သည့် ထိတွေ့မှုများ၊ ပဋိပက္ခ များကြောင့် ဆွေးနွေးပွဲကို မထိခိုက်စေသင့်ပေ။

နိုင်ငံရေးကိစ္စများပြီးပြတ်ပြေလည်သွားတော့မှသာ ထူထောင်ရေးနှင့်ပြန်လည်နေရာချထားရေးကိစ္စများကို စတင်ရပေမည်။ တကယ်တော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ သဘောတူစာချုပ် ဘယ်တော့လက်မှတ်ရေးထိုးနိုင်မည့်နေ့ရက်ကို မည်သူမျှ ရေရေ ရာရာ တိတိကျကျ ပြောနိုင်သည့်ကိစ္စမဟုတ်။ (နဂါးတော့ပြောနိုင်မလား မသိ)

ကာချုပ်ပြောသည်များကို ကြည့်ကြပါဦးစို့

ကာချုပ်က သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကဲ့သို့ တိုတိုမပြော။ အကျယ်တဝင့်ပြောသည်။

ငြိမ်းချမ်းရေးမူ  ၆ ချက်ဟူ၍ အမည်သစ် ပြောင်းထားသည့် “ကာချုပ်မူ (၆) ရပ်” ကို ရှင်းလင်းချက်ကို သတင်းစာများက ဖော်ပြထားသည်။ ကာချုပ်၏ အကျယ်တဝင့်ဆွေးနွေး သည်များကို  (UNFC) ပထမအကြိမ်ညီလာခံကျင်းပနေသော ညီလာခံခန်းမထဲ မှ စောမူတူးဆေးဖိုး၊ နိုင်ဟံသာ၊ ခွန်ဥက္ကာ၊ ပဒိုစော ကွယ်ထူးဝင်း၊ ဗိုလ်ဂွန်မော်တို့ သတိပြုမိကြလိမ့်မည်ဟု ထင်ပါသည်။

ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပြောကြားချက်ကို သံခိပ်လုပ်၍ ဖော်ပြရလျှင် “အင်အားမစုရ၊ဆက်ကြေးမကောက်ရ၊ လက်နက် မတပ်ဆင်ရ၊တပ်နေရာမတိုးချဲ့ရ၊ ထုတ်ပြန်ထား သည့်ဥပဒေများ မလိုက်နာ လျှင်အရေးယူမည်၊ တည်ဆဲဥပဒေများကို အားလုံးက လိုက်နာရမည်၊ ၂၀၀၈ အခြေခံဥပဒေကိုလည်းလိုက်နာရမည်”။ ဤ ငြိမ်းချမ်းရေးမူ ၆ ချက်သည် “အကျိုးသင့် အကြောင်းသင့် လိုက်နာ သင့်သောအချက်များဖြစ်တယ်” လို့ပင် ပြောသွားပါသည်။

ထိုသို့ပြောကြားသည်များထဲတွင် “အစိုးရသည် လွှတ်တော်မှတစ်ဆင့် ပေါ်ပေါက်လာရသကဲ့သို့၊ လွှတ်တော်ပေါ်ပေါက်လာရ ခြင်းသည်လည်း အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခဲ့၍ ပေါ်လာရကြောင်း၊ တပ်မတော်ကလည်းဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြာင်း” ပြောသွားသည်။ “အစိုးရ၊ လွှတ်တော်၊ တပ်မတော်” တို့အကြားမှာ “ပွတ်တိုက်မှုတွေရှိနေတယ်” ဆိုပြီး ထင်ယောင်ထင်မှားဖြစ်နေမှုများနဲ့ ထင်မှတ်မှားနေကြသူများကို သိလွယ်မြင်လွယ်အောင် ရှင်းလင်းပေးသွားဟန်တူပါသည်။

ဆွေးနွေးခန်းတစ်ခု တွင် (VOA) ဦးကျော်ဇံသာ၏ “အဲဒါကို (ဖက်ဒရယ်မူ) အကောင်အထည်ဖော်ပေးမယ်လို့ လက်ခံ တာ လား။ သို့တည်းမဟုတ် အဲဒါကို လက်ခံဆွေးနွေးမယ်ဆိုတာလား”  ဆိုသည့် အမေးကို နိုင်ဟံသာက အခုလိုရှင်းလင်း ဖြေကြားပါသည်။

“ဒီလိုပါ အဲဒီမူ(ဖက်ဒရယ်မူ)ကို ဦးတည်တဲ့ ဆွေးနွေးမှုအနေနဲ့လုပ်မယ်။ ဒါကတော့ အသေးစိတ်ကတော့လာမယ့် ဆွေးနွေးပွဲ မှာလာမယ်။ ဒါပေမဲ့ လာမယ့်ဆွေးနွေးပွဲမှာ အဲဒီကိစ္စတွေကို ဆွေးနွေးမယ်။ အဲဒါကို ဦးတည်တဲ့ ဆွေးနွေးမှုတွေကို ဆွေးနွေးမှာပေါ့” တဲ့။

နိုင်ဟံသာ၏ ဤအဖြေစကားအရဆိုရင် “ဖက်ဒရယ်မူ”ကို အစိုးရဘက်ကလက်ခံတယ်လို့ ဘယ်လိုမှပြောလို့မရနိုင်ဘဲ  အချက် အလက်တစ်ခု အနေဖြင့်သာ “ဆွေးနွေးပွဲတွင်  ဆွေးနွေးရန် လက်ခံခြင်း” ဖြစ်သည်။
နိဂုံးချုပ်အကြံပြုရလျှင် “အပစ်အခတ်ရပ်စဲရေးခေါင်းလောင်းကြီး  အရင်ဆယ်ကြပါဦး”

ညွန်း
၂၁- ၈-၂၀၁၄ ၊ (VOA) ဦးကျော်ဇံသာနှင့်နိုင်ဟံသာ (မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး) ဆွေးနွေးခန်း
၂၆ – ၈ – ၂၀၁၄ ၊ မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီသတင်းစာများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – အပစ်အခတ်ရပ်စဲရေး ခေါင်းလောင်းကြီး အရင်ဆယ်ကြပါဦး
  1. ဒီစာထဲမရှင်းတာ သူတို့ဖက်​ကဆို​တော့ ခင်​များကဘယ်​သူ့ဖက်​ကလဲ ခင်​များကဘာလဲ ဘာကိုမ​ကျေနပ်​​နေတာလဲ ဘာဖြစ်​​စေချင်​တာလဲ
    ပြည်​သူပြည်​သားအားလုံးလုံခြုံ​​ဘေးကင်းပြီးတရားမျှတမှု​တွေရှိဖို့ဘာအ​ရေးကြီးဆုံးလို့ခင်​များထင်​ပါသလဲ

Comments are closed.