သူတို့အာဘော် မောင်ရစ်

မောင်ရစ် – အရောင်ဆိုးမထားတဲ့ သတင်းနဲ့ စာများသာ ဖတ်ချင်သည်

မောင်ရစ် – အရောင်ဆိုးမထားတဲ့ သတင်းနဲ့ စာများသာ ဖတ်ချင်သည်
အယ်ဒီတာလက်ရေး (၃၆)။   သြဂုတ် ၂၆၊ ၂၀၁၄

အီရတ်ကို အကြမ်းဖက်သိမ်းပိုက်နေသည့် ဘာသာရေးအစွန်းရောက် ISIS များက အမေရိကန်သတင်းသမားကို လူပုံအလယ်မှာ ရက်စက်စွာ သတ်ဖြတ်လိုက်သောအခါ အဆိုပါ ISIS တို့က တင်ထားသော ဓာတ်ပုံကို သတင်းသမားများသာမက ဆိုရှယ်မီဒီယာပရိသတ်ကလည်း အလုအယက် ရှယ်ကြ၊ သုံးကြ၊ သတင်းလုပ်ကြတော့သည်။ ထိုအခါ မေးခွန်းမှာ သတ်ဖြတ်သူတို့ကိုယ်တိုင် တင်ဆက်သောဓာတ်ပုံနောက်ကွယ်က သတင်းတန်ဖိုးသည် မည်မျှကြီးကျယ်သနည်း၊ မည်မျှ ထိရောက်ပါသနည်း။ ရက်သတ္တပတ် ၁ ခု လွန်မြောက်သောအခါ သတင်းသမားတို့သည် ရက်စက်သူတို့ဝါဒဖြန့်သော သတင်းဓာတ်ပုံကို မသုံးစွဲကြတော့ဘဲ မတရားသတ်ဖြတ်ခံရသူ သတင်းသမား၏ အတိတ်က သာမန်ဓာတ်ပုံတခုကိုသာ ရွေးချယ်သုံးစွဲပြီး သတင်းရေးသားလာကြသည်ကို တွေ့ရသည်။ သတင်းသမားအချို့က ထုတ်ဖော်ဝန်ခံသော သင်ခန်းစာမှာ ရာဇ၀တ်မှုကျူးလွန်သူက ရည်ရွယ်ချက်ရှိရှိထုတ်ပြန်ပေးသော ဓာတ်ပုံကို သုံးစွဲလိုက်မိသဖြင့် အစွန်းရောက်အကြမ်းဖက်သမားတို့အတွက် ၀ါဒဖြန့်ချိရေးကိရိယာသဖွယ် သတင်းမီဒီယာတို့ အသုံးချခံလိုက်ရခြင်းကို မိမိတို့ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်း တုန့်ပြန်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

အမေရိကန်ပြည် မြို့ငယ်လေးတမြို့က လက်နက်မဲ့လူငယ်တဦးကို လူဖြူရဲသားတဦးက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ပစ်လိုက်သောအခါ အမေရိကန်တပြည်လုံး အုံကြွကြလေသည်။ ဥပဒေဘက်တော်သား လုံခြုံရေးရဲတပ်ဖွဲ့က အဆိုပါလူငယ်သည် လူမည်းဖြစ်နေခြင်း၊ ဆေးခြောက်သုံးစွဲသည်ဟု သံသယရှိခြင်း၊ ရာဇ၀တ်မှုကျူးလွန်ခဲ့သည်ဟု ယူဆခြင်း၊ ရဲအရာရှိကို ခုခံရန်ပြုခြင်းများ လုပ်သည်ဟု ထုတ်ဖော်ပြန်ကြားချက်များသည် လူထုနှင့် လူတန်းစားမျိုးစုံကို ပိုမိုအုံကြွအောင် စေ့ဆော်လိုက်သည်ဟု  သုံးသပ်လာကြသည်။ လက်နက်မဲ့တဦးကို လက်နက်ကိုင်ရဲတဦးက အသက်သေစေသည်အထိ အရေးယူဆောင်ရွက်ခြင်းကြောင့် ရဲတပ်ဖွဲ့ကိုယ်တိုင် အဆိုပါရဲအား ဥပဒေနှင့်အညီ စစ်ဆေးစီရင်ရမည်ဟူသော အချက်အလက်ထက် အသတ်ခံရသော လူငယ်တဦးသည် ပတ်ဝန်းကျင်အတွက် အန္တရာယ်ပြု ခြိမ်းခြောက်နေသူအဖြစ် သတင်းပုံသွင်း ထုတ်ပြန်မှု၏ နောက်ဆက်တွဲ ရလဒ်ကား အမေရိကန်ပြည်သည် မြန်မာပြည်ကဲ့သို့ပင် အာဏာလက်နက်ရှိသူတို့က လက်နက်မဲ့ပြည်သူအပေါ် ဗိုလ်ကျအနိုင်ကျင့်ခွင့်ရှိနေသည်ဟု တတန်းစားတည်းသော ရှုမြင်မှုကို ထင်ရှားစေလေတော့သည်။

အထက်ပါ သတင်းဖြစ်ရပ်တို့ကြောင့် စာဖတ်ပရိသတ်နှင့် ဆိုရှယ်မီဒီယာတို့သည် သတင်းသံယောင်လိုက်ခြင်းမှသည် နောက်ဆက်တွဲ ရိုက်ခတ်မှုများကို မည်၍မည်မျှ ပြင်းပြင်းထန်ထန် ခံစားကြသည်။ တုန့်ပြန်ကြသည်ကို တွေ့ကြရသည်။ ဓားစာခံ အသက်ဆုံးရှုံးရသူတဦး၏ လူသားဂုဏ်သိက္ခာနှင့် လူမှုပတ်ဝန်းကျင်၏ နောက်ခံအကြောင်းအရာ၊ အနာဂတ်သက်ရောက်မှုတို့ကို စဉ်းစားဆင်ခြင်ရန် မီဒီယာကော၊ ပရိသတ်တွင်ပါ အားနည်းခဲ့ကြသည်ဟု သုံးသပ်ကြလေသည်။ ISIS ၏ သတင်းတွင် အစွန်းရောက်အကြမ်းဖက်သမား၏ မီဒီယာသုံးဝါဒဖြန့်မှုနှင့် သတင်းသမားတဦး၏ စွန့်စားမှုကို လူအများ ဦးစားပေး ဆင်ခြင်ရန် လိုအပ်သည်ဟု ဆိုကြသကဲ့သို့ အမေရိကန်လူမည်း ပစ်သတ်ခံရမှုတွင်လည်း အမေရိကန်ပြည်တွင် လူတန်းစားမညီမျှမှု၊ ဆင်းရဲမွဲတေမှု ရှိနေဆဲဖြစ်ခြင်း၊ လက်နက်အားကိုး အကြမ်းဖက်မှုများသည် အာဏာပိုင်လုံခြုံရေးတပ်ဖွဲ့နှင့် လက်နက်ကိုင်ခွင့်ရ ပြည်သူများကြားတွင် ဖြစ်ပွားနေဆဲဖြစ်နေသည်ကို မီးမောင်းထိုးပြကြရန် လိုသည်ဟု သုံးသပ်ကြလေသည်။ လူတကိုယ် ဆန္ဒမဲတမဲ ရှိသည့် အမေရိကန်ပြည်တွင် မဲပေးရန် စိတ်ကုန်နေသော ဆင်းရဲသားလူမည်း လူတန်းစား၏ နိုင်ငံရေးအပေါ် ခါးသီးနေမှုမှသည် အကြမ်းဖက် တုန့်ပြန်မှုများဖြင့် ထွက်ပေါက်ရှာနေကြသည်အထိ စဉ်းစားခန်း ချဲ့ကြရန် လိုအပ်နေပေသည်။

  မြန်မာပြည်တွင်လည်း ၄၃၆ လက်မှတ်ထိုးလှုပ်ရှားမှု ညာသံပေးသတင်းလှိုင်းလှုံးကြီးနှင့်အတူ စီးမျောနေသော ပရိသတ်နှင့် ဆိုရှယ်မီဒီယာသည် လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြစ်သော အနာဂတ်မြန်မာနိုင်ငံတော်အတွက် သင့်တော်သောရွေးကောက်ပွဲတခု အကောင်အထည်ဖော်ရေး မဲခွဲဆုံးဖြတ် အဆိုနိုင်သွားသည့်အခါ မည်သို့မျှ ခံစားချက်ထူးထူးခြားခြားမပြနိုင်ဘဲ တိုးလို့တန်းလန်းကျန်ရစ်ခဲ့ကြသည်မှာ စိတ်ဝင်စားစရာကောင်းလေသည်။ ၄၃၆ ပြင်ဆင်ရေးအိပ်မက်ကို လွှတ်တော်တွင်းဆက်မက်ကြရေး အရှိန်သတ်ကြမည်လား၊ ပရိသတ်အရှိန်နှင့်အတူ  ဆက်ပြီး လိမ့်နေကြဦးမည်လားကို မီဒီယာသမား ကာယကံရှင်တို့ ကိုယ်တိုင် မေးခွန်းထုတ်ကြည့်ပါ၏လောဟု တွေးနေမိသည်။

အလားတူပင် မြန်မာပြည်တွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စုကျောထောက်နောက်ခံရ အစိုးရတို့အကြား ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးကြရေး သတင်းများ ကျယ်ကျယ်လောင်လောင် ထုတ်ဖော် ရေးသားနေကြသည်တော့လည်း ပရိသတ်နှင့် ဆိုရှယ်မီဒီယာတို့ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေးကို အသံကုန်ဟစ်ကြပြန်သည်။ တိုင်းရင်းသားလူမျိုးကိုယ်စားပြု၊ နယ်မြေအပိုင်းအခြားကိုယ်စားပြု လက်နက်ကိုင်တိုင်းရင်းသားတို့၏ အပစ်အခတ်ရပ်စဲရေးသည် မည်သို့သောနိုင်ငံရေးဆွေးနွေးပွဲဆီသို့ ဦးတည်နေသနည်း။ မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အတိုက်အခံများ၊ လူတန်းစားအသီးသီးနှင့် ဒေသခံများက မည်သို့သော နိုင်ငံရေးအဖြေကို စစ်အုပ်စုထံမှ ရယူလိုသနည်း။ စစ်အုပ်စုအဆက်ဆက် တီထွင်ဖန်တီးထားသော ပြည်သူစစ်များ၊ နယ်ခြားစောင့် အုပ်စုအဖွဲ့အစည်းများကကော ပြည်ထောင်စုတ၀ှမ်းလုံး အတိုင်းအတာနှင့် သက်ရောက်မည့် ဒီမိုကရေစီရေး ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးတို့ကို ဘယ်လိုမျိုး သဘောထားသနည်း။ စစ်အုပ်စုလက်ထဲတွင်လုံးဝရှိနေသော ဥပဒေ၊ အာဏာ၊ အုပ်ချုပ်မှု၊ လက်နက်နှင့် စီးပွားရေးအရင်းအမြစ်များကို တိုင်းရင်းသားပြည်သူအားလုံး ထောက်ခံကြည်ညိုသော ရွေးကောက်ပွဲ၊ အခြေခံဥပဒေနှင့် အစိုးရတရပ်ဆီသို့ မည်သို့မည်ပုံ ကူးပြောင်းရောက်ရှိကြမည်နည်း။ ထိုမေးခွန်းကို ထုတ်မိသူသည် ငြိမ်းချမ်းရေးမလိုချင်သူအဖြစ် ပရိသတ်၏ တုန့်ပြန်မှာကို အစိုးရိမ်လွန်နေမိသလားဟု တွေးနေမိပြန်သည်။

လက်ရှိတွင် နိုင်ငံတကာနည်းတူ မြန်မာပြည်တွင်လည်း စာဖတ်ပရိသတ်နှင့် ဆိုရှယ်မီဒီယာတို့၏ သတင်းသံယောင်လိုက်ခြင်း၊ နောက်ဆက်တွဲ ရိုက်ခတ်ခြင်းလှိုင်းများအောက်တွင် နိုင်ငံ၏ အနာဂတ်သည် အလူးအလဲ ကူးခတ်ရုန်းကန်နေရသည်ဖြစ်ရာ အနှောက်အယှက် ပယောဂ ကင်းကင်းဖြင့် ပကတိဖြစ်တည်မှုနှင့် အလားအလာကို စဉ်းစားခန်းဝင်ကြရန်အတွက်ကား ကျနော်တို့အားလုံး အချိန်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် နှလုံး၏ ဆင်းရဲခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ဆိုချင်ပါသည်။

နောက်ဆုံးပေးချင်သော ဥပမာမှာ ဆိုရှယ်မီဒီယာနှင့် ပရိသတ်ကြားထဲ ခေတ်စားနေသော ice bucket challenge ရေခဲရေ ခေါင်းပေါ်လောင်းသည့် စိန်ခေါ်ကစားနည်းဖြစ်သည်။ ALS ဆိုသည့် ရောဂါပပျောက်ရေး လှုပ်ရှားမှုကို ထောက်ခံပါကြောင်း နာမည်ကျော်များက ခေါင်းပေါ်ရေခဲရေလောင်း“ပြ”ကြသော ရောဂါခေတ်စားလာသောအခါ အိုဘားမားသည် ထိုစိန်ခေါ်မှုကို လက်မခံသည့်အတွက် အများ၏ ကဲ့ရဲ့ပြစ်တင်စရာဖြစ်ရရှာတော့သည်။ အကယ်၍များ ဦးသိန်းစိန်က ခေါင်းပေါ်ရေခဲရေလောင်းပြမိသည်ရှိသော် ပရိသတ်တို့သည် ၎င်းအား သူမတူသော သူတော်ကောင်းကြီးအဖြစ် တခဲနက်တည်း ထောက်ခံကုန်ကြမည့်လှိုင်းကို စီးရပေလိမ့်မည်။
သတင်းများကို သက်ရောက်မှုတစုံတခုအရ အရောင်ဆိုးရေးသားပြီး ပရိသတ်နှင့် ဆိုရှယ်မီဒီယာ၏ လှိုင်းကို စီးမျောနေခြင်းက တကယ့်သမိုင်းဖြစ်ရပ်မှန်ကို ပကတိအတိုင်း ရှုမြင်သုံးသပ်ခွင့်ကမ်းခြေကနေ ဝေးကွာသွားစေမည်ကို သတိပြုမိစေချင်ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts