စာအုပ်စင်

ဇာဝါရီ – ရွှေကျော်ဦးရဲ့  ည

ဇာဝါရီ – ရွှေကျော်ဦးရဲ့  ည

မိုးမခ စာအုပ်စင်။  သြဂုတ် ၂၄၊ ၂၀၁၄

စာအုပ်စာပေ အလွန်ပေါများလှတဲ့ အမေရိကန်ပြည်ထောင်စုကိုရောက်တော့ ပထမဦးဆုံး လုပ်ချင်လုပ်ဖြစ်တဲ့အရာက ငယ်ငယ်တုန်းက ဖတ်ခဲ့ကြားခဲ့ဖူးတဲ့ မြန်မာဘာသာပြန် အင်္ဂလိပ်စာအုပ်တွေကို မြည်းစမ်းကြည့်ဖို့ နဲ့ တခြားကမ္ဘာ့ကျော် စာရေးဆရာကြီးတွေရဲ့  စာအုပ်တွေကို ဖတ်နိုင်အောင် ကြိုးစားဖို့ဖြစ်တယ်။ တက္ကသိုလ်တက်ဖြစ်တော့ စာအုပ်ပေါင်း သန်းပေါင်းများစွာရှိတဲ့ တက္ကသိုလ်စာကြည်တိုက်မှာ အဲဒီစာအုပ်တွေကို ရှာဖွေဖတ်ဖြစ်ခဲ့တယ်။ ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်များစွာထဲက အကြိုက်ဆုံး စာအုပ်တစ်အုပ်က နာဇီစစ်အကျဉ်းစခန်းများမှ သက်ရှင်လွတ်မြောက်လာခဲ့တဲ့ ဂျူးလူမျိုး  အယ်လီ ဝီဆယ် (Elie Wiesel, ၁၉၈၆ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်) ရေးသားတဲ့ Night (ည) ဆိုတဲ့ စာအုပ်လေးဖြစ်တယ်။ အစောပိုင်းမှာ ရီဒစ်ခ်ျ (Yiddish) ဟီဘရူး (Hebrew) ဂျူးဘာသာစကားနဲ့ စာမျက်နှာ ၈၆၅ ကျော် ရေးခြစ်ထားတဲ့ သူ့မှတ်စုကို စာပေနိုဘ်လ်ဆုရ ပြင်သစ်စာရေးဆရာ ဖရန်ဆွာ မောရီယက် (François Mauriac) ရဲ့  အားပေးတိုက်တွန်းမှုကြောင့် ၁၉၅၈ ခုနှစ်မှာ အများသူငါ ဖတ်နိုင်အောင် အကျဉ်းချုပ်ပြီး ပြင်သစ်ဘာသာ (La Nuit, စာမျက်နှာ ၁၇၈) နဲ့ ၁၉၆၀ မှာ အင်္ဂလိပ်ဘာသာ (Night, စာမျက်နှာ ၁၁၆) နဲ့ ထုတ်ဝေခဲ့တယ်။ ယနေ့အထိ စာအုပ်ရေ (၁၀) သန်းကျော် ရောင်းရပြီး၊ ဘာသာစကားပေါင်း (၃၀) ကျော် ဘာသာပြန်ဆို ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။

ဒီစာအုပ်ရဲ့  ဇာတ်လမ်းနောက်ခံက စာရေးသူ အယ်လီ ဝီဆယ် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ နာဇီစစ်အကျဉ်းစခန်းရဲ့  ဆိုးဝါးလှတဲ့ အနိဋ္ဌာရုံများ၊ နာဇီစစ်ဘီလူးတွေရဲ့  လူမဆန်တဲ့ ကြမ်းတမ်းရက်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေကို တီဗီဖန်သားပြင်ပေါ်မှာ ကြည့်နေရသလို ကွင်းကွင်းကွက်ကွက် ပေါ်လွှင်အောင် ရေးသားဖော်ပြထားတဲ့ အလွန်ဖတ်ကောင်း၊ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ကြိုက်လွန်လို့ နှစ်ကြိမ်သုံးကြိမ် ပြန်ဖတ်ဖြစ်ပြီး၊ သူရေးခဲ့တဲ့ Dawn (အရုဏ်ဦး)၊ The Accident (တိုက်ဆိုင်မှု) စာအုပ်တွေကိုပါ ဝယ်ဖတ်ဖြစ်ခဲ့တယ်။ ဒီစာအုပ်တွေကလည်း အလွန်ဖတ်ကောင်းတဲ့ စာအုပ်တွေဖြစ်တယ်။

စာရေးသူ အယ်လီ ဝီဆယ် တစ်ယောက် အာဏာရှင်များရဲ့ သခင် နာဇီဖက်စစ်ခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ (Adolf Hitler) ရဲ့  စစ်အကျဉ်းစခန်း အော့စဝစ်(ဇ်) (Auschwitz) နဲ့ ဘူချန်ဝေါ(ဒ်) (Buchenwald) တို့မှ ၁၉၄၅ ခုနှစ် အမေရိကန်နဲ့ မဟာမိတ်တပ်များ ကယ်ဆယ်မှုကြောင့် သက်ရှင်လွတ်မြောက်ခဲ့တယ်။ ဒါပေမဲ့ စစ်အကျဉ်းစခန်းအတွင်း သူ့မျက်စိအောက် နာဇီအစောင့်ရဲ့  ရိုက်နှက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့တဲ့ သူ့ဖခင်၊ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ဘာမှ မစွမ်းဆောင်နိုင်ခဲ့တာကို အပြစ်တစ်ခုလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရပြီး (၁၀) နှစ်ကျော်ကြာ ရေငုံနှုတ်စိတ်နေခဲ့တယ်။ နောက်မှ မိတ်ဆွေတွေရဲ့  တိုက်တွန်းအားပေးမှုကြောင့် ဖက်စစ်နာဇီ လက်ချက်နဲ့ သက်ပျောက်သွားကြတဲ့ သူ့မိသားစု နဲ့ ခြောက်သန်းနီးပါးသော ဂျူးလူမျိုးများရဲ့  နောက်ဆုံးနေ့ရက်များအကြောင်း၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှတဲ့ နာဇီဖက်စစ်စနစ်ကို ကမ္ဘာသိအောင် ဒီ ‘ည’ စာအုပ်နဲ့ ပြောပြခဲ့တယ်။

အစောပိုင်းမှာ သူရေးထားတဲ့ စာမူကိုဖတ်ကြည့်ပြီး စိတ်ချမ်းမြေ့စရာ တကွက်မှမရှိတဲ့ ဇာတ်လမ်းမျိုးဆိုပြီး ထုတ်ဝေလိုတဲ့ ပုံနှိပ်တိုက် မရှိခဲ့ဘူး။ နောက် ထုတ်ဝေမယ်ဆိုတော့လည်း ဒီလို နာကြည်း ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းမျိုးကို ဖတ်ချင်တဲ့လူရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ကြတယ်။ နောက်မှ နာဇီလက်ချက်ကြောင့် အမှောင်လွှမ်းခဲ့တဲ့ ဥရောပနိုင်ငံတွေအကြောင်း၊ သက်ပျောက်ခဲ့ကြတဲ့ ဂျူးလူမျိုးတွေရဲ့  ရုန်းကန်ရှင်သန်မှုကို ကမ္ဘာ့လူသားတွေ တဖြည်းဖြည်း စိတ်ဝင်စားလာကြတယ်။ သိသင့်သိထိုက်၊ နားလည်းသင်ခန်းစာ ယူသင့်တဲ့ သမိုင်းဖြစ်ရပ်မှန် ဖော်ပြထားတဲ့ စာအုပ်ဖြစ်တာကြောင့် ဥရောပအနောက်နိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စုတို့ရှိ အထက်တန်းကျောင်း နဲ့ ကောလိပ်များမှာ ဖတ်ရတဲ့ စာအုပ်တစ်အုပ်အဖြစ် ပြဌာန်းခဲ့တယ်။

အထက်မှာ ပြောခဲ့သလို အင်္ဂလိပ် စာအုပ်တော်တော်များများကို ဖတ်ဖြစ်ခဲ့ပြီး၊ ဒီစာအုပ်ကိုတော့ ကြိုက်လွန်လို့ နှစ်ကြိမ်သုံးကြိမ် ပြန်ဖတ်ဖြစ်တယ်။ ပြီးတော့ ကြုံရင်ကြုံသလို သူငယ်ချင်းတွေကို လက်ဆောင်အဖြစ် ပေးခဲ့သလို၊ တချို့ ကိုလည်း ဖတ်ကြည့်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်။ တချို့ မိတ်ဆွေတွေက မြန်မာလို ဘာသာပြန်ဖို့ပြောတော့ ဘာသာပြန်နိုင်လောက်အောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစကား မကျွမ်းကျင်၊ မကြွယ်ဝတာကြောင့် မြန်မာနိုင်ငံက ဘာသာပြန်ကျွမ်းကျင်တဲ့ ဆရာကြီးတွေ ပြန်နိုင်ရင်ကောင်းမယ်လို့ မျှော်လင့်ခဲ့တယ်*။

ဘာသာပြန်အလွန်ကောင်းတဲ့ ဆရာဦးဝင်းတင် ထောင်ကထွက်လာတော့ လူကြုံနဲ့ သူဖတ်ဖို့ စာအုပ်ပို့ပေးခဲ့ပေမဲ့ အလုပ်အတော်ရှုပ်နေတဲ့ ဆရာကြီးကို ဘာသာပြန်ဆိုဖို့တော့ အကြံမပြုခဲ့။

ဒီလိုနဲ့ တနေ့ ခင်မင်ရတဲ့ ညီမငယ်တစ်ယောက်ကို ဖတ်ကြည့်ဖို့ လက်ဆောင်ပေးလိုက်မိတယ်။ ပြောနေကြအတိုင်း ဖတ်ကြည့် အလွန်ကောင်းတဲ့စာအုပ်ပေါ့။ သူ ဖတ်မဖတ်မသိ၊ မေ့မေ့ပျောက်ပျောက်နဲ့ မမေးမိခဲ့။ တညနေ သူတို့အိမ် အလည်ရောက်သွားတော့ ညီမဖြစ်သူက လက်ဆောင်ပေးလိုက်တဲ့ စာအုပ်ကို သူ့ဖခင် အလွန်ကြိုက်ပြီး၊ လက်ကမချ ဖတ်ခဲ့တယ်။ အခု မြန်မာဘာသာပြန်ပြီးလို့  ထုတ်ဝေနေပြီဖြစ်ကြောင်း ပြောပြတော့ အတိုင်းထက်အလွန် ဝမ်းမြောက်မိတယ်။ မြန်မာနိုင်ငံမှာတုန်းက သူ့ဖခင် အင်္ဂလိပ်စာအုပ်စာပေများကို ဘာသာပြန်ထုတ်ဝေခဲ့ကြောင်းကို သိခဲ့ပေမယ့် ဒီစာအုပ်ကို ဘာသာပြန်ကြည့်ဖို့ မတိုက်တွန်းခဲ့မိ။ အခုတော့ မြန်မာစာဖတ်ပရိသတ်များ အလွန်ကံကောင်းတယ်။

ဆရာကြီးရွှေကျော်ဦးရဲ့  ကြိုးပမ်းအားထုတ်မှုကြောင့် အလွန်ဖတ်ကောင်းတဲ့ မြန်မာဘာသာပြန် စာအုပ်တစ်အုပ် တိုးလာခဲ့ပြီ။

ရန်ကုန်မြို့  ပညာရဲရင့်စာပေမှ ဒီနှစ် ၂၀၁၄ မတ်လပိုင်းမှာ ထုတ်ဝေခဲ့ပြီး၊ စာအုပ်တန်းဖိုး ၂၀၀၀ ကျပ်နဲ့ စာအုပ်ရေ ၁၀၀၀ ကို ပထမအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တယ်။ ဆရာကြီးက စာအုပ်တစ်အုပ် လက်ဆောင်ပေးလို့ ဖတ်ကြည့်တော့ ကမ္ဘာကျော် ကွိ (Queed) စာအုပ်ကို ဘာသာပြန်ဆိုပေးခဲ့သူ၊ ဆရာကြီးဦးဝင်းတင် အမှာစာ ရေးပေးထားတာကို တွေ့ရတယ်။ အဲဒီအမှာစာက ဆရာကြီးဦးဝင်းတင်ရဲ့  နောက်ဆုံးရေးခဲ့တဲ့ စာဖြစ်တယ်လို့ သိရတယ်။ ဟံသာဝတီ ဦးဝင်းတင်ရဲ့  တန်းဖိုးရှိ မှတ်သားလောက်တဲ့ အမှာစာ၊ ဘာသာပြန်သူရဲ့  မိတ်ဆက်အမှာစာအပြင်၊ မူရင်းစာအုပ်မှာ မပါရှိတဲ့ ဆရာကြီးအယ်လီ ဝီဆယ်ရဲ့  ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုပေးပွဲမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ မှတ်တမ်းဓါတ်ပုံများကိုပါ ရှာဖွေထည့်သွင်း ဖော်ပြထားတဲ့အတွက် စာဖတ်ပရိသတ်အပေါ် ထားရှိတဲ့ ဆရာကြီးရွှေကျော်ဦးရဲ့  စေတနာကို ပိုလေးစားမိတယ်။

နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ အဆင့်မြင့်အင်္ဂလိပ်စာ သင်တန်းကျောင်းဖွင့်လှစ် သင်ကြားခဲ့ပြီး၊ ကမ္ဘာ့စာပေများစွာကို ဘာသာပြန်ခဲ့သူဆိုတော့ ဆရာကြီးရဲ့  ဘာသာပြန်ချက်က အလွန်ကောင်း၊ ရှင်းလင်းတိကျ ဘာမှပြောစရာမရှိ။ ဘာသာပြန်သူရဲ့  ဖြည့်စွက်စကားတွေ၊ ကောက်နုတ်ချက်တွေ၊ ချန်ခဲ့တာတွေမရှိ၊ ထိထိမိမိ ပြန်ဆိုထားတဲ့ အကောင်းဆုံး ဘာသာပြန် စာအုပ်တအုပ်လို့ ပြောနိုင်တယ်။

ဆရာကြီးရွှေကျော်ဦး ကိုယ်တိုင်လည်း မြန်မာစစ်အစိုးရရဲ့  အကျဉ်းစခန်းထဲမှာ နှစ်ပေါင်းများစွာ အကျဉ်းစံနေခဲ့ရပြီး၊ အယ်လီ ဝီဆယ်လို စစ်အာဏာရှင် ဖက်စစ်စနစ် ကျဆုံးကွယ်ပျောက်ရေးကို ဘဝပေးဆပ် တိုက်ပွဲဝင်နေသူဖြစ်တယ်။ ဒါကြောင့် ဒီစာအုပ်က သူ့ဘဝနဲ့လည်း ဆက်နွှယ်နေတယ်။

ဒီစာအုပ်နဲ့ ပတ်သက်လို့ နောက်ဆုံးပြောချင်တာက အသက်အရွယ်ကြောင့် ကြာကြာမထိုင်နိုင်၊ မကျန်းမာတဲ့ကြားက အချိန်ပေးပြီး ဟာကွက်မရှိ စေတနာအပြည့်နဲ့ ဘာသာပြန်ပေးတဲ့ ဆရာကြီးရွှေကျော်ဦး ကို စာဖတ်ပရိသတ်များကိုယ်စား အထူးကျေးဇူးတင်ပါတယ်။

ကဲ …  စာကောင်းပေမွန်များ ဖတ်ချင်ကြတဲ့၊ စာပေချစ်မြတ်နိုးသူများအနေနဲ့ ပြင်သစ်၊ အင်္ဂလိပ်ဘာသာများနဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေကိုဖတ်ဖို့ အခွင့်မသာသေးခင်၊ အဆင်သင့် ခူးခပ်ပေးထားတဲ့ ဆရာကြီးရွှေကျော်ဦးရဲ့  ဘာသာပြန်စာအုပ်ကို အချိန်ပေး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆရာကြီးကိုလည်း တခြားတန်းဖိုးရှိ ဖတ်ကောင်းတဲ့ အင်္ဂလိပ်စာအုပ်စာပေများကို ဘာသာပြန်ဆိုပေးဖို့ အကြံပြုတောင်းဆိုထားပါတယ်။ ဆရာကြီး ကျန်းမာပြီး စာတွေအများကြီး ရေးသားပြုစုနိုင်ပါစေ။

* စာရေးဆရာတင်မောင်မြင့် က ၂၀၁၁ သြဂုတ်လမှာ မြန်မာဘာသာပြန် ထုတ်ဝေခဲ့တယ်ဆိုတာကို သိခဲ့ပေမဲ့ ဆရာတင်မောင်မြင့်ရဲ့  ဘာသာပြန်ကို မဖတ်ရသေးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts