ဝတ္ထုတို

မနှင်းဆီ – သူစိမ်းတွေပေါ့ …

မနှင်းဆီ – သူစိမ်းတွေပေါ့ …
မိုးမခ ၀တ္ထုတို၊ သြဂုတ် ၂၃၊ ၂၀၁၄

တွယ်တာ လှပေမဲ့

ကွယ်ရာကပဲ  ချစ်တော့မယ်

အစဉ် ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငါငိုရင် ကိုယ့်အပြစ်ပါပဲ စိတ်ညစ်တယ်ကွယ်…..

သံယောဇဉ်  ခွေကာရစ်ပေမဲ့

ပြန်ပြောရင် ဝေဒနာ  ဖြစ်ရုံမို့ 

ချစ်တတ်သူ  အမူလုပ်ပါလို့ 

အပူရုပ်ကို ဟန်ဆောင်တင်းစေမဲ့

ရင်တွင်းမှာ  မကြည်မွေ့ လေတော့

ဒီနေ့ လည်း စိတ်ညစ်တယ်…….။

သိပ်ချစ်တယ်လို့  မဆိုသာတော့

ပါးစပ်ကပြောမှာလား

နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

အကြည့်ဆုံ  ဝေဒနာနွေးတွေက

အကြင်နာခြေရာလေးတွေပဲ

ချစ်သည်းရယ် ဖာသာဖြေလို့ 

မာယာတွေဟန်ဆောင်ထိန်းကာ သူစိမ်းတွေပေါ့……..

******************************************

ဆရာမောင်စိန်ဝင်းရဲ့  သောကခြေရာ ကဗျာလေးကို တိတ်တဆိတ် ရွတ်ဆိုရင်း မောင့်ကို လွမ်းဆွတ်တမ်းတ သတိရမိပါတယ် မောင်ရယ်……..။ မောင်ရေ.. ရာသီစက်ဝန်းတစ်ပတ်လည်လို့ တစ်နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုကို ရောက်လာခဲ့ပြီနော်။

မောင်လည်း နှင်းဆီရဲ့ အနားက ထွက်သွားခဲ့တာ တစ်နှစ်တောင် ရှိခဲ့ပြီပေါ့။ အခုချိန်ထိ နှင်းဆီရဲ့  ရင်ထဲမှာ မောင်ရှိနေဆဲပဲဆိုတာကိုတော့ ဖာသာ သိလိုက်ရပါတယ် မောင်ရယ်…။

ဘယ်ဆီကိုရောက်လို့ .. ဘယ်လို အခြေအနေမျိုးမှာ လျှောက်လှမ်းနေမလဲဆိုတာ ရော်ရမ်းတမ်းတလို့  မောင်အစစအရာရာ အဆင်ပြေပါစေလို့ ပဲ နှင်းဆီ ဆုတောင်းနေရတော့မှာပေါ့နော်။ မောင့်ကို တမ်းတလိုက်တဲ့ အချိန်လေးမှာတောင်မှ မောင့်ရဲ့  သာယာချိုကြည်တဲ့ အပြောလေးတွေ၊ ကြည်လင်လန်းဆန်းတဲ့ အပြုံးလေးတွေကို မြင်ယောင်ကြားယောင်ရင်း ရင်ထဲမှာ နွေးထွေးသွားခဲ့ပါတယ် မောင်ရယ်…။

မထင်ခဲ့ပါဘူးမောင်ရယ်…။ ဒီလို ကြည်လင်သန့် ရှင်း၊ ပြုံးချိုသာယာတဲ့ ညီလက်ျာဆိုတဲ့ ယောက်ျား တစ်ယောက်မှာ ဒီလို ခပ်ဟောင်းဟောင်းအတွေးအခေါ်တွေ၊ ဒီလို သတ္တိကြောင်မှုတွေ ရှိနေလိမ့်မယ်လို့  နှင်းဆီ တစ်ခါဘူးမှ မထင်ခဲ့မိသလို၊ အဖြစ်မှန်မှ ဟုတ်ရဲ့ လားလို့  ထင်ယောင်ထင်မှားနဲ့  အိမ်မက်တွေများ ဖြစ်နေမလားလို့  ထင်မိနေတုန်းပဲ မောင်ရယ်……။

******************************************

မောင်နဲ့  နှင်းဆီတို့ ရဲ့  ဇာတ်လမ်းကတော့ သိပ်ပြီး ခပ်ဆန်းဆန်း မဟုတ်ပါဘူးလေ။ အွန်လိုင်းမှာ စပြီးခင်လာခဲ့ကြရင်းနဲ့  ချစ်သူတွေ ဖြစ်ခဲ့ကြတာ မဟုတ်လား။ နှင်းဆီကလည်း အွန်လိုင်း အမြဲသုံးပြီး အလုပ်လုပ်နေရတဲ့  သူဆိုတော့ လိုင်းပေါ်မှာ အမြဲရှိနေတာပေါ့။ တစ်ရက်တော့ ဂျီတော့ဖွင့်ထားရင်း ကောင်လေးတစ်ယောက်နဲ့  ခင်ခဲ့တယ်လေ။ မောင်ကတော့ ဂျီတော့ကနေ ခေါ်နေတာ သုံး၊ လေးကြိမ်လောက် ရှိပါပြီ။ နှင်းဆီက မအားတော့ ပြန်မပြောနိုင်ခဲ့ဘူးလေ။

တစ်ရက်တော့ နှင်းဆီလည်း အလုပ်လေးပါးတာနဲ့  ပြန်ပြောဖြစ်ခဲ့ရင်းနဲ့ ညီလက်ျာဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့  ခင်သွားခဲ့တာပေါ့။ နှင်းဆီက ရုံးကအပြန် အမြဲနောက်ကျနေကျဆိုတော့ ညနေတိုင်းလိုလိုမှာ ကောင်လေးက လိုင်းပေါ်တက်လို့  နှင်းဆီနဲ့  တဖြည်းဖြည်း ရင်းနှီးမှု ပိုလာခဲ့ကြရင်းနဲ့  အပြင်မှာတွေ့ ပြီး ပိုမို တွယ်တာလာခဲ့ကြတယ်လေ။

မောင် က အမြဲပဲ နှင်းဆီအပေါ်မှာ ဂရုတစိုက်နဲ့  စောင့်ရှောက်ခဲ့ပါတယ်။ တစ်ခါတစ်လေများဆို နှင်းဆီစိတ်ညစ်၊ စိတ်ရှုပ်ရတိုင်း မောင်က ရီစရာ ဟာသတွေ နှောလို့  နှင်းဆီရဲ့ ညစ်ညူးနေတဲ့  စိတ်တွေကိုလည်း ဖြေဖျောက်ပေးနိုင်ခဲ့တယ်လေ။ ဒီလို နဲ့  နှင်းဆီနဲ့  မောင်ကြားမှာ တွယ်တာမှန်းမသိ တွယ်တာလာခဲ့ ကြတာပေါ့။

အချိန်ကြာလာတာနဲ့ အမျှ နှင်းဆီ တဖြည်းဖြည်းသိလိုက်ရတာတော့ မောင်ဟာ အများတွေနဲ့ ဆိုရင် အနစ်နာခံ၊ စိတ်ကောင်းနှလုံးကောင်းရှိပြီး နှင်းဆီကိုဆိုရင်တော့ တစ်မျိုးနဲ့ မဟုတ် တစ်မျိုးနဲ့  စိတ်ညစ်အောင်လုပ်ရမှ နေပျော်တဲ့ သူ ဖြစ်မှန်းမသိ ဖြစ်နေတာကိုပဲလေ။

ဘယ်လောက်ပဲ မောင် နှင်းဆီကို စိတ်ညစ်အောင်လုပ်ပေမဲ့  နှင်းဆီမောင့်ကို စိတ်မနာနိုင်ခဲ့ဘူးနော်။ တစ်ခါတစ်လေများဆိုရင် မောင်ကိုယ်တိုင်ချိန်းဆိုပြီး မောင်ချိန်းတဲ့  အချိန်၊ မောင်ချိန်းတဲ့  နေရာကို နှင်းဆီရောက်နေပေမဲ့ မောင့်ဘက်ကတော့ ဖုန်းပိတ်လို့  အိပ်နေလေတဲ့  အခါမျိုးနဲ့ လည်း ကြုံရပေါင်း မနည်းခဲ့ပါဘူး။

တစ်ခါတစ်ရံ မောင့်ဆီဖုန်းဆက်လိုက်ရင် နှင်းဆီဖုန်းမှန်းသိရဲ့ နဲ့  ဖုန်းပိတ်ပစ်ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ နှင်းဆီက စိတ်ဆိုးလို့  မောင့်ကို ပြောပြန်ရင်လည်း ‘’မောင်အလုပ်နဲ့မအားလို့ ပါ’’ ဆိုတဲ့ အကြောင်းပြချက်၊ ‘’နှင်းဆီက မောင့်အပေါ်နားအလည်နိုင်ဆုံးမိန်းမပါ’’ ဆိုတဲ့ အပြောအဆိုတွေကြားထဲမှာ ယစ်မူးလို့  မောင်အရူးလုပ်သမျှ ကျေကျေနပ်နပ်ခံယူလို့  မောင့်ကို မမုန်းနိုင်ခဲ့ပြန်ပါဘူး။

တစ်နေ့ တော့ မောင် နှင်းဆီရဲ့ခံစားချက်တွေ၊ နားလည်မှုတွေကို စာနာနားလည်လာနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့  မောင့်ဆီက နားလည်မှုကိုလည်း တောင့်တခဲ့မိတဲ့  အကြိမ်လည်း မနည်းခဲ့ဘူးပေါ့နော်။

မောင့်အမြဲပြောနေကျ ‘’နှင်းဆီက မောင့်အပေါ်မှာ အရမ်းနားလည်ပေးတဲ့ ချစ်သူဖြစ်တဲ့အတွက် မောင့်အတွက် အရမ်းကံကောင်းသောချစ်ခြင်း လက်ဆောင်တစ်ခုပါ’’  တဲ့။ နှင်းဆီ ဘာပြောနိုင်ဦးမလဲ မောင်ရယ်…။

******************************************

တစ်နေ့ မှာ မောင်မျက်နှာမကောင်းတာနဲ့  ဘာများဖြစ်သလဲဆိုတော့  ‘’နှင်းဆီ မောင်နဲ့  ဝေးနိုင်လား’’ လို့ မေးလာခဲ့တယ်လေ။

‘’နှင်းဆီနဲ့  မောင်က ဘာအတွက်ဝေးကြရမှာလဲ’’ လို့ 

ပြန်မေးလိုက်တယ်ဆိုရင်ပဲ ‘’ မောင်က ဘာမှ မဟုတ်ပါဘူးကွာ၊ ဒီလိုပဲ မေးကြည့်တာပါ’’ လို့ 

မတင်မကျ ပြန်ဖြေရင်း အရင်လို နောက်နောက်ပြောင်ပြောင်နဲ့  နှင်းဆီကို စိတ်ပြောင်းအောင် လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းတွေမှာ မောင့်ရဲ့  အပြုအမူ၊ မောင့်ရဲ့  နှင်းဆီအပေါ်ဆက်ဆံပုံတွေဟာ ခြောက်သွေ့ လာတယ်လို့  ခံစားလာခဲ့ရတယ်။ သို့ သော် နှင်းဆီဘက်ကတော့ မောင့်မှာ အကြောင်းတစ်စုံတစ်ရာ ရှိလို့ ပဲနေမှာပါဆိုတဲ့ စိတ်နဲ့ အလိုက်တသိ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။

တစ်ရက်တော့ နှင်းဆီကို ‘’မောင်တို့  တိတ်တဆိတ် လက်မှတ်ထိုးပြီး လက်ထပ်ရအောင်၊ မောင်နှင်းဆီနဲ့  မခွဲနိုင်ဘူး’’ လို့  ပြောလာခဲ့တယ်။ ‘’မဟုတ်ရင် မောင်နဲ့  နှင်းဆီ ဝေးကြရလိမ့်မယ်’’ တဲ့။

‘’ဘာအတွက်လည်း မောင်ရယ်။ နှင်းဆီနဲ့  မောင်မှာ ဘာပြစ်ချက်တွေ ရှိလို့  ဒီလိုနည်းနဲ့  အိမ်ထောင်တစ်ခုကို တည်ထောင်ရမှာလဲ’’။

နှင်းဆီလျှောက်လှမ်းချင်တဲ့  အနာဂတ်မိသားစုလေးပုံစံလေးဟာ ဒီလို အဆင်မပြေမှုနဲ့ စပြီး တည်ထောင်ရမယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့  မရတဲ့ ကိစ္စတစ်ခုပါမောင်။

နှင်းဆီဟာ မိဘအုပ်ထိန်းမှု ကင်းကွာတဲ့၊ လျှပ်ပေါ်လော်လီတဲ့ နေထိုင်မှုနဲ့  ဘ၀ကို လျှောက်လှမ်းခဲ့တဲ့သူ မဟုတ်ပါဘူး။ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအရ နှင်းဆီတို့  မြန်မာမိန်းကလေးတွေရဲ့  လက်ထပ်ခြင်းဆိုတာ တစ်သက်မှာ တစ်မင်္ဂလာသာဖြစ်သလို၊ ကျက်သရေရှိရှိ လူကြီးမိဘ စုံလင်စွာနဲ့ ၊ ဂရ၀တရားရှေ့ ထားလို့တတ်နိုင်သလောက်လေးနဲ့ မင်္ဂလာပွဲကို ကျင်းပချင်ခဲ့တာပါ မောင်။

******************************************

မောင်လည်း မောင့်မိဘတွေကို သေချာရှင်းပြလို့ ၊ နှင်းဆီလည်း နှင်းဆီရဲ့ မိဘတွေကို နားလည်အောင်ရှင်းပြပြီး နှစ်ဦးနှစ်ဘက်သဘောတူအောင် ဆောင်ရွက်ကြမယ်လို့  ညှိနှိုင်းသော်လည်း မောင့်ဘက်က တုံတိဘာဝေနဲ့  ဘာမှ မပြောနိုင်ခဲ့ဘူးလေ။

မောင့်ကို အတင်းမရမက မေးတော့မှ ‘’တနင်္ဂနွေသားနဲ့  ဗုဒ္ဓဟူးသမီးမို့  မောင့်အိမ်က သဘောမတူဘူးတဲ့လား….မောင်ရယ်’’ … ‘’တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး အုန်းတောင် မနွေးဘူးတဲ့ ’’ ဒီလို အယူအဆတွေကို ရင်ဝယ်ပိုက်ပြီး ယုံကြည်နေတဲ့ မောင့်အမေနဲ့  အမေစကားဆိုရင် မြေ၀ယ်မကျနားထောင်တဲ့  မောင်.. နှင်းဆီဘာတွေဆက်ပြောရဦးမလဲ မောင်ရယ်…

တွေ့ နေကျ နေရာလေးမှာ ချိန်းလို့  မောင့်မိဘတွေကို နားဝင်အောင် ဖျောင်းဖျဖို့ ကို နှင်းဆီမောင်နဲ့  အတော်လေး ဆွေးနွေးလိုက်ပြီးနောက်မှာ မောင့်ဘက် က မတင်မကျနဲ့  ပြန်သွားခဲ့တယ်နော်။

နောက်နှစ်ရက်လောက်နေတော့ မောင့်ဆီက ဖုန်းခေါ်လို့  ပြောစရာရှိတယ်တဲ့..။ ဖုန်းနဲ့ ပဲ ပြောတော့မယ်တဲ့။

‘’ရပါတယ် မောင် ပြောပါ’’

လို့ ဆိုလိုက်တော့

‘’နှင်းဆီ နဲ့  မောင် လမ်းခွဲရအောင်’’ တဲ့

ဘာကြောင့်လဲမောင်ရယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်တော့လို့ ပါတဲ့။

မောင်လည်း နှင်းဆီနဲ့ လက်ထပ်ဖို့ ကို သတ္တိမရှိပါဘူး’’ လို့ ဆိုပြန်တယ်။

‘’လက်ထပ်ပြီးမှ မောင် ဒါမှမဟုတ် နှင်းဆီ တစ်ယောက်ယောက်က တစ်ခုခုဖြစ်သွားရင် မောင်လည်း ခံစားနိုင်မှာမဟုတ်ဘူး’’ လို့ ပြောလိုက်တဲ့ အချိန်မှာ… နှင်းဆီ ကိုယ့်နားကိုယ် မယုံနိုင်ခဲ့ဘူးမောင်ရယ်။

မောင့်ဆီက ဒီလို စကားမျိုးကြားရလိမ့်မယ်လို့  ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလေ။ ကောင်းပါပြီမောင်။ မောင့်စိတ်တိုင်းကျ နှင်းဆီ မောင် နဲ့  လမ်းခွဲပေးပါ့မယ်။ ဒါပေမဲ့ ညီလက်ျာဆိုတဲ့ ယောက်ျားတစ်ယောက်ဆီမှာ ဒီလို ခပ်ဟောင်းဟောင်း အတွေးအခေါ်တွေနဲ့ ၊ သတ္တိကြောင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ တော့ နှင်းဆီ မမျှော်လင့်ခဲ့တာ အမှန်ပါ။

ခုတော့လည်း သူစိမ်းတွေလိုပေါ့မောင်ရယ်………..။

မောင်လည်း မောင့်မိဘ အထူးသဖြင့် မောင့်အမေ သဘောတူတဲ့၊ မောင်နဲ့  နေ့  နံသင့်တင့်တဲ့ မိန်းကလေးနဲ့  လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတစ်ခုကိုတော့ နှင်းဆီတို့  အကြောင်းကို သိနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီက ပြန်ကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် နှင်းဆီဘက်ကတော့ မောင့်ကို တွယ်တာလှပေမဲ့ ကွယ်ရာကပဲ ချစ်နေပါရစေတော့ မောင်ရယ်..။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ သောကခြေရာ ကဗျာလေးအားအသုံးပြု ရေးဖွဲ့ ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts